တခါတုန်းက အင်မတန် ကပ်စေးနည်းတဲ့ အဘိုးကြီးတဦး ရှိတယ်။ အဘိုးကြီးက ဘယ်လောက် ကပ်စေးနည်းသလဲ ဆိုရင် လမ်းလျှောက်သွားရင်း ကမ်းစပ်က ကောက်ရခဲ့တဲ့ ဘဲဥတလုံးကို ပြုတ်၊ အစိပ်ကလေးတွေ စိပ်ပြီးတော့ ထမင်းတနပ်ကို တစိပ်နှုန်းနဲ့ စားသတဲ့။
"ဒီလိုကြောင့် ချမ်းသာလာတာကွ။ ဒါ ကပ်စီးနည်းတာ မဟုတ်ဘူး၊ ချွေတာတာ" အဘိုးကြီးက သူ့ကို အပြစ်ဆိုတဲ့ လူတွေကို အဲဒီလို တုန့်ပြန် ဆိုတတ်သတဲ့။
အဲဒီ ကပ်စေးနည်း အဘိုးကြီးဆီမှာ သားသမီးနှစ်ယောက် ရှိတယ်။ အရွယ်ရောက်ပြီးတဲ့ သမီးနှစ်ယောက်ပေါ့။ အဲဒီ သမီးနှစ်ယောက်ကို ပိုးပန်းတဲ့ သူတွေလည်း ရှိတယ်တဲ့။ အဲဒါက သဘာဝကိုး။
အဲဒီလို ပိုးပန်းတဲ့ သူတွေကို အဘိုးကြီးက စိစစ်တာပေါ့။ သူ့သဘောနဲ့ တွေ့မတွေ့ပေါ့။ သမက်ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ ပုဂ္ဂိုလ်တွေ ကလည်း သူတို့ ထုံးစံအတိုင်း အဘိုးကြီး ကျလောက်မယ့်အသွင် ဟန်ရေးပြပြီး အစမ်းခံကြတယ်။
"မင်းကို ငါကြည့်နေတာ ဆေးတံကြီး တဖွာဖွာနဲ့"
"ဟုတ်ကဲ့ ဦး၊ ဒါ အကောင်းဆုံး ဆေးမှုန့်ကို မှာပြီး ကျွန်တော့် အဖေ့ဆီက အမွေရထားတဲ့ ဆေးတံနဲ့ သောက်နေတာ။ ကျွန်တော် တခါ ရှိုက်လိုက်ရင် တဒွန်လောက် ကျတယ်"
"အောင်မလေးလေး မင်းလို အသုံးဖြုန်း ကြီးတဲ့ကောင်နဲ့ ငါ့သမီးနဲ့ ပေးစားလို့ ဘယ်ဖြစ်မလဲ။ သွား သွား" အဘိုးကြီးက ပျာပျာသလဲ မောင်းထုတ်လိုက်တယ်။
နောက်တယောက်ကျပြန်တော့ "မင်း ဝတ်ထားတဲ့ အဝတ်အစားတွေက ကောင်းလှချည်လား"
"ဟုတ်ကဲ့ ဦး၊ ကျွန်တော် စိန့်တိုင်းက အထူးမှာထားတဲ့ ပိုးထညိတွေပါ။ အခုတောင် ဒီဇိုင်းသစ်တွေ ရောက်လာလို့ အင်္ကျီသစ်တွေ ချုပ်ခိုင်းထားတယ်"
"ဟုတ်လား၊ အဲဒီအင်္ကျီ အသစ်တွေ ရရင် မင်း ဒီအင်္ကျီအဟောင်းကို ဘာလုပ်မှာလဲ"
"လွှင့်ပစ်လိုက်မှာပေါ့ ဦးရယ်။ ဘာလုပ်မှာလဲ အဟောင်းကို" သမက်လောင်းက ခပ်ကြွားကြွား ပြောလိုက်တယ်။
