တခါတုန်းက ဖားငယ်လေး တကောင်ဟာ ဘုန်းတော်ကြီး ကျောင်းနှင့် မနီးမဝေးမှာ နေပြီး ဘုန်ကြီးတွေ ဆွမ်းခံကြွပြီး ပြန်အလာ ဆွမ်းဘုန်းပေးတာကို ကြည့်ရင်း အတွေးတခု ဝင်လာခဲ့တယ်။
"အင်း ငါသာ ဘုန်းကြီးဖြစ်ရင် သိပ်ကောင်းမှာပဲ။ အလုပ် ဆိုလို့ ထွေထွေထူးထူး လုပ်စရာ မလိုပဲ မိုးလင်းရင် လမ်းလျှောက် ထွက်ရုံမျှနဲ့ တဝမ်းစာကို ပူပင်စရာ မလိုဘူး" လို့ တွေးပြီး အားကျ နေမိတယ်။
ဆွမ်းဘုန်းပေး အပြီးမှာ ဘုန်ကြီးကျောင်းသား တွေကို မြင်ပြန်တော့ ကိုရွှေဖားက အတွေး ပြောင်းပြန်တယ်။ ဘုန်းကြီးတွေလို အစောကြီး ထစရာ မလိုပဲ အချိန်တန်ရင် ထစားရတဲ့ ဘုန်းကြီးကျောင်းသားတွေကို အားကျနေမိ ပြန်တယ်။
ဘုန်ကြီးကျောင်းသားများ စားမကုန်တဲ့ ထမင်းဟင်းတွေကို ကျောင်းစောင့်ခွေး များကို ကျွေးတာ မြင်တော့လည်း ရှေ့နည်းတူ ကိုရွှေဖားက ခုံတလုံးမှ သိမ်းစရာမလို၊ ပန်းကန် တလုံးမှ ဆေးစရာ မလိုပဲ စားနေရတဲ့ ခွေးတွေကို အားကျမိ ပြန်တယ်။
ခွေးများ စားပြီး မကုန်တဲ့ အရိုးအကပ် တွေကို လာစားတဲ့ ယင်ကောင်တွေကို မြင်မိတော့လည်း သူတို့တွေက ကျောင်းစောင့်ပြီး ဟောင်နေရတဲ့ ခွေးလောက်တောင် မပင်ပန်းပဲ စားရတဲ့ အဖြစ်ကို အားကျနေ ပြန်တယ်။
ထိုသို့ အားကျနေခိုက် အရိုးနားက ယင်တကောင် ဖားနားသို့ ပျံ၍ ဖြတ်သန်းမိရာ ဖားတို့ရဲ့ သဘာဝ အတိုင်း လျှာထုတ်၍ ပစ်ဖမ်းပြီး စားမိကာမှ ကိုရွှေဖားလည်း အသိတရား ဝင်လာတယ်။
သူဆိုတာ ငါမဟုတ် ငါဆိုတာလည်း သူမဟုတ် သူ့အလုပ်နဲ့သူ၊ သူ့နေရာနဲ့ သူ၊ သူဒုက္ခနဲ့သူ။ သူ့ကို အားကျနေသမျှ ငါလည်း အစာ ဝမည် မဟုတ်။
လူအများစုက ကိုယ့်အလုပ်ကိုယ် လုပ်ကြပေမယ့် ကိုယ့်ထက်သာ သူတွေကို အားကျမိတတ် ကြတယ်။ အဲသလို အားကျမှု တွေကြောင့်လည်း လုပ်သမျှ မအောင်မြင်ပဲ ဆုံးရှုံးတတ် ကြတယ်။
လူ တဦးတယောက်စီမှာ အားကျစရာတွေ ရှိသလို စိတ်ပျက်စရာတွေ ကလည်း ကိုယ်စီနဲ့ပါ။ သူတပါး အားကျ၍ ကိုယ် ဝမ်းဝမည် မဟုတ်ပါ။
ကိုယ်လုပ်မှ ကိုယ်စား၊ ကိုယ်ရုန်းမှ ကိုယ်လွတ်မယ့် ဒုက္ခ အခက်ခဲတွေ ကြားမှာ ကိုယ့်ဘဝ ကိုယ့်စတိုင်နဲ့ မယိုင်မလဲ တပြိုင်တည်း မြဲမြဲလျှောက်နိုင်မှ သာလျှင် ကိုယ့်ဘဝက သာယာနိုင်မှာ ပါ။ Crd
0 Comments