ကမ္ဘာပေါ်က အလှဆုံးသောအရာ

တခါက ပန်းချီဆရာတယောက်ဟာ ကမ္ဘာပေါ်မှာ အလှဆုံး ပန်းချီကားတချပ်ကို ဖန်တီးဖို့ စိတ်ကူးရ ခဲ့တယ်။ ဒီလိုနဲ့ သူဟာ သူ့ရဲ့ သစ်သားဘောင်လေးနဲ့ ကွပ်ထားတဲ့ ပန်းချီကားလေးကို သယ်ဆောင်ပြီး နိုင်ငံတနိုင်ငံမှ တစ်နိုင်ငံကို ခရီးထွက် လာခဲ့တယ်။

သူ့ရည်ရွယ်ချက်က ကမ္ဘာပေါ်မှာ အလှဆုံး အရာကို ရှာဖွေ တွေ့ရှိ ဖို့ပေါ့။ တနေ့မှာ သူဟာ လမ်းမှာ ရဲရင့်တဲ့ စစ်သား တယောက်ကို တွေ့တယ်။ စစ်သားကို ပန်းချီဆရာက မေးလိုက်တယ်။

"ကမ္ဘာပေါ်မှာ အလှဆုံးအရာက ဘာလဲ"

"ငြိမ်းချမ်းရေးပါ" လို့စစ်သားက ဖြေပြီး ထွက်သွားတယ်။ ပန်းချီဆရာက ခေါင်းခါလိုက်ပြီး စိတ်ပျက်သွားတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ ငြိမ်းချမ်းရေး ဆိုတဲ့ အရာကို သူမှ မဆွဲတတ်ပဲ။

နောက်တခါ သူဟာ လှပ ငယ်ရွယ် ချောမောတဲ့ မိန်းမပျိုလေး တယောက်ကို တွေ့တယ်။ အဲဒီအခါမှာလည်း ပန်းချီဆရာက မိန်းမပျိုကို မေးတယ်။ "ကမ္ဘာပေါ်မှာ အလှဆုံးအရာက ဘာလဲ"

"အချစ်ပါ" လို့ ချက်ချင်းပဲ တုံ့ဆိုင်းခြင်းမရှိပဲ မိန်းမပျိုက ပြန်ဖြေတယ်။ ပန်းချီဆရာက ထပ်မံ စိတ်ပျက်သွားရ ပြန်တယ်။ သူမှ အဲဒီ အချစ်ဆိုတဲ့ အရာကို ပန်းချီ မဆွဲနိုင်ပဲ။

ဒီလိုနဲ့ နောက်ဆုံးမှာ လမ်းမ တနေရာမှာ ပန်းချီဆရာက တရားဟောဆရာ တယောက်ကို တွေ့တယ်။ ဒီတော့ သူက တရားဟောဆရာကို မေးလိုက်တယ်။

"ကမ္ဘာပေါ်မှာ အလှဆုံးအရာက ဘာလဲ"

"သစ္စာ စောင့်သိမှု" လို့ တရားဟောဆရာက တည်ငြိမ်စွာ ပြောပြီး ထွက်သွားပြန်တယ်။ ဒီတခါလည်း သူ ဦးခေါင်းကို ရမ်းလိုက်ပြန်တယ်။ စိတ်ပျက်ရ ပြန်တယ်။ အဲဒီ သစ္စာစောင့်သိမှု ဆိုတာကြီးကို သူ မဆွဲတတ်ဘူး။

ဒီလိုနဲ့ နောက်ဆုံး ဘယ်နေရာ မှာမှ ရှာလို့ မတွေ့တဲ့ အဆုံး သူလိုချင်တဲ့ အဖြေမရတဲ့ အခါ သူဟာ အိမ်ပြန်ဖို့ကိုပဲ ဝမ်းနည်းစွာနဲ့ဆုံးဖြတ်လိုက်တယ်။

သူ့အိမ်ပေါက်ဝကို သူပြန်ရောက်လာတဲ့ အခါ သူ့သားငယ်က အိမ်ထဲကနေ ပျော်ရွှင်စွာနဲ့ မျှော်လင့်တကြီး သူ့ကို ထွက်ကြိုတာ တွေ့လိုက်ရတယ်။ ပြီးတော့ သားငယ်က ငိုယိုပြီးတော့

"အဖေ အဖေ ဆိုပြီး သူ့ကို ပြေးဖက် ပါတော့တယ်။ သားငယ်ရဲ့ နောက်မှာ ဇနီးသည်က လိုက်လာပြီး သူ့ နဖူးပြင်ကို ညင်သာစွာ နမ်းတယ်။ အိမ်ကို ပြန်ရောက်တဲ့ လက်ဆောင် အနေနဲ့ပေါ့။

ရုတ်တရက် ချက်ချင်းပဲ ပန်းချီဆရာက ကမ္ဘာပေါ်မှာ အလှဆုံးဆိုတဲ့ အရာကို သူနားလည်သွားတယ်။ သားငယ်ဆီ ကနေ ဖခင်တယောက်အပေါ် ထားတဲ့ သစ္စာစောင့်သိမှုကို သူတွေ့လိုက်ရတယ်။ သူချစ်ရတဲ့ ဇနီးသည်ရဲ့ အနမ်းတပွင့်ကနေ တဘဝလုံးစာ အတွက် ချစ်ခြင်းမေတ္တာ တွေကို သူတွေ့လိုက်ရတယ်။

အဲဒီ အချစ်တွေ ထဲမှာပဲ နွေးထွေးမှု သူ့မိသားစုရဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းရေးကိုပါ သူရှာတွေ့ လိုက်တယ်။ ဒီလိုနဲ့ သူဟာ ကမ္ဘာပေါ်မှာ အလှဆုံးအရာကို ဖန်တီးခဲ့ ပါတော့တယ်။ အဲဒါတော့ သူ့အိမ်က လွဲလို့ တခြားအရာ မရှိတော့ပါဘူး။

ကမ္ဘာပေါ်မှာ အလှဆုံးအရာ ဆိုတာ တကယ်တော့ အဝေးကြီးကို လိုက်ရှာနေစရာ မလိုပါဘူး။ သင့်ရဲ့ စိတ်ထဲမှာပဲ သင့်နှလုံးသားထဲမှာပဲ တည်ရှိပါတယ်။

သင့်ကို စိတ်ချမ်းသာစေတဲ့ အရာ၊ သင်ပျော်ရွှင်ရတဲ့ နေရာ၊ သင့်ကို ချစ်တဲ့ နေရာ၊ သင်က ချစ်တဲ့နေရာ၊ သင့်ကို နွေးထွေး လုံခြုံလို့ ချမ်းမြေ့စေတဲ့ အရာဟာ ကမ္ဘာပေါ်မှာ အလှဆုံးအရာပဲ ဖြစ်ပါတယ်။ သက်တန့်ချို

Post a Comment

0 Comments