ဟိုဘက်တောင်က မီးပုံလေး

တခါတုန်းက အလီဆိုတဲ့ လူတယောက်ရဲ့ တဦးတည်းသော သမီးလေးဟာ တရက်မှာ အသည်းအသန် နေမကောင်း ဖြစ်တယ်။ အလီမှာ သမီးလေးကို ဆေးကုပေးစရာ ပိုက်ဆံ မရှိဘူး။

ဆွေမျိုးတွေ ဆီက ပိုက်ဆံ ချေးပေမယ့် လုံးဝ ချေးလို့ မရခဲ့ဘူး။ နောက်ဆုံးတော့ သူ့ရဲ့ အလုပ်ရှင်ဆီမှာ ငွေသွားချေးတယ်။

အလုပ်ရှင်က သူ့ကို ပြောလိုက်တယ်။ "အလီ၊ မင်း ငါပြောတာကို ဖြစ်အောင် လုပ်နိုင်မယ် ဆိုရင် မင်းချေးတဲ့ ငွေကို ပေးလိုက်မယ်။ ပြန်ဆပ်စရာ မလိုပါဘူး။ ဒါပေမဲ့ မင်း ဖြစ်အောင် မလုပ်နိုင်ရင်တော့ မင်းငါ့ဆီမှာ လုပ်ခ တပြားမှ မယူဘဲ ၁၀ နှစ်တိတိ အလုပ် လုပ်ပေးရမယ်"

"အရှင်၊ ဘာလုပ်ရမှာလဲ ခင်ဗျ" "ခက်ခက်ခဲခဲ အလုပ်တော့ မဟုတ်ပါဘူး။ ဒီညကျရင် ဟိုးနားက တောင်ထိပ်ပေါ်မှာ မင်းတယောက်တည်း မနက်မိုးလင်းတဲ့အချိန်ထိ နေရမယ်။ နေနိုင်မလား"

အလီဟာ အလုပ်ရှင်ရဲ့ ထူးဆန်းတဲ့ စိန်ခေါ်မှုကို လက်ခံသင့် မသင့်ကို စဉ်းစားနေတယ်။ ဒါပေမဲ့ သူ အချိန်ကြာကြာ မစဉ်းစားပဲ လက်ခံလိုက် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သမီးလေးကို ဆေးကုဖို့ ငွေရဖို့ အရေးကြီးနေသလို သူ့မှာ တခြား ရွေးချယ်စရာလည်း မရှိလို့ပါ။

အလုပ်ရှင်ဆီက ပြန်လာပြီး လမ်းမှာ အခုလို စဉ်းစားမိတယ်။ အခု နေ့လယ်ခင်း မှာတောင် အတော်အေးနေရင် ညပိုင်း တောင်ပေါ်မှာ နှင်းတွေ ထူထူထဲထဲ ကျနေမယ်။ လမိုက်ည ဆိုတော့ ပတ်ဝန်းကျင် တခုလုံး မှောင်ပိန်းနေမယ်။ တစ္ဆေသရဲ တွေလည်း လာခြောက်နိုင်တယ်။

သူဟာ တွေးရင်း တွေးရင်း ကြောက်လာလို့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း အိုင်ဒီရဲ့ အိမ်ကို ဝင်ပြီး အကျိုးအကြောင်း ပြောပြတယ်။ အိုင်ဒီက ပထမတော့ အလုပ်ရှင်ရဲ့ ထူးဆန်းတဲ့ စိန်ခေါ်မှုကို လက်ခံလို့ ဆိုပြီး သူ့ကို ဆူပူ အပြစ်တင်တယ်။

နောက်တော့ အလီဟာ သူ့သမီးလေးကို ဆေးကုပေးဖို့ ပိုက်ဆံမဖြစ်မနေ လိုနေတယ် ဆိုတာကို နားလည်သွားလို့ ဆက် မဆူတော့ဘဲ ခုလို ပြောလိုက်တယ်။

"ကဲပါ အလီရာ၊ သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့။ ငါ မင်းကို ကူညီပါ့မယ်။ မနက်ဖြန်ည မင်းတောင်ပေါ် ရောက်တာနဲ့ အမှောင်ထဲ ကနေ ရှေ့ကို လှမ်းကြည့်လိုက်ပါ။

မင်းရဲ့ တောင်နဲ့ မဝေးတဲ့ တောင်တလုံးရဲ့ ထိပ်မှာ မီးအလင်းရောင် တခုကို မြင်ရလိမ့်မယ်။ အဲဒါ ငါ ရှို့ထားတဲ့ မီးပုံပါ။ ငါ မီးပုံနားမှာ နေပြီး မင်းကို တညလုံး စောင့်ကြည့် ပေးနေမယ်။ မင်း မီးပုံကို ကြည့်ရင်း မင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ငါ့ကို သတိရနေပါ။

ဒါဆိုရင် မင်းမှာ ကြောက်စိတ်တွေ လျော့နည်းသွားပြီး သတ္တိရှိလာလို့ မနက်မိုးလင်းတဲ့ အထိ နေနိုင် ပါလိမ့်မယ်။ ဒါပေမဲ့ ငါ ကူညီပေးတဲ့ အတွက် မင်း ငါ့ကို တခုတော့ ပြန်ပေးရမယ်နော်"

တိုတိုပြောရင် အလီဟာ အဲဒီညမှာပဲ တောင်ထိပ်ပေါ်မှာ တညလုံး နေနိုင်ခဲ့လို့ အလုပ်ရှင်ဆီက သူလိုနေတဲ့ သမီးလေးကို ဆေးကုဖို့ ငွေတွေကို ရလိုက်တယ်။ သူဟာ သူငယ်ချင်း အိုင်ဒီကို ကျေးဇူးတင် လွန်းလို့ သူ့အိမ်ကို သွားပြီး ခုလို ပြောလိုက်တယ်။

"သူငယ်ချင်းရေ၊ မင်းရဲ့ ကူညီမှုကြောင့် ငါ ကြောက်နေတာကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ။ ဒါနဲ့ ငါ မင်းကို တခု ပြန်ပေးရမယ် ဆိုတာ ဘာလဲ။ ငါ ရလာတဲ့ ငွေတွေထဲက မင်းကို ခွဲပေးမယ်လေ"

"မဟုတ်ဘူး အလီ။ မင်း ပြန်ပေးရမှာ ငွေ မဟုတ်ဘူး။ ငါ့ဘဝမှာ လေပြင်းတွေတိုက်၊ အမှောင်ဖုံးတဲ့ နေ့တွေနဲ့ ကြုံရင် မင်း မိတ်ဆွေစစ် ဆိုတဲ့ မီးပုံလေး တခုနဲ့ ငါ့ကို အားပေး ကူညီပေးမယ်လို့ ကတိပေးပါကွာ"

မိမိချမ်းသာနေချိန် အနားမှာ ရှိနေသူဟာ မိတ်ဆွေစစ်လို့ ပြောရ ခက်ပါတယ်။ မိမိ ဒုက္ခ ရောက်နေချိန်မှာ အားပေး ကူညီသူသာ မိတ်ဆွေစစ် ဖြစ်ပါတယ်။ ဗန်းမော်သိန်းဖေ

Post a Comment

0 Comments