ရှေးရှေးတုန်းက အင်မတန်မှ တန်ခိုးထက်မြက်တဲ့ မှော်ဆရာကြီးတဦး ရှိတယ်။ အဲဒီ မှော်ဆရာကြီးဟာ စိတ်ထားကောက်ကျစ်တယ်။ သူ့ သဘောအတိုင်း ဖြစ်တည်နေတဲ့ လောက သဘာဝကြီးကိုတောင် ပြောင်းလဲပစ်ချင်တဲ့ စိတ်ဆန္ဒ ရှိနေတယ်။
လမ်းမှာ ပန်းပင်လေး တပင်ကို တွေ့ရင် "ဆူးပင် ဖြစ်လိုက်စမ်း" လို့ သူအမိန့်ပေးလိုက်တာနဲ့ ပန်းပင်လေးဟာ ဆူးပင်အဖြစ်ကို ပြောင်းလဲသွားတယ်။
"ဟင် ငါ့တကိုယ်လုံး ဆူးတွေနဲ့ ပြည့်သွားပါလား၊ ငါငါ ပန်းပွင့်လှလှလေးတွေ မပွင့်နိုင်တော့ဘူး ဟင့်" ပန်းပွင့်လေးဟာ ငိုရှာတယ်။
အသွေးအရောင်စုံတဲ့ ငှက်ကလေးကို "လဒတကောင် ဖြစ်လိုက်စမ်း" အင်မတန် လှပတဲ့ ငှက်ကလေးဟာ ချက်ချင်းမှာပဲ လဒ တကောင် ဖြစ်သွားတယ်။
"အလိုလေးလေး ငါအင်မတန်မှ ရုပ်ဆိုးပြီး အကျည်းတန်တဲ့ လဒတကောင် ဖြစ်သွားပါလား" လို့ ငှက်ကလေးလည်း သူကိုယ်ကို ရေမြင်အရိပ်မှာ မြင်လိုက်ရတော့ သိပ်ပြီး ထိတ်လန့်သွားခဲ့တယ်။ ခေါင်းမဖော် နိုင်အောင် ရှက်ကြောက်ရွံ့ပြီး အဝေးကို ပျံသန်း သွားလေရဲ့။
ကျားကြီး တကောင်ဟာ ဘာသာဘာဝအရ တောထဲမှာ သားကောင် လိုက်ရှာနေတယ်။ "ဟိုမှာ ချေပေါက်စလေး တကောင်" ချေလေးဟာ ကျားကြီး ချောင်းနေတာကိုလည်း သိရော အထိတ်တလန့်နဲ့ ထွက်ပြေးပါလေရော။
ကျားကြီးလည်း နောက်ကနေလိုက်တယ်။ "ပြေးနိုင်မှ လွတ်မယ်ဟေ့" မှော်ဆရာကြီးဟာ ကျားနဲ့ချေတို့ရဲ့ အခြေအနေကို မြင်တွေ့သွား "ကျားက ဖားဖြစ်စေ" လို့ သူအမိန့်ပေး လိုက်တာနဲ့ ကျားကြီးဟာ ချက်ချင်းပဲ ဖားတကောင် ဖြစ်သွားတယ်။ "အင် ငါ ဖားဖြစ်သွားပြီ"
ချေကလည်း ကျားက ဖားဖြစ်သွားတာကို သိသွားတဲ့အခါ "ဟင် ဘယ်လိုကြောင့် ဖားဘဝ ပြောင်းသွားလဲသွား ပါလိမ့်။ ဘာပဲဖြစ်ဖြစ်၊ ငါအလှည့်ပဲ" ဆိုပြီး ချေဟာ ဖားကို ချေထောက်နဲ့ နင်းပြီး သတ်ပစ်လိုက်တယ်။ "အွတ် သေပါပြီ"
ကျားဟာ ကိုယ့်ထက်အားနည်းတဲ့ သားကောင်ကို ဖမ်းတာ သဘာဝပဲ။ အဲဒီ သဘာဝကို ဆန့်ကျင်ပြီး ပြောင်းလဲပစ်တာ အင်မတန်မှ အကျည်းတန်ပြီး အရုပ်ဆိုးတာပေါ့။ မှော်ဆရာကြီးကတော့ အဲဒီလို ဘာမဆို ဆန့်ကျင်ရမှ ကျေနပ်တဲ့သူ ဖြစ်တယ်။
