ဆံညှပ်ကလေး အခုတရာ

တခါတုန်းက ဘုရင်တပါးမှာ သမီးတော် (၇) ယောက် ရှိတယ်။ သမီးတော်တွေဟာ ချောမော လှပကြပြီး ရှည်လျား နက်မှောင်တဲ့ ဆံပင်ကိုယ်စီ ပိုင်ဆိုင်ထား ကြတယ်။ ဒါကြောင့် ဘုရင်က သမီးတော်တိုင်းကို လှပတဲ့ ဆံညှပ်အခု (၁ဝဝ) စီ လက်ဆောင်ပေးခဲ့တယ်။

တနေ့မနက်မှာ ပထမ သမီးတော်ဟာ အိပ်ရာက ထပြီး ခါတိုင်းလိုပဲ ဆံပင်တွေကို ဖြီးသင် နေခဲ့တယ်။ အဲဒီလို ဖြီးသင်နေတုန်း သူ့ရဲ့ ဆံညှပ်တချောင်း ပျောက်နေတာကို သူ သတိထားမိ လိုက်တယ်။ အဲဒါနဲ့ ဒုတိယသမီးတော် ဆီကနေ ဆံညှပ် တချောင်း သူတိတ်တိတ်လေး ခိုးယူလိုက်တယ်။

ဒုတိယသမီးတော် ကလည်း သူ့ဆံညှပ်တချောင်း ပျောက်နေတာကို သတိထားမိတော့ တတိယသမီးတော်ရဲ့ ဆံညှပ်တချောင်းကို ခိုးယူလိုက်တယ်။ တတိယ သမီးတော်ကလည်း သူ့ဆံညှပ်တချောင်း ပျောက်နေတာကို သတိထားမိတော့ စတုတ္ထသမီးတော်ရဲ့ ဆံညှပ်တချောင်းကို ခိုးယူလိုက်တယ်။

စတုတ္ထသမီးတော်က ပဉ္စမသမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ပဉ္စမ သမီးတော်က ဆဠမ သမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ ဆဠမ သမီးတော်က သတ္တမ သမီးတော်ရဲ့ ဆံညှပ်ကို ခိုးယူတယ်။ အဲဒီလိုနဲ့ သမီးတော် အငယ်ဆုံးရဲ့ ဆံညှပ်က ၉၉ ခုပဲ ရှိတော့တယ်။

နောက်တနေ့မှာ အိမ်နီးချင်းနိုင်ငံက မင်းသားတပါးