ကန့်လန့်တိုက်သော နောက်လိုက်များ

တခါတုန်းက ရွာတရွာမှ သူဌေးကြီး တဦးဟာ သူ့ရွာက လူငယ် ရွာသားလေးတွေ ထဲမှာ ဉာဏ်ရည်ထက်မြက်သူ ဘယ်လောက် ရှိသလဲ စမ်းသပ်ဖို့ အတွက် အစီအစဉ် တခုကို အကောင်အထည် ဖော်လိုက်တယ်။

အစီအစဉ်အရ ရွာလယ် မြေကွက်လပ်ကြီးမှာ ဝါးလုံးတိုင် တတိုင် ထူပြီး ဝါးလုံးဖျားမှာ အဖိုးတန် ပစ္စည်းတွေ ချိတ်ဆွဲထား လိုက်တယ်။ ပြီးတော့ ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး

"ကိုင်း ငါ့လူတို့ ဒီဝါးလုံးတိုင် ပေါ်ကို ဖက်လည်း မတက်ရဘူး။ လှဲလည်း မလှဲရဘူး။ မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာ ချိတ်ထားတဲ့ အဖိုးတန် ပစ္စည်းတွေကို ရအောင် ယူကြပေတော့" လို့ သူဌေးကြီးက ပြောလိုက်ပါတယ်။

ရွာထဲက လူငယ်တွေ စုရုံး ရောက်ရှိလာကြပြီး ဝါးလုံးတိုင်ရဲ့ ထိပ်က ပစ္စည်းတွေကို ဘယ်လို ယူရမလဲ ကြံဆကြတာပေါ့။ ဒါပေမယ့် တိုင်ကိုလည်း ဖက်မတက်ရ၊ လှဲလည်း မယူရ ဆိုတော့ အကြံ အိုက်ကုန် ကြပါတယ်။

အဲ့ဒီအချိန် မောင်ဉာဏဆိုသူ လူငယ်တယောက် ရောက်လာပြီး သူဌေးကြီးကို မေးတယ်။ "ဦးမင်း တိုင်ပေါ် ဖက်လည်း မတက်ဘူး၊ လှဲလည်း မလှဲဘူး။ ဒါပေမယ့် တိုင်ကိုတော့ ချွတ်ခွင့် ပြုနိုင်မလား"

သူဌေးကြီးက လူငယ်ရဲ့ စကားကြောင့် ခဏတော့ အံ့သြ မင်သက် သွားတယ်။ ပြီးတော့မှ "ရပါတယ် တိုင်ကို ချွတ်ချင်တော့ ချွတ်ပါ။ ဒါပေမယ့် လှဲချယူလို့တော့ မဖြစ်ဖူးနော်။ ချွတ်ပြီးရင်လည်း ဒီအတိုင်း ထောင်လျက် အနေအထားက နေဘဲ ရအောင် ယူရမယ်" လို့ ပြောတယ်။

မောင်ဉာဏလည်း ဝမ်းသာအားရနဲ့ ဝါးလုံးတိုင်ကို ချွတ်ယူ လိုက်တယ်။ ပြီးတော့ ထောင်လျက်အတိုင်းဘဲ သယ်မထုတ်လာပြီး မလှမ်းမကမ်းက ရေတွင်းဆီ အပြေးအလွှား ယူသွားတယ်။

ပြီးတော့ ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်း ချလိုက်ပြီးမှ ဝါးလုံးဖျားကို မီလောက်တဲ့ အခါ အဖျားမှာ ချိတ်ဆွဲထားတဲ့ ပစ္စည်းတွေကို တခုစီ ဖြုတ်ယူလိုက် ပါတော့တယ်။

သူဌေးကြီးနဲ့ တချို့သော လူငယ်တွေက မောင်ဉာဏရဲ့ ဉာဏ်သွားပုံကို လက်ခုပ် လက်ဝါးတီး အသိအမှတ် ပြုကြပေမယ့် တချို့သော လူငယ်တွေက

"ဒါ ဘာဆန်းလို့လဲ သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူးလေ။ အစထဲက ဝါးလုံးကို အဲဒီလို နှုတ်ယူသွားလို့ ရတယ် ပြောရင် ငါတို့လည်း လုပ်လို့ ရတာပေါ့" ဆိုပြီး ဖောင်းထုကြ ပါတယ်။

ဒီစကားကို ကြားတဲ့ သူဌေးကြီးက ထိုလူတစုကို အခုလို ပြောလိုက် ပါတော့တယ်။ "ဒီမှာ မောင်ရင်တို့ သူများ ဒါလုပ်လို့ ဖြစ်တယ် ဆိုတော့မှ ငါလည်း လုပ်နိုင်တာပေါ့ ဆိုကတည်းက မောင်ရင်တို့ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး။ နောက်လိုက် တွေပဲ ဖြစ်တယ်။

နောက်လိုက်မှ ဖြောင့်ဖြောင့် လိုက်တဲ့ သူတွေ မဟုတ်ဘူး။ ကန့်လန့်တိုက်သူ တွေပဲ ဖြစ်တယ်။ ပြီးတော့ အစထဲက သူ့လို မောင်ရင်တို့ အမေးအစမ်း ရှိခဲ့လို့လား သူက ဖြစ်နိုင်တဲ့ နည်းလမ်းကို အရင်ကြံဆ ကြည့်ပြီး ဝါးလုံးကို နှုတ်ယူလို့ ရလား မေးတယ်။

ရတယ် ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်းအတိုင်း သတ်မှတ်ထားတဲ့ စည်းကမ်းဘောင် ထဲက ရအောင် ယူသွားတယ်။

သူ့လို စိတ်ကူးစိတ်မှန်း မရှိလို့ ကိုယ်မလုပ်ခဲ့ နိုင်ရင်လည်း သူလုပ်ပြသွားတာကို ကောင်းမွန်စွာကြည့် နည်းနာ ယူကြပြီး နောက်လိုက်ကောင်း ဖြစ်အောင် ကျင့်ကြံကြ ပါလားကွယ်။

သူ့ကို ရှုံ့ချပြီး ကန့်လန့်တိုက် စကားပြောတယ် ဆိုတာ ကတော့ ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင် ချပြသလို ဖြစ်နေတော့မှာပေါ့။ ရှက်စိတ် ကလေးတော့ ရှိကြပါကွယ်" ဖိုးစိန်လေး

Post a Comment

0 Comments