ညဘက်ဆိုရင် မိုးကောင်းကင်ယံမှာ ကြယ်ပွင့်လေးတွေဟာ တလက်လက်နဲ့ တောက်ပနေ ကြတယ်။ အတောက်ပဆုံး ကြယ်ပွင့်လေးတပွင့်ဟာ ကြယ်နတ်သမီးလေးတဦး ပိုင်ဆိုင်တဲ့ ဘုံဗိမာန်လေးပေါ့။ နတ်သမီးလေးဟာ တခါတရံမှာ တိမ်လွှာကို စီးပြီး ဆော့ကစား နေတတ်တယ်။ သူမှာ အင်မတန်မှ ယောက်ျားပီသတဲ့ လူမင်းသား ချစ်သူလေး တဦး ရှိတယ်။
လူမင်းသားလေးဟာ မြင်းပျံကြီးကို စီးပြီး နတ်သမီးရှိရာ ကောင်းကင်ဘုံဆီကို မကြာခဏ လာတတ်တယ်။ သူနဲ့ အတူ မြင်းပျံကြီးကို စီးပြီးကောင်းကင်အနှံ့ တိမ်လွှာတွေ ကြားမှာ လျှောက်ပြီး လည်ပတ်ကြတာပေါ့။ နတ်သမီးလေးနဲ့ လည်ပတ်ပြီးလို့ အားရရင် လူမင်းသားလေးလည်း ကောင်းကင်ဘုံ ကနေ မြေကမ္ဘာဆီကို ပြန်ပြီး ဆင်းသက်လာခဲ့ သတဲ့။
တနေ့မှာ မှော်ဆရာကြီးဟာ မိုးကောင်းကင်ပေါ်မှာ တံမြက်စည်းပျံကြီးကို စီးသွားရင် တိမ်လွှာကြားက နတ်သမီးလေးကို အမှတ်မထင် ဆိုသလို တွေ့သွားခဲ့တာပေါ့။ "သိပ်လှတဲ့ နတ်သမီးလေး ပါလား" သူ့ရဲ့ တံမြက်စီးပျံကို နတ်သမီးလေးဆီ ဦးတည်စေလိုက်တယ်။
နတ်သမီးလေးလည်း မှော်ဆရာကြီးကို တွေ့လိုက်ရတော့ သိပ်ပြီး ထိတ်လန့်သွား ခဲ့တာပေါ့။ "ငါ့ကို မကြောက်ပါနဲ့ နတ်သမီးလေးရယ်။ နင့်ကို မြင်မြင်ချင်း ချစ်ခင်မိတယ် ငါ့ကို လက်ထပ်ပါ"
"အို ရှင့်လို အိုမင်းရွတ်တွပြီး သဘာဝတရားအပေါ် ဆန့်ကျင်နေတဲ့ သူကို ကျွန်မ မချစ်နိုင်ဘူး"
"နင်က ငါ့ကို လက်မထပ်ဘူးပေါ့ ဟုတ်လား၊ ကဲ ဒါလောက်တောင် ဖြစ်တာ ငါ့အကြောင်း အခုသိရစေ့မယ်" မှော်ဆရာကြီးဟာ နတ်သမီးလေးကို ရွှေငါးလေး တကောင် အဖြစ် ဖန်ဆင်းပစ် လိုက်တယ်။ ပြီးတော့ ဖန်ပုလင်းထဲ ထည့်ပြီး ယူဆောင်သွားသတဲ့။
ဒါပေမယ့် လမ်းမှာ လူမင်းသားလေးက ကောင်းကင်ဘုံပေါ်ကို လာရင်းနဲ့ မမျှော်လင့်ဘဲ တွေ့သွားခဲ့ပါလေရော။ "အလို ဒီမှော်ဆရာကြီးဟာ ငါ့ရဲ့ ချစ်သူရှိတဲ့ ဘုံဗိမ္မာန်ဘက်က လာခဲ့တာပါလား" ဆိုပြီး စိတ်ထဲက သင်္ကာမကင်း ဖြစ်သွားတယ်။ မှော်ဆရာကြီးရဲ့ လက်ထဲမှာလည်း ရွှေငါးလေး ပါတဲ့ ဖန်ပုလင်းကို တွေ့လိုက်ရတယ်။
