တခါက လူတယောက်သည် တောအုပ်ထဲကို ဖြတ်ပြီး ခရီးထွက် လာခဲ့သည်။ သူသည် ရေဆာလာသဖြင့် သောက်ရေကို လိုက်ရှာသည်။ ရှာရင်းဖြင့် တောနက်ထဲကို ရောက်လာသည်။
ရေကို အာသာ ပြင်းပြ နေသောကြောင့် သူသည် မည်သည့် ဘေးကိုမျှလည်း မကြောက်တော့။
"ရေ ရေ ရေ"
သူက ရေကို တမ်းတကာ လျှောက်လာသည်။ ခြေလှမ်းတွေ ယိုင်နဲ့ကာ လဲကျလုနီးပါး ဖြစ်နေချိန်တွင် တောအုပ်ထဲ၌ ရေအိုင်တအိုင်ကို တွေ့လိုက်သဖြင့် သူပျော်သွားသည်။ တောအုပ်ထဲရှိ ရေအိုင်ကြီးထဲမှ ရေတို့သည် ကြည်လင်ပြီး စိမ်းနေသည်။
သူက ရေကို အငမ်းမရ သောက်သည်။ ထို့နောက် မျက်နှာကို ရေဖြင့် လန်းဆန်းစေရန် ဖြန်းပက်လိုက်ပြီး "ကောင်းပေစွ။ ခုမှပဲ ရေငတ်ပြေသွားတော့တယ် ကောင်းပေစွ" ဟု ထိုင်ပြောကာ ပီတိဖြစ်နေသည်။
သူက နောက်တကြိမ် ရေကိုသောက်ရန် အောက်ကို ငုံ့လိုက်သည်။ "အလို ရေထဲမှာ ဘာပါလိမ့်" သူက သေချစွာ စိုက်ကြည့်နေသည်။ ရေအောက်တွင် ရွှေတုံးတတုံးကို သူတွေ့လိုက်ရသည်။ သူက ပျော်သွားသည်။ ထို့ကြောင့် ရွှေတုံးကို လက်ဖြင့် ဆယ်ယူ ကြည့်သည်။ ရွှေတုံးက သူ့လက်နှင့်မထိ။ "ဟာ ရေက အနက်ကြီးပဲ"
သူက လက်ရင်း မြုပ်သည်အထိ ရေထဲကို နှစ်ပြီး ရွှေတုံးတွေကို စမ်းသေးသည်။ သို့သော် မမီ။ "ဟာ ရေက အနက်ကြီးပဲ" သူက ပြန်ထ လိုက်သည်။ သူအမျိုးမျိုး ကြံစည် ကြည့်သည်။ သို့သော် မဖြစ်နိုင်မှန်း သိသည်နှင့် လက်လျှော့ကာ သူ့ခရီးကို ဆက်လာခဲ့ သည်။
သူက လမ်းတွင် လူတယောက်နှင့် တွေ့သည်။
"အဆွေ ဘယ်ကို သွားမည်နည်း"
"ရေငတ်သဖြင့် ရေလိုက်ရှာ ပါသည်။ သင့်လက်တခုလုံး စိုရွှဲနေသည်။ ရေကန်ကို တွေ့ခဲ့ပါသလော"
"တွေ့ခဲ့ပါသည်"
"မည်သည့် နေရာတွင် ရှိသနည်း"
"ရှေ့ကို ခြေလှမ်း ၁၀၀ ခန့် သွားလိုက်လျှင် ရောက်ပါလိမ့်မည်"
"ကျေးဇူးတင်ပါတယ်မိတ်ဆွေ"
"သင့်ကို တခု ပြောချင်သည်"
"အဘယ်နည်း အဆွေ"
"ရေကန်က အတော်လေး နက်သည်။ သင်သည် ရေကို သောက်ရုံသာ သောက်ပါ။ အောက်ကို ငုံ့မကြည့်ပါနှင့်။ သင်ငုံ့ကြည့်လိုက်လျှင် မူးမိုက် သွားနိုင်သည်"
အမှန်တော့ ပထမခရီးသည်ဟာ ကိုယ်တိုင် မရယူနိုင်သည့် ရွှေတုံးကို သူများ ရယူသွားမည် စိုးရိမ်သောကြောင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ရေငတ်နေသည့် ခရီးသည်သည် ဝမ်းသာအားရ ရေရှိမည့် နေရာကို အပြေးလေး သွားသည်။
ပထမ ခရီးသည်က "အလို ရွှေတုံးကို သူများ ရသွားလေမလား" ဟု စိတ်ထဲတွင် စိုးရိမ်စိတ်တွေ ဝင်လာသည်။ စိုးရိမ်စိတ်က မနာလိုစိတ်ကို ဖြစ်စေသည်။ မနာလိုစိတ် ကပင် ထိုသူနောက်ကို လိုက်ကြည့်လိုစိတ် ပေါ်လာသည်။
