ကံဆိုတာ ဆိုးတလှည့် ကောင်းတလှည့်

တခါတုန်းက သင်္ဘောတစင်းဟာ ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး နစ်မြုပ်သွားတယ်။ သင်္ဘောပေါ်မှာ ပါလာတဲ့ ခရီးသည်တယောက်ဟာ အသက်ကယ် ဘောကွင်းတခုကို ဖက်တွယ်ပြီး ပင်လယ်ရေစီးထဲ မျောပါသွားပါတယ်။

သုံးရက်အကြာမှာ သူဟာ လူသူ မရှိတဲ့ ကျွန်းတကျွန်း ပေါ်ကို ရောက်သွားတယ်။ ကျွန်းပေါ်မှာ အစာရေစာ ပေါများလို့အစားအသောက် အတွက် ပူစရာ မလိုဘူး။ နောက်တော့ သူဟာ တဲလေးတတဲ ထိုးပြီး နေလိုက်တယ်။

ရက်ကြာလာတော့ သူဟာ သူ့နေရပ်ကို ပြန်ချင်လာတယ်။ ဒါပေမဲ့ ကျွန်းအနားကို လာတဲ့ သင်္ဘော တစင်းမှ မတွေ့ရလို့ စိတ်ပျက်နေ မိတယ်။ ဒါပေမဲ့ သူဟာ အားမလျှော့ဘဲ သူ့ကို ကယ်မယ့်သူ လွှတ်ပေးဖို့ ဘုရားကို ရှိခိုး ဆုတောင်းတယ်။

ရက်တွေသာ ကုန်ဆုံးသွားတယ်။ သူ့ ဆုတောင်း မပြည့်ခဲ့ပါဘူး။ တမနက်မှာတော့ သူဟာ ကျွန်းပေါ်က တောအုပ်ထဲ သွားပြီးစားစရာ အတွက် သားကောင်လေး တွေကို အမဲလိုက်တယ်။

ညနေစောင်းလို့ သူနေတဲ့ တဲဆီ ပြန်လာတော့ သူ့တဲလေးဟာ မီးခိုး တလူလူနဲ့ မီးလောင် နေတာကို တွေ့လိုက်ရတယ်။ သူ ညက မီးမွှေးခဲ့တဲ့ မီးဖိုကို သေချာ မငြိမ်းသတ်ခဲ့လို့ မီးစဟာ တဲကို ကူးစက်သွားပြီး တဲမီးလောင် သွားတာပါ။

တဲထဲမှာ သူ စုဆောင်းထားတဲ့ ရေ၊ စားစရာ၊ ထင်း အဝတ်အစား အသုံးအဆောင်တွေ အားလုံးဟာ မီးထဲ ပါသွားလို့ သူ့မှာ ရှိသမျှ အားလုံး ဆုံးရှုံးသွားပြီ။ အဝတ်တထည် ကိုယ်တခုပဲ ကျန်တော့တယ်။

သူလည်း သဲသောင်ပြင် ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပြီး ခုလို အော်ဟစ် လိုက်တယ်။ "အရှင်ဘုရား တပည့်တော်ကိုကယ်ဖို့ အရှင်ဘုရားကို အားကိုးတကြီးနဲ့ နေ့စဉ် ဆုတောင်းပေမယ့် အရှင်ဘုရားဟာ ရက်စက် လွန်းပါတယ်။

တပည့်တော်ကို ကယ်မယ့်သူ မပို့ပဲ တပည့်တော် ပိုင်ဆိုင်တဲ့ ပစ္စည်း နည်းနည်းလေး ကိုတောင် ဖျက်ဆီးပစ် လိုက်တယ်။ ဘာကြောင့် ခုလို လုပ်လိုက်ရတာလဲ ဘုရား"

ညရောက်တော့ သူလည်း ပင်ပန်းလွန်းလို့ သဲသောင်ပြင် ပေါ်မှာ အိပ်ပျော်သွားတယ်။ မနက်စောစောမှာ သင်္ဘော ခုတ်မောင်းသံကြားလို့ သူ အိပ်ပျော်ရာက နိုးလာတယ်။ သင်္ဘောဟာ ကျွန်းဆီကို တန်းတန်းမတ်မတ် လာနေတယ်။ ကျွန်းရောက်ခါနီးမှာ သင်္ဘော ရပ်သွားတယ်။

သင်္ဘောပေါ်က သင်္ဘောသား တချို့ဟာ အသက်ကယ် လှေတစီးနဲ့ သူ့ကို လာခေါ်တယ်။ သူလည်း အသက်ကယ် လှေပေါ် စီးနင်း လိုက်ပါရင်း လာကယ်သူတွေကို မေးလိုက်တယ်။ "ခင်ဗျားတို့ ကျွန်တော် ဒီကျွန်းပေါ်မှာ ရှိမှန်း ဘယ်လို သိကြတာလဲဗျ" "မနေ့က မင်းရဲ့ မီးတောက်ကြီးနဲ့ အချက် ပြတာကို မြင်လိုက်လို့ပါ"

ဒုက္ခသုက္ခနဲ့ ကြုံတွေ့တိုင်း စိတ်မပျက်ပါနဲ့။ တခါတလေ အဲဒါဟာ အဆိုးထဲက အကောင်း ဖြစ်လာတတ်တယ် ဆိုတာကို နားလည်ထားပါ။ ဗန်းမော်သိန်းဖေ၏ မျှဝေလိုသော အတွေးများ စာအုပ်မှ။

Post a Comment

0 Comments