တရက်မှာတော့ လင်ယောကျ်ား အရောင်းဆိုင် တဆိုင် နယူးယောက် မြို့ပေါ်မှာ ဖွင့်လှစ်လိုက် ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီဆိုင်မှာ ကိုယ့်စိတ်ကြိုက် ယောကျ်ားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။
စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်အထွက်မှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ သတိပေးစာ ရေးထားတာက "သင် တကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။
စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ် မြင့်သွားလေလေ ရောင်းကုန် ယောကျ်ားလေးတွေရဲ့ အရည်အသွေးက မြင့် လေလေပေါ့။
ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တထပ်က ယောကျ်ား တယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေး ရင်တော့ နောက်တထပ် တက်ပြီး လေ့လာ နိုင်တာပေါ့။
ဒါပေမယ့် သတိထားရမှာက အထပ် တထပ် တက်ပြီးသွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောကျ်ားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီစတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်း တွေပေါ့။
အမျိုးသမီးတယောက် ဆိုင်ထဲ ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း လင်ယောကျ်ားတယောက် ဝယ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပထမထပ်ရဲ့ အဝင် တံခါးမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့် လိုက်တယ်။
(၁) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ။ ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က (၂) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင်၊ ကလေးလည်း ချစ်တတ်သော အမျိုးသားများ။
တတိယထပ်ရဲ့ ဆိုင်းဘုတ်က (၃) လွှာ အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှင်းသည့် အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် သန့်ပြန့်သော အမျိုးသား များ။
ဆိုင်းဘုတ် ဖတ်ပြီး အမျိုးသမီးမှာ "ဝိုး" ဆိုတဲ့ အာမေဋိတ် သံ ထွက်လာပေမယ့် နောက်တထပ် ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
(၄) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင်၊ ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံ မက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူ လုပ်ပေးတတ်သော အမျိုးသားများ။ "ဟိုက်ရှားပါး ကြွေစမ်း။ ငါ့ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ် နေမိတယ်။
(၅) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင်၊ ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံ မက အိမ်မှုကိစ္စများ ကိုပါ ဝိုင်းကူ လုပ်ပေးတတ်ပြီး သင်လိုအပ် သမျှခံစားမှုကို သင့်ကို အပြည့်အဝ ပေးစွမ်းနိုင်သော အမျိုးသားများ။
ဒီထက်ကောင်းတယ် ဆိုတာတောင် ဒီလောက် ကောင်းတော့မယ် မထင်။ သူ့ရဲ အာရုံတွေက ဒီအလွှာမှာပဲ တဝဲလည်လည် ဖြစ်နေ တော့တယ်။
ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေ တော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှု ပိုကောင်းနိုင် သေးတာပေါ့။ ဒီလိုနဲ့ ဆဋ္ဌမထပ်ကို ဆက်တက်ဖို့ ဆုံးဖြတ်ချက် ချပြီး တက်လိုက် ပါတော့တယ်။
ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ် ကတော့ (၆) လွှာ - သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄၃၅၆၁၂) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘယ်အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲ နိုင်တဲ့ အမျိုးသမီးတွေ အတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။
လင်ယောကျ်ား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ် ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူး သတိပြုပေးပါ။ နိုင်းနိုင်းစနေ
0 Comments