နတ်သမီးလေးဟာ မင်းသားလေး ကိုလည်း တွေ့လိုက်ရော
"မောင်တော်၊ နှမတော်ကို ကယ်ပါဦး"
"ဟင် ငါ့ရဲ့ ချစ်သူကို မှော်ဆရာကြီးက ဘဝ ပြောင်းပစ်လိုက်ပြီ"
ဆိုပြီး နတ်သမီးလေးမှန်း သိသွားတာနဲ့ မြင်းပျံနဲ့ မှော်ဆရာကြီး နောက်ကို အတင်းလိုက်ပါတော့တယ်။ မှော်ဆရာကြီးလည်း နတ်သမီးလေးရဲ့ ချစ်သူမှန်း သိသွားတယ်။
"မင်းသားလေး နင် ငါ့နောက်ကို လိုက်လာရင် ဖန်ပုလင်းကို ပစ်ချလိုက်မယ် နေခဲ့ပါ"
"မှော်ဆရာကြီး သင်မယုတ်မာနဲ့ သတ္တိရှိရင် သင်ငါနဲ့ ယှဉ်ပါ"
"ဟား ဟား ဟား ဟား သင်က ငါ့လို တန်ခိုးရှင်ကို စိန် ခေါ်တယ်ပေါ့လေ။ ကောင်းပြီး သင် ငါ့အကြောင်း အခုချက်ချင်း သိစေရမယ်"
အဲဒီလို ပြောပြီး တံမြက်စည်းအတံ တချောင်းကို နှုတ်ယူပြီး မင်းသားလေးဆီကို ပစ်ထည့်လိုက်တယ်။ တံမြက်စည်းတံ လေးဟာ ချွန်ထက်တဲ့ မြားတံအဖြစ် ပြောင်းလဲ သွားပြီး မင်းသားလေးဆီကို လျင်မြန်သော အဟုန်နဲ့ ပြေးဝင်သွားတယ်။
မင်းသားလေးဟာ သူ့ရဲ့ ထက်မြတ်တဲ့ ဓါးနဲ့ မြားတံကို ပိုင်းဖြတ် ပစ်လိုက်တယ်။ နောက်တခါ မှော်ဆရာကြီးက မင်းသားလေးဆီကို သူ့ရဲ့ ဝတ်ရုံကြီးထဲက မြွေတွေ အကောင်ပေါင်း များစွာ ထုတ်ပြီး အစုလိုက် အပြုံလိုက် ပစ်လွတ်သတဲ့။
မင်းသားလေးဟာ တန်ခိုးထက်မြက်တဲ့ ဓါးကြီးကို ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ မြွေတွေကို တကောင်ပြီးတကောင် ပိုင်းဖြတ် ခုတ်ထစ်ပစ် လိုက်တယ်။
မှော်ဆရာကြီးကလည်း မင်းသားလေးရဲ့ အစွမ်းအစ မသေးဘူးဆိုတာ သိလိုက်ရတယ်။ ကောက်ကျစ်တဲ့ မှော်ဆရာကြီးဟာ မြွေအရှည်ကြီး တကောင်ကို ကြိုးကွင်းအဖြစ် ဖန်ဆင်းလိုက်ပြီ မင်းသားလေးဆီကို ပစ်လွှတ်လိုက်တယ်။
