လင်းယုန်တကောင်၏ ပုံပြင်

ရှေးအခါတုန်းက တောင်စောင်းကြီးရဲ့ တနေရာမှာ လင်းယုန်ငှက် အသိုက်တခု ရှိခဲ့ဖူးပါတယ်။ အဲဒီ လင်းယုန်ငှက် အသိုက်ထဲမှာ ကြီးမားတဲ့ ဥကြီး လေးဥ ရှိနေပါတယ်။

တနေ့မှာ ပြင်းအားကြီးတဲ့ ငလျှင်ရဲ့ လှုပ်ခတ်မှုကြောင့် လင်းယုန် အသိုက်ထဲက ဥတလုံးဟာ တောင်စောင်းကနေ တလိမ့်လိမ့် ဆင်းသွားပြီး တောင်ခြေမှာ ရှိတဲ့ ရွာလေးတရွာက ကြက်ခြံထဲကို ရောက်လို့ သွားပါတယ်။

ကြက်တွေဟာ အသိတရားရဲ့ စေ့ဆော်မှုကြောင့် ဒီဥကို သူတို့ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ် ဆိုတာ အလိုလို နားလည်ကြပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ ကြက်မကြီးက တာဝန်ယူပြီး လင်းယုန်ငှက်ဥကို ကာကွယ် စောင့်ရှောက်ပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ လင်းယုန်ငှက်ဥဟာ ကွဲအက်ပြီးတော့ အထဲကနေ လှပတဲ့ လင်းယုန်ငှက်ကလေး ပေါက်ဖွားလာ ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက လင်းယုန်ငှက်ကလေးဟာ ကြက်ပေါက်ကလေး အဖြစ်နဲ့သာ သင်ကြား လေ့ကျင့်ပေးခြင်း ခံရပါတယ်။

ပင်ကိုယ်ဇာတိ အရ လင်းယုန်ငှက် ဖြစ်သော်လည်း ကြီးပြင်းရာ နေရာဒေသ၊ ပတ်ဝန်းကျင်ကြောင့် မိမိကိုယ်ကိုယ်လည်း ကြက် တကောင်အဖြစ်သာ ထင်မှတ်လို့ နေပါတယ်။

လင်းယုန်ကလေးဟာ သူအခု နေတဲ့ သူ့အသိုက်အမြုံနဲ့ သူနဲ့ အတူတူ နေထိုင် ကြီးပြင်းခဲ့တဲ့ ကြက်မိသားစုကို အလွန်ဘဲ ချစ်ခင် တွယ်တာပါတယ်။ သို့သော်လည်း သူရဲ့ ပင်ကိုယ်မူလ လင်းယုန် ဇာတိမာန်ရဲ့ စေ့ဆော်မှုလေးတော့ သူ့မှာ ရှိနေခဲ့ပါတယ်။

တနေ့ ကွင်းပြင်ကြီးထဲမှာ ကြက်ကလေးတွေနဲ့ အတူ လင်းယုန်ငှက်ကလေးဟာ ဆော့ကစားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကောင်းကင် အမြင့်မှာ ဝဲပျံနေတဲ့ လင်းယုန် အုပ်စုကြီးကို လင်းယုန်ကလေးက မြေပြင်ကနေ မြင်တွေ့လိုက်ပါတယ်။

ဒီတော့ သူက "အိုး သူတို့လို ငါလည်း ပျံတတ်ချင် လိုက်တာ၊ ငါ့စိတ်ထဲမှာ အရမ်းကို ပျံကြည့်ချင်တယ်" လို့ ပြောလိုက်ပါတယ်။

သူ့စကားကို ကြားတော့ အတူတူ ဆော့နေတဲ့ ကြက်ကလေးတွေက ဝိုင်းပြီး လှောင်ရယ် ကြပါတယ်။ "ဘယ်လိုလုပ်ပြီး သူတို့လို ပျံနိုင်မှာလဲ။ မင်းက ကြက်လေ။ ကြက်ဆိုတာ ပျံနိုင်တဲ့ အမျိုးမှ မဟုတ်တာ" လို့ သူ့ကို ဝိုင်းပြောကြပါတယ်။

