ခမောက်ရောင်းသမားလေးရဲ့ သင်ခန်းစာ

ရှေးရှေးတုန်းက ခမောက်ရောင်းသမား တယောက်ဟာ သူ့အိမ်က ထွက်ပြီး ဈေးကို သွားရောင်းတယ်။ ခမောက်တွေကို ခြင်းကြီး နှစ်လုံးထဲမှာ ထည့်ပြီး အလယ်က ဝါးလုံးနဲ့ ထမ်းလာတယ်။ နေပူလို့ ခမောက်တလုံးကို သူ ဆောင်းထားတယ်။

လမ်းတဝက်မှာ ညောင်ပင်ကြီးတပင်အောက် သူရောက်လာတယ်။ ခြင်းတောင်းကြီး နှစ်လုံးကို နေပူထဲ ထမ်းလာရတော့ သူအလွန် မောနေတယ်။ ညောင်ပင်ကြီးရဲ့ အရိပ်အောက် ရောက်တော့ အေးမြသွာတယ်။ သူ အနားယူချင်စိတ် ပေါက်သွားတယ်။

ခြင်းတောင်းကြီးကို ချပြီး ညောင်ပင်ကြီးအောက်မှာ နားလိုက်တယ်။ ခြေပစ်လက်ပစ် အနားယူရင်း သူအိပ်ပျော် သွားတယ်။ အိပ်ရာကနိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းထဲမှာ ခမောက်တွေ တလုံးမှ မရှိတော့ဘူး။ သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ ခမောက်ပဲ ကျန်တော့တယ်။

ခမောက်တွေ ဘယ်ရောက်သွားသလဲ လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တအုပ်ရဲ့ ခေါင်းတွေပေါ် ရောက်ကုန်တယ်။ ဒီခမောက်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး သူအကြံထုတ်တယ်။

သူက အားတဲ့အချိန်မှာ အမြဲ စာဖတ်တော့ ပြသနာ တခုကို ခေါင်းအေးအေး ထားပြီး စဉ်းစားတတ်တယ်။

နာရီဝက်လောက် ကြာတော့ သူအကြံတခု ရသွားတယ်။ သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ် ပြန်ဆောင်းပြပြီး မျောက်တွေ မြင်သာတဲ့ နေရာ ထွက်လိုက်တယ်။

မျောက်တွေ မြင်လောက်ပြီ ထင်တော့မှ ခမောက်ကို ချွတ်ပြီး ခေါင်းကုပ် ပြတယ်။ မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ် ခေါင်းကုပ် ကြတယ်။

အဲဒီနောက် ပူလွန်းလို့ ခမောက်တောင် မကိုင်ချင်တဲ့ ပုံစံနဲ့ သူက ခမောက်ကို မြေကြီးပေါ် ပစ်ချလိုက်တယ်။ မျောက်တွေကလည်း သူလုပ်တာ မြင်ပြီး သူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက် ကြတယ်။

ဒီတော့မှ သူဟာ မျောက်တွေ ပစ်ချလိုက်တဲ့ ခမောက်တွေကို အလျင်အမြန် ကောက်ပြီး ပြန်ထည့်လိုက်တယ်။ ဒီနည်းနဲ့ မျောက်တွေ လက်ထဲက ခမောက်တွေ အားလုံးကို သူပြန်ရလိုက်သတဲ့။

နှောင် နှစ်ပေါင်း၂၀ လောက် ကြာတဲ့အခါ စောစောက ခမောက်ရောင်းသမားရဲ့ မြေးကလေးက ခမောက်ရောင်း ထွက်သတဲ့။ သူ့အဘိုး အိပ်စက်ခဲ့တဲ့ ညောင်ပင်ကြီးအောက် ရောက်တော့ တောင်းကို ချပြီး အနားယူ ပြန်သတဲ့။ သူဟာ ခြေပစ်လက်ပစ် အိပ် ပျော်သွားတယ်။

အိပ်ရာက နိုးတော့ ခြင်းထဲက ခမောက်တွေ မရှိတော့ဘူး။ ညောင်ပင်ပေါ်က မျောက်တွေရဲ့ ခေါင်းပေါ် ရောက်နေတယ်။ ဒီတော့ သူ့အဘိုး ပြောတာ အမှတ်ရပြီး သူ့အဘိုး လုပ်သလို ခမောက်တွေ ပြန်ရအောင် ကြိုးစားတယ်။

သူက ခမောက်ကို ချွတ်ပြီး ခေါင်းကုပ်တယ်။ မျောက်တွေကလည်း သူ့လို လိုက်လုပ်တယ်။ သူက ခမောက်တွေနဲ့ ယပ်ခတ် ပြပြန်တယ်။ မျောက်တွေ ကလည်း သူတို့ ခမောက်တွေနဲ့ ယက်ခတ်ကြ ပြန်တယ်။

နောက်ဆုံးမှာ သူက လက်ထဲက ခမောက်ကို လွှင့်ပစ် လိုက်တယ်။ ပြီးတော့ သူ့လို ခမောက်တွေ ပစ်ချမလား ဆိုပြီး မျောက်တွေ ကို မော့ကြည့်တယ်။ ဘယ်မျောက်မှ ခမောက်ကို လွတ်မချကြဘူး။

လက်ထဲမှာ အသေ ဆုတ်ကိုင် ထားကြတယ်။ သူ အံ့သြ ငေးမော ကြည့်နေတုန်း မျောက်တကောင်က သူပစ်ချလိုက်တဲ့ ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ် တက်သွားသတဲ့။

သစ်ပင်ပေါ် ပြေးမတက်ခင် သူက အဲ့ ဒီမျောက်ကို စကားတခွန်း ပြောသွားတယ်။ "မင်းမှာ အဘိုးရှိ သလို ဒို့မှာလည်း အဘိုးရှိတယ် ဆိုတာ မမေ့နဲ့လေ" တဲ့။ အခက်အခဲ တခုခု ကြုံတွေ့လို့ လုပ်နေကြ နည်းလမ်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အခါ ဒီပုံပြင်လေးကို အမှတ်ရကြပါစေ။ Crd

Post a Comment

0 Comments