မြွေကြိုးကွင်းဟာ မြင်းရဲ့ခေါင်းကို စွပ်မိသွားပြီး ဆောင့်ဆွဲ ပစ်လိုက်တယ်။ မြင်းက အလန့်တကြားနဲ့ ကိုယ်ကို ခါလိုက်တဲ့အခါ မင်းသားလေးဟာ မြင်းပေါ်ကနေ စင်ပြီးတော့ ကျသွားတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ မင်းသားလေးဟာ မှော်ဆရာကြီးရဲ့ တံမြက်စည်းပျံ ပေါ်ကို ရောက်သွားတယ်။
မှော်ဆရာကြီးနဲ့ လုံးလားထွေးလား ဖြစ်သွားတဲ့ အချိန်မှာ ဖန်ပုလင်းလေးဟာ လွတ်ကျသွားတယ်။ သမုဒ္ဒရာထဲကို ကျသွားတာပေါ့။ ငါးကြီးတကောင်ဟာ လျင်မြန်စွာ ကူးခတ်လာပြီး ပုလင်းကို မျိုချပစ် လိုက်တယ်။ မင်းသားလေးကလည်း တံမြက်စည်းပျံပေါ်က မကျရလေအောင် မှော်ဆရာကြီးကို အတင်း ဖက်တွယ်ထားတယ်။
မှော်ဆရာကြီးကလည်း မင်းသားလေးကို တန်ပြန်ပြီးတိုက်ခိုက်တယ်။ သူတို့နှစ်ယောက်ဟာ တံမြက်စည်းတံကြီးပေါ်မှာ လုံးလားထွေးလား နဲ့ပေါ့။ တံမြက်စည်းပျံပေါ် ကလည်း မကျအောင် သတိထားနေ ကြရတယ်။
အဲဒီလို တိုက်ခိုက်နေရင်း မင်းသားလေးရဲ့ ဓါးဟာ မှော်ဆရာကြီးရဲ့ နှလုံးသားကို ထိုးမိသွားတယ်။ မှော်ဆရာကြီး အောက်ကို ကျသွားတဲ့အခါ ဖွတ်ကြီးတကောင် အဖြစ် ပြောင်းလဲသွားတယ်။ ဖွတ်ကြီးက တောထဲကို ပြေးဝင်သွားတဲ့ အခါ မုဆိုးတယောက်က တွေ့သွားပြီး မြားနဲ့ ပစ်လိုက်တာ သေဆုံးသွားပါလေရော။
မင်းသားလေးလည်း သူ့ရဲ့ မြင်းပျံကြီးပေါ်ကို ပြောင်းစီး လိုက်တယ်။ နောက်တော့ ငါးထည့်ထားတဲ့ ပုလင်းကျသွားတဲ့ သမုဒ္ဒရာထဲကို ဆင်းပြီး လိုက်သွားခဲ့တာပေါ့။
ငါးကြီးတကောင်ဟာ ဗိုက်ကြီး ဖေါင်းကားနေတာကို တွေ့ လိုက်ရတယ်။ "ပုလင်းကို မျိုးထားတဲ့ငါး ဖြစ်မှာပဲ" ဆိုပြီး ငါးကြီးကို ဓါးနဲ့ ခုတ်သတ်ပစ်လိုက်တယ်။ ငါးကြီးရဲ့ ဗိုက်ထဲက ပုလင်းကို ထုတ်ယူလိုက်တဲ့ အခါမှာ ရွှေငါးလေးဟာ နတ်သမီးလေး ပြန်ဖြစ် သွားခဲ့တာပေါ့။
မင်းသားလေးနဲ့ နတ်သမီးလေးတို့ဟာ မြင်းပျံကြီးကို စီးပြီး ကောင်းကင်ပေါ်ကို ပျံတတ်လာခဲ့တာပေါ့။ မှော်ဆရာကြီးရဲ့ ရန်က အေးသွားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်းပျံကြီးကို စီးပြီး တိမ်တိုက်တွေ ကြားမှာ ပြေးလွှား ဆော့ကစား နေကြ သတဲ့ကွယ်။ phoomyatchal
0 Comments