တခါတုန်းက လယ်မြေတွေ ပိုင်တဲ့ သူဌေးကြီးက သူ့လယ်တွေကို ကြီးကြပ်ဖို့ လူတယောက် ရှာနေတယ်။ သူ့ရွာက လူတော်တော် များများဟာ အလုပ်ကြမ်း မလုပ်ချင်ကြလို့ သူဌေးကြီးဟာ လူရှာမရ ဖြစ်နေပါတယ်။
တနေ့မှာ လူကောင် ပိန်သေးသေးနဲ့ အသက်ကြီးကြီး လူတယောက်ဟာ သူ့ဆီမှာ အလုပ် လာလျှောက်ပါတယ်။ သူဌေးကြီးက သူ့ကို ဒီအလုပ် လုပ်နိုင်မလား လို့ မေးပါတယ်။ သူကတော့ မုန်တိုင်းကျရင်တောင် အိပ်ပျော်ပါတယ် လို့ ပြန်ဖြေပါတယ်။
သူဌေးကြီးဟာ သူ့အဖြေကို သဘောမကျ ပေမဲ့ အလုပ်လျှောက်သူ မရှိလို့ သူ့ကိုပဲ လက်ခံပြီး ခန့်လိုက်ရ ပါတယ်။ အဲ့ဒီ ညမှာပဲ လေပြင်း မုန်တိုင်းကြီး ကျလာ ပါတော့တယ်။
သူဌေးကြီးက အိပ်နေတဲ့ အလုပ်သမားကို သွားနှိုးပြီး အော်ပြော လိုက်တယ်။ "ဟေ့လူ ထ ထ၊ မုန်တိုင်းကျနေပြီ။ အပြင်ထွက် ကြည့်လိုက်အုံး"
အလုပ်သမားက တဖက်ကို လှည့်စောင်းပြီး ပြန်အိပ်ရင်း "ကျနော် ပြောထားတယ်လေ၊ မုန်တိုင်း ကျရင်တောင် အိပ်ပျော်ပါတယ်လို့" လို့ ပြန်ဖြေလိုက် ပါတယ်။ သူဌေးကြီးက သူ့ကို ချက်ချင်း အလုပ် ဖြုတ်ပစ်မယ် လို့ စဉ်းစားလိုက် မိတယ်။
ဒါပေမဲ့ လောလောဆယ် အပြင်ဖက်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ သွားကြည့် လိုက်တယ်။ အပြင်မှာတော့ ကောက်ရိုးပုံတွေဟာ သပ်သပ်ရက်ရက် ပုံထားပြီး အပေါ်မှာ မိုးကာတွေနဲ့ အုပ်ထားတယ်။
နွားတွေ အားလုံး နွားခြံထဲကို မောင်းသွင်းထားပြီး ခြံတံခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။ ကြက်တွေ ကိုလည်း ကြက်ခြံ အမိုးအောက်မှာ ထည့်ပြီးပြီ။
ရှိတဲ့ တဲတွေ အားလုံးကို ကြိုးနဲ့ မြေကြီးမှာ ငုတ်ရိုက်ပြီး ချည်ထားတယ်၊ မုန်တိုင်းကြောင့် လွင့်ပျံတက် မသွားအောင်ပါ။ အဲဒါတွေကို လူသစ်က နေ့လည်ထဲက လုပ်ထားခဲ့တာပါ။ သူဌေးကြီးဟာ အဲဒီတော့မှပဲ သဘောပေါက် သွားပါတော့တယ်။
လူသစ်ဟာ စီစဉ်စရာ ရှိတာတွေကို မုန်တိုင်းမလာခင် ကတည်းက စီစဉ်ပြီးသားမို့ မုန်တိုင်း တိုက်ချိန်မှာတောင် သူဟာ ကောင်းကောင်း အိပ်နေနိုင်တာကိုး။ သူဌေးကြီးလည်း အိပ်ယာဝင်ပြီး အဲ့ဒီညမှာ ကောင်းကောင်း အိပ်ပျော်သွား ပါတော့တယ်။
"ကုမ္ပဏီ တွေက အလုပ် ခန့်ထားချင်တဲ့ သူတွေဟာ သူ့လို လူမျိူးတွေပါ" ပုံပြင်လေးကို ဖတ်ပြီး ဗဟုသုတ ရနိုင်ပါစေ။ phoomyatchal
0 Comments