"ဟုတ်လား၊ အဲဒီ အင်္ကျီအသစ်က ဘယ်တော့လောက် ရမှာလဲ" ဆိုပြီး ကပ်စေးနှဲအဘိုးကြီးက ထက်ထက်သန်သန် မေးလိုက်တယ်။
"နောက်သုံးရက်လောက် ကြာရင် ရမယ်"
"ဒါဆိုနောက် သုံးရက်အထိ မင်း ငါ့သမီးကို ဝင်ထွက် ပိုးပန်းစေ။ အင်္ကျီအသစ် ရပြီးရင် အင်္ကျီဟောင်းကို ငါ့ခြံထဲ ပစ်ထားခဲ့။ ပြီးရင် မင်းသွားတော့။ မင်းလို အသုံးအဖြုန်း ကြီးတဲ့သူ မလိုချင်ဘူး"
ဒီလိုနဲ့ ကပ်စေးနှဲ အဘိုးကြီးဟာ နောက်ဆုံးမှာတော့ သူ့သမီးနှစ်ယောက်ကို ကပ်စေးနည်းတဲ့ လူနှစ်ယောက်နဲ့ပဲ သဘောတူလိုက်တာတော့ မဆန်းဘူးပေါ့။
"သမီးကြီး အဲဒီကောင်က ဆီးသီး တဗူးဝယ်ပြီး တနေ့လုံး ဆီးသီးတခြမ်း အရသာခံ စားတာ၊ အင်မတန် တော်တဲ့ကောင်ပဲ သမီးလေး။ ဒီကောင်က လုံချည်တထည် ဝယ်ပြီး ခြောက်ပိုင်း ပိုင်းပြီး လန်ကွတ်တီလို ဝတ်တာ၊ အင်မတန် တော်တဲ့ ကောင်ပဲ"
နောက်ဆုံး သမီးနှစ်ယောက်ဟာ ဖအေ သဘောတူတဲ့သူ နှစ်ယောက်နဲ့ ယူလိုက်ရတာပေါ့။ ဗီယက်နမ် လူမျိုးတွေမှာ ရိုးရာပွဲ တခုရှိသတဲ့။ အဲဒီရိုးရာပွဲ ကတော့ မိဘဆရာကို ကန်တော့တဲ့ သက်ကြီးပူဇော်ပွဲလို မျိုးပေါ့။
အဲဒီနေ့မှာ သားသမီးတွေက မိဘတို့၊ ယောက္ခမတို့၊ ဆရာသမားတို့ကို လိုက်လံပြီး ကန်တော့ရသတဲ့။ အဲဒီလို ကန်တော့တဲ့ အခါမှာ လက်ဆောင်ပစ္စည်းလေးတွေ ဘာတွေနဲ့ ကန်တော့ရတာပေါ့။ လက်ဆောင်ပစ္စည်း များလေ ဂုဏ်ရှိလေပေါ့။
အဲဒီလို ကန်တော့တဲ့နေ့ ရောက်လာတော့ အဘိုးကြီးရဲ့ သမက်နှစ်ယောက် ကလည်း ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူးပေါ့။ ရိုးရာဓလေ့ ထုံးစံအတိုင်း ယောက္ခမကြီးကို ကန်တော့ရတယ်ပေါ့။ "ဒုက္ခပဲ လက်အုပ်ချီ ကန်တော့လို့လည်း မရဘူး၊ ပိုက်ဆံကုန်ပေါက်ပဲ" သမက်နှစ်ယောက်က စိတ်ညစ်ညစ်နဲ့ အကြံထုတ် တာပေါ့။
ပုံမှန်အရ အဲဒီလို ကန်တော့ပွဲမှာ ဝက် ပါရတယ်၊ ကြက်ပါရတယ်၊ ဘဲ ပါရတယ်၊ သစ်သီးဝလံ ပါရတယ်၊ အရက် ပါရတယ်၊ တခြားဟာတွေလည်း အများကြီးပေါ့။ တနှစ်လုံး ချွေတာလာသမျှ ဒီကန်တော့ပွဲကျမှ ကုန်ကိန်းပါလား။