ထို့ကြောင့် နောက်က တိတ်တိတ်လေး လိုက်ကြည့်သည်။ ဒုတိယ ခရီးသည်သည် ရေအိုင်ကို ရောက်လာသည်။ သူက အိုင်ထဲကရေကို လက်ခုပ်ဖြင့် ခပ်သောက်သည်။ လူ့စိတ်ဆိုသည်က ခက်သည်။ မကြည့်နှင့် ဆိုလျှင် ကြည့်ချင်သည်။ မကိုင်နှင့် ဆိုလျှင် ကိုင်ချင်သည်။ ထို့ကြောင့် အောက်ကို ငုံ့ကြည့်သည်။ "အလို ရွှေတုံးကြီးပါလား"
သူက ရေအောက်ကို လက်နှိုက်ပြီး ရွှေတုံးကို ယူလိုက်သည်။ ရွှေတုံးက သူ့လက်ထဲတွင် ပါလာသည်။ ထိုအချိန်တွင်မှ သစ်ပင်နောက်တွင် ပုန်းကွယ်ကာ ကြည့်နေသော သူက ထွက်လာပြီး
"အဆွေတော် ငါလည်း သင့်လို ရေထဲက ရွှေတုံးကို ဆယ်ပါသည်။ သို့သော် ဆယ်၍ မရ။ သင်ကျမှ ရေထဲက ရွှေတုံးကို အဘယ်ကြောင့် အလွယ်တကူ ဆယ်ယူ၍ ရသနည်း"
ထိုအခါ ဒုတိယခရီးသည်က သူ့ကို သေချာစွာ ကြည့်လိုက်သည်။
"အဆွေတော် သင်နှင့် ကျွန်ုပ် မတူသည်ကို သင်မသိပြီလော"
"သင်လည်းလူ ကျွန်ုပ်လည်းလူ ဘာကွာသနည်း"
"သင်အမှန်တကယ် မသိ၍ မေးသလော"
"သင်အဘယ်ကြောင့် ရေထဲက ရွှေတုံးကို အလွယ် ယူနိုင်သည်ကို ငါ့အားပြောလော့"
ထိုအခါ ဒုတိယ ခရီးသည်က "အဆွေတော် အားနာနာနှင့်ပင် ပြောရပေတော့မည်။ သင့်အရပ်ကို သင့်ကြည့်လော့။ သင့်လက်တံတွေကို သင်ကြည့်လော့။ သင့်အရပ်ကား ပုတို၏။ သင်လက်တံတွေ ကလည်း ပုတို၏။ ထို့ကြောင့် သင့်လက်နှင့် မမီသည်နှင့် သင်က ရေသည် အနက်ကြီး၊ ရွှေတုံးက အဝေးကြီးဟု ထင်နေသည်။
ကျွန်ုပ်၏ လက်ကို ကြည့်လော့။ ကျွန်ုပ်၏ အရပ်ကို ကြည့်လော့။ ကျွန်ုပ်၏ အရပ်အမောင်း ကျွန်ုပ် လက်တံကြောင့် ရွှေတုံးကို ရခဲ့ခြင်း ဖြစ်သည်။ အမှန်တော့ ရွှေတုံးသည် လက်တကမ်းတွင်သာ ရှိပါ၏။
သို့သော် သင့်လက်တကမ်းနှင့် ကျွန်ုပ် လက်တကမ်း မတူညီသည်ကို သင်သိမြင်နိုင်အောင် ကြိုးစားရှုလော့" ဟုပြောပြီးလျှင် ရွှေတုံးကို ပိုက်ပြီး ပျော်ရွှင်စွာ ထွက်သွားလေတော့သည်။
အတိုင်းအတာ၊ ပမာဏ၊ အနေအထား၊ အခြေအနေကို သဘော မပေါက်သည့် ပုတိုသူမှာ မြင်သာမြင်ရ ရွှေတုံးကို ထိခွင့်မရ ငေးမောကာ ကျန်ခဲ့လေတော့သည်။ လောကတွင် ပျော်ရွှင်မှုကို လူတွေ လိုက်ရှာသည်။ ပုသူနှင့် ရှည်သူနှစ်ဦး ရွှေတုံးကို တွေ့သည့် ဥပမာ ကဲ့သို့ ဖြစ်သည်။
ပျော်ရွှင်မှုကို တွေ့တိုင်းလည်း လူတိုင်း ရနိုင်သည်မဟုတ်။ ရလိုစိတ်နှင့် မည်မျှ ကြိုးပမ်းသည် ဖြစ်စေ ကိုယ့်အနေအထားက ရနိုင်စွမ်း ရှိသည့် အနေအထား ဖြစ်နေမှသာ ပျော်ရွှင်ခြင်း သုခကို ခံစားနိုင် ပေလိမ့်မည်။ လက်တိုတိုနှင့် မဂ်ဖိုလ်ကို မရနိုင်။ တင်ညွန့်
0 Comments