လင်းယုန်ငှက်ကလေးဟာ သူ့အမျိုး အဆွေတွေ ပျံသန်းသွားရာကို တိမ်လွှာပြင်ထက်ကို မျှော်ငေးကြည့်ရင်း သူတို့နဲ့ အတူတူ ပျံသန်း လိုက်ပါ သွားလိုတဲ့ စိတ်ကူးအိမ်မက်တွေ မက်ပြီး ကျန်ရစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ပျံသန်းလိုတဲ့ ဆန္ဒတွေ အကြိမ်ကြိမ် ဖြစ်ပေါ်လာတိုင်းလည်း ဘေးက ကြက်တွေ ဝိုင်းပြောကြတဲ့ "မဖြစ်နိုင်ပါဘူးကွာ၊ စိတ်ကူးမယဉ်ပါနဲ့" ဆိုတဲ့ စကားကို အမြဲ ကြားရပါတယ်။

ဒီလိုနဲ့ ကြားရဖန် များလာတော့ တကယ် ပျံသန်းနိုင်တဲ့ ငှက်မျိုး ဖြစ်ပါရက်နဲ့ လင်းယုန်ကလေးဟာ သူ့စိတ်ကူး အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ ဆက်လက် မကြိုးစား တော့ဘဲ ရပ်တန့်ပစ် လိုက်ပါတယ်။

နောက်ဆုံးတော့ သူရဲ့ ဘဝ အချိန်တွေကို ကြက်တကောင်ရဲ့ အနေအထိုင် အလေ့စရိုက်အတိုင်း နေထိုင်သွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာ သေဆုံး သွားပါတော့တယ်။

ဒီပုံပြင်လေးထဲက လင်းယုန်ငှက်လို လူတွေ လောကမှာ ဘယ်လောက်များများ ရှိနေမလဲနော်။ မိမိကိုယ်တိုင်မှာ ပင်ကိုယ် အရည်အချင်း အစွမ်းအစတွေ ရှိနေပါရက်နဲ့ ဖော်ထုတ်ခွင့် မရကြဘဲ ဘဝရဲ့ အချိန်တွေကို ကုန်ဆုံးနေကြတဲ့ သူတွေ အများကြီး ရှိနေကြမှာပါ။ ပတ်ဝန်းကျင် စကားကို နားယောင်ရင်း မိမိရဲ့ အိပ်မက် တွေကို စွန့်လွှတ်လိုက် ကြတဲ့ သူတွေလည်း ရှိကြမှာပါနော်။

မိမိကိုယ်ကို ယုံကြည်စိတ် ရှိသူတွေဟာ တပါးသူ စကားကို နားယောင်တတ်လေ့ မရှိပါဘူး။ ကိုယ်ရဲ့ အိပ်မက်တွေ ဖူးပွင့်လာဖို့အတွက်သာ တစိုက်မတ်မတ် ကြိုးစားတတ် ကြပါတယ်။

ဘေးပတ်ဝန်းကျင်စကားဟာ ကိုယ့်ကို အကြောက်တရားနဲ့ ယုံကြည်ကင်းမဲ့ စိတ်ကို တိုးပွားစေပါတယ်။ အကြောက်တရားနဲ့ ယုံကြည်မှု ကင်းမဲ့စိတ်ဟာ လူငယ်တွေ အတွက် လမ်းကြောင်းသစ်ကို ဖောက်ထွက်ဖို့ အကြီးဆုံး အဟန့်အတားလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကိုမှ မယုံကြည်ရင် အောင်မြင်မှု ပန်းတိုင်ရောက်ဖို့ ဝေးသွားပါပြီ။ ကိုယ်ဟာ ဘယ်ပတ်ဝန်းကျင်၊ ဘယ်အသိုင်းအဝိုင်းမှာ ရောက်နေတယ် ဆိုတာကို မစဉ်းစားပါနဲ့။

ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်အိပ်မက်က ဘာလဲ ဆိုတာကို သေချာဆန်းစစ်ပြီး ဖြစ်ချင်တာကို ပြင်းထန်တဲ့ ရည်ရွှယ်ချက်နဲ့ ကြိုးစားသင့်ပါတယ်။ မဖြစ်နိုင်ပါဘူးကွာ ဆိုတဲ့ ဘေးစကားကို နားထောင်နေမယ်ဆိုရင် သင့်ဘဝဟာ ကြက်တကောင် အဖြစ်နဲ့သာ ဘဝကို ကုန်ဆုံးသွားရှာတဲ့ လင်းယုန်တကောင်ရဲ့ အဖြစ်နဲ့ ထူးမခြားနားသာ ဖြစ်ပါလိမ့်မယ်။ လူငယ်တွေ အားလုံး မိမိရဲ့ စိတ်ကူးအိမ်မက်များအတိုင်း မြင့်မြင့် ပျံသန်းနိုင်ကြပါစေ။ phoo

Post a Comment

0 Comments