သမက်နှစ်ယောက်က အဲဒီလို ညည်းတွားရင်း အကြံထုတ် ကြတယ်။ နောက်ဆုံးမှ သမက်အကြီးက အကြံတခု ရ လိုက်သတဲ့။ အဲဒါနဲ့ပဲ မိဘဘိုးဘွား သက်ကြီးပူဇော်ပွဲ အတွက် လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ပြုလုပ် ပြင်ဆင်ပေးတဲ့ သူဆီကို သွားပြီး နွားတွေ၊ ဝက်တွေ၊ ဘဲငန်းတွေ၊ သစ်သီးသစ်နှံတွေ၊ အရက်တွေ ဘာတွေ အပြည့်အစုံ ပါတဲ့ ရောင်စုံပန်းချီကားချပ်ကြီး တခုကို ဝယ်လိုက်သတဲ့။ နောက်အဲဒီ ပန်းချီကားချပ်ကြီး ကိုပဲ သူ့ယောက္ခမကြီးဆီကို သယ်လာခဲ့တာပေါ့။
သူ့ယောက္ခမကြီးရဲ့ အိမ်အဝင်မှာတော့ သူ့မယားညီအကိုကို တွေ့ရသတဲ့။ သူ့ခယ်မရဲ့ လင်ကလည်း သူ့အင်္ကျီပေါ်မှာ တခုခု ဝှက်လာသတဲ့။ "ဘာလဲဟ ငါ့ညီ" သမက်အကြီးက စပ်စပ်စုစု မေးလိုက်ပေမယ့် သူ့မယားညီအကိုက ခပ်တည်တည်ပဲ ပြန်မဖြေဘူး။
ကပ်စီးနည်း ယောက္ခမကြီးကတော့ သူ့သမက်တွေရဲ့ လက်ဆောင်ကို လက်ခံဖို့ ကွပ်ပျစ်ပေါ်မှာ အကျအန ထိုင်လိုက်တယ်။ နောက်သမက်အကြီးကို မေးလိုက်တယ်။ "ငါ့သားကြီး ဘာတွေများ ယူလာသလဲ"
အဲဒီတော့ သမက်အကြီးက ရိုရိုသေသေပဲ ပြောလိုက်သတဲ့။ " ဒီနှစ်တော့ ကျွန်တော် ငွေကြေး အဆင်မပြေလှလို့ အဖေ့အတွက် နွားတချို့၊ ဝက်တချို့၊ ဘဲငန်းတချို့၊ သစ်သီးသစ်နှံနဲ့ အရက်တချို့ပဲ ယူလာနိုင်ပါတယ် အဖေ။ ဒီမှာပါ။ အဖေ့ကို အသက်မက ချစ်မြတ်နိုးပြီး လာမယ့်နှစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ စေတနာ မေတ္တာထားတဲ့ သားရဲ့ နုံချာလှတဲ့ ဒီလက်ဆောင်လေးကို လက်ခံပါလို့ ပန်ကြားပါရစေ" လို့ သမက်အကြီးက ပြောဆိုပြီးတော့ သူ့ရဲ့ ပန်းချီကားချပ်ကြီးကို တလေးတစား ကမ်းပေးလိုက်တာပေါ့။
