ကုန်းတိုက်သောသူ

ရှေးရှေးတုန်းက တောအုပ်ကြီး အတွင်း လိုဏ်ဂူတခုတွင် ခြင်္သေ့နှင့် ကျားတို့သည် မိတ်ဆွေဖွဲ့၍ အတူတကွ နေထိုင်ကြ၏။ ထိုတောအုပ်၌ ခြင်္သေ့နှင့် ကျားတို့၏ စားကြွင်းစားကျန်များ စားသောက်နေသော မြေခွေး တကောင်လည်း ရှိ၏။

တနေ့တွင် မြေခွေးသည် "ငါဟာ ခြင်္သေ့သားနဲ့ ကျားသားကို တခါမှ မစားဖူးဘူး၊ သူတို့ရဲ့ ချစ်ခင်ရင်းနှီးမှုကို ပျက်ပြယ်စေကာ ခိုက်ရန် ဖြစ်အောင် လုပ်ပြီး သူတို့အသားကို စားရရင် ကောင်းမယ်" ဟု ကြံစည်နေသည်။

ထို့နောက် မြေခွေးသည် ခြင်္သေ့ထံသို့ ချဉ်းကပ်၍ "အရှင်ခြင်္သေ့မင်း အရှင်ဟာ ကျားနဲ့ ခိုက်ရန် ဖြစ်ဖူးသလား" ဟု မေး၏။ "အချင်းမြေခွေး မဖြစ်ဖူးပါ" ဟု ခြင်္သေ့က ပြန်ဖြေသောအခါ မြေခွေးက

"အရှင်ခြင်္သေ့မင်း အကျွန်ုပ် အရှင့်ဆီလာတဲ့ လမ်းမှာ ကျားနဲ့ တွေ့တော့ ကျားက ခြင်္သေ့ရဲ့ အဆင့်အတန်းဟာ သူ့ကို မမီဘူးလို့ ကဲ့ရဲ့ စကား ပြောဆိုတယ်" ဟု မြေခွေးက ကုန်းတိုက်လေသည်။

ထိုအခါ ခြင်္သေ့က "အသင် ထွက်သွားပါ။ ငါ့သူငယ်ချင်း ကျားဟာ ဒီစကားမျိုး မပြောဘူး" ဟု ပြော၍ မြေခွေးကို မောင်းထုတ်လိုက်လေသည်။

ထိုအခါ မြေခွေးသည် ခြင်္သေ့ကို ပြောခဲ့သည့် အတိုင်း ကျားထံ သို့လည်း ကုန်းတိုက်စကား သွားပြောပြန်သည်။ ကျားသည် မြေခွေး၏ ကုန်းတိုက်စကားကို ကြားသိပြီး မြေခွေး ပြောသည့် အတိုင်း ဟုတ်၊ မဟုတ် ခြင်္သေ့ကို မေးမြန်းလေသည်။

ထိုအခါ ခြင်္သေ့က "မိတ်ဆွေကျား၊ မြေခွေး ကုန်းတိုက်တဲ့ စကားကို တကယ် ထင်မှတ်ပြီး သင်က ငါ့ကို အပြစ်တင်ခဲ့ မိရင် ငါတို့အချင်းချင်း မိတ်ပျက်ကြ လိမ့်မယ်။

ပြီးရင် ငါတို့ဟာ ခိုက်ရန်ဖြစ်ပွားကြပြီး ပျက်စီးကြရ လိမ့်မယ်။ မြေခွေးဟာ အဲဒီအခြေအနေကို ဖြစ်စေချင်လို့ ငါတို့ကို ကုန်းတိုက်တာပဲ ဖြစ်တယ်" ဟု ပြောလေသည်။

တဖန် ခြင်္သေ့က "တစုံတယောက်ဟာ သေသေချာချာ စုံစမ်း စိစစ်မှု မရှိဘဲ ကုန်းတိုက်စကားကို ယုံကြည်ခဲ့မယ် ဆိုရင် အချင်းချင်း မိတ်ပျက်မယ်၊ စကားများပြီး ခိုက်ရန် ဖြစ်ကြလိမ့်မယ်။

တကယ်လို့ တခြားသူက ကုန်းတိုက်စကား ပြောလာသည့်တိုင် သတိထားမယ် ဆိုရင် မိတ်မပျက်ဘူး။ မိတ်ဆွေစစ်ဟာ အချင်းချင်း မိတ်ဆွေအဖြစ် ခိုင်မြဲနေတာကို အစဉ်အမြဲ လိုလားတယ်။ တပါးသူရဲ့ စကားကြောင့် မိတ်အပျက် မခံဘူး။

မိတ်ဆွေစစ်မှန်ရင် တယောက်နဲ့ တယောက် သံသယ မရှိဘူး၊ ကြောက်ရွံ့မှု မရှိဘူး။ ဥပမာ ပြောရမယ် ဆိုရင် သားတယောက်ဟာ မိခင်ရင်ခွင်မှာ ကြောက်ရွံ့မှုမရှိ အိပ်စက်သလိုပဲ" ဟု ပြောလေသည်။

ထိုအခါ ကျားက "အဆွေ ခြင်္သေ့ ကျွန်ုပ်မှာ အပြစ် ရှိပါတယ်" ဟု ပြောဆိုပြီး ခြင်္သေ့ကို တောင်းပန်လေသည်။ နောက်ဆုံး၌ ခြင်္သေ့နှင့် ကျားတို့သည် ယခင်အတိုင်း ချစ်ခင် ညီညွတ်စွာ နေထိုင်သွား ကြလေသည်။

ကုန်းတိုက်သော မြေခွေးသည် သူ၏ အကြံ မအောင်မြင်ကြောင်း သိရှိသွားသောအခါ အရပ်တပါးသို့ ထွက်ပြေး လေတော့သည်။

မိတ်ဆွေကျင့်ဝတ်ငါးပါး။ ။ ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

Post a Comment

0 Comments