မတန်လို့ လွှတ်ထားလိုက်ပါ

တခါတုန်းက သူတောင်းစားမတဦးဟာ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတက်တယ်။ ဒါကြောင့် သူ့ယောက်ျား သူတောင်းစားကို ပူဆာတယ်။

"မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်း တက်တယ်။ ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ် မောင်တော် ရအောင် ယူပေးပါ"

"ဪ နှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာ ဆိုတော်သေး။ ဒို့က သူတောင်းစား ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လို ယူလို့ရမလဲ"

"မောင်တော် နှမတော်ကို ချစ်ရင် ယူပေးရမယ်။ မဟုတ်လို့ ကတော့ နှမတော်ဒေါသကို သိတယ်နော်"

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်။ နန်းတော်ထဲ ဝင်ခိုးလို့ မလွယ်ဘူး။ မိရင် ငါသေမှာ။ အဲ့ဒီတော့ ရဟန်းအသွင် ဆောင်ပြီး ဆွမ်းခံကြွရင် အဆင်ပြေမယ်။ ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ။ သူတောင်းစား ဆိုတော့ ဟန်ဆောင် ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣန္ဒြေ အပြည့်နဲ့ ရပ်နေတာ ဘုရင်က တွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့။ ဘုရင်က "ငါ ဒီရဟန်းအတုကို မောင်းထုတ် လိုက်ရင် ဒီဘုရင် ရဟန်းကို မရိုမသေ လုပ်တယ် ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ ရှုတ်ချကြမယ်"

ဒီတော့ ဘုရင်က အမတ်ကို ပြောတယ် "ဒီရဟန်း ထူးခြားတယ် ခေါင်းကလည်း ခုမှ ရိပ်ထားသကဲ့သို့ စိမ်းလို့ ဣန္ဒြေ အပြည့်နဲ့။ ဒါနဲ့ အမတ်တယောက်ကို လွှတ်ပြီး ဘာအလိုရှိလဲ လျှောက်လိုက်စမ်း" ဆိုပြီး ခိုင်းတယ်။

အမတ်က ရဟန်းတုကို မေးပြီး ပြန်လာ ဘုရင်ကို ပြန်လျှောက်တင်တယ်။ ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ် ဘုရားပေါ့။ ဘုရင်က "ဒါဆို ယူပြီး ကပ်လိုက်စမ်း"

ပြီးတော့ ဘုရင်က အမတ်ကို ပြောတယ်။ "ဒီရဟန်း ထူးခြားတယ်၊ အနောက် ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲ သိရအောင်ပေါ့"

အဲဒါနဲ့အမတ်က အနောက်ကနေလိုက်၊ မြို့ပြင်ဇရပ်နား ရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်က လူဝတ်ကိုလည်း မြင်ကော "ဒီကောင် သူတောင်းစားပဲ" ဆိုတာ သိလိုက်တယ်။

အမတ်ကလည်း ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်။ ငါ ဘုရင့်ကို အမှန်အတိုင်း ပြန်လျှောက်ရင် ဘုရင်က ဒီသူတောင်းစားကို သတ်လိမ့်မယ်။ ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ "မတန်ပါဘူး" လို့ စဉ်းစားပြီး နန်းတော်ကိုပြန်တယ်။

နန်းတော် ပြန်ရောက်တော့ ဘုရင်က မေးတယ်။ "ဟိုရဟန်း အခြေနေ ဘာထူးလဲ အမတ်" လို့ မေးတော့ အမတ်က

"မှန်လှပါ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ် တနေရာမှာ ကြည့်ရင်း ကြည့်ရင်းနဲ့ ရဟန်းအသွင် ပျောက်သွားပါတယ် ဘုရား" လို့ လျှောက်တင်တော့ အရေးတယူ လုပ်ရမည့် ကိစ္စ မဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။

မတန်လို့ ဒီအတိုင်း လွှတ်ထားတာကို မသိဘူး လို့တော့ မထင်ပါနဲ့တဲ့။ တချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်။ Crd

Post a Comment

0 Comments