"အို ကောင်းလိုက်တာကွယ်၊ ကျေးဇူးတင်လိုက်တာ။ ဒါပေမယ့် အဖေ သတိပေးပါရစေ။ သားက ဒီနှစ် အခြေအနေ မကောင်းလို့ ဆင်းရဲနေတယ် ဆိုပေမယ့် အဖေ့ကို လာကန်တော့တဲ့ လက်ဆောင်က များလွန်းတယ်။ သား ဒီလောက် အသုံးအဖြုန်း မကြီးနဲ့ကွယ့်" လို့ ယောက္ခမကြီးကလည်း လေးလေးနက်နက် ပြောလိုက်တယ်။ "ကဲ သားငယ်ကရော။ ခုအချိန်ကြီးမှာ အဖေ့ကို ဘာနဲ့ ကန်တော့မှာလဲ" ယောက္ခမကြီးက သမက်အငယ်ကို မေးလိုက်သတဲ့။
အဲဒီတော့ သမီးငယ်ရဲ့ လင်တော်မောင်ဟာ ရှေ့ကို တိုးလာပြီး သေသေချာချာ ဝှက်လာခဲ့တဲ့ မီးသွေးခဲ တခဲကို အင်္ကျီအောက်က ထုတ်လိုက်တယ်။ ပြီးတော့ သူ့မယားညီ အကိုရဲ့ ပန်းချီကားထဲက တိရစ္ဆာန်ပုံ တွေကို ကမ်းပြင်ပေါ်မှ ခပ်ကြမ်းကြမ်း ဆွဲလိုက်တယ်။
"အဖေ အဖေ့ကို နှစ်သစ်မှာ ဆထက်တပိုး တိုးလို့ ကြီးပွားချမ်းသာပါစေ လို့ ဆုတောင်းရင်း အဖေ့ကို ဒါတွေနဲ့ ကန်တော့ပါတယ်။ ကြမ်းပြင်နဲ့ မဆန့်တော့တဲ့ အတွက် ဒီလောက်ကြီးမားတဲ့ နွားတွေ၊ ဝက်တွေ၊ ဘဲငန်းတွေ ကိုပါ လက်ခံပါ လို့ တောင်းပန်ပါရစေ အဖေ"
"ကောင်းမှ ကောင်းကွယ်" လို့ ယောက္မကြီးက မိန့်မိန့်ကြီး ပြုံးရင်း ပြောလိုက်တယ်။ "မင်းဟာ မင်းမယားညီအကို ထက်တောင် အမြော်အမြင် ကြီးသေးတယ်။ ဒါပေမယ့် မင်းလည်း ဖြုန်းလွန်းတယ်လို့ ထင်တယ်ကွယ့်။ မင်းတို့နှစ်ယောက် အဖေ့ကို ခုလို အလိုက်တသိ လာကန်တော့ကြတဲ့ အတွက် အဖေကလည်း အတုံ့အပြန် အနေနဲ့ မင်းတို့ကို ဒီပုလင်းထဲက အရက်ကို တိုက်လိုက်ပါရစေကွယ်" ယောက္ခမကြီးက သမက်နှစ်ယောက်ကို အဲဒီလို ပြောဆိုပြီး တော့ အရက်ငှဲ့ဟန် လုပ်လိုက်သတဲ့။ ပြီးတော့ အရက်နှစ်ခွက် ကမ်းပေးတဲ့ ပုံစံ သမက်နှစ်ယောက်ကို ကမ်းပေးလိုက်သတဲ့။
ပြီးတော့ အရက်ခွက် လှမ်းယူတဲ့ ပုံစံ လှမ်းယုလိုက်ပြီး သောက်လိုက်ကြသတဲ့။ နောက်ပြီး စိတ်ထဲမှာတော့ ကျိတ်ပြီးတော့ မှတ်ချက် ချလိုက်သတဲ့။ ငါတို့က ယောက္ခမကြီးရဲ့ အဆင့်ကိုမှီဖို့ အတော် ကြိုးစားရဦးမှာပဲ" တဲ့။ မှတ်သား ချီးကျူးစရာကောင်းတာက ကပ်စီးကုတ်မယ် ဆိုတဲ့ သူဟာ သူများကို ဘာမှ မပေးချင်ဘူးဆိုရင် ကိုယ်လည်း ဘာမှ ပြန်မမျှော်လင့် သင့်ပါဘူး။ Crd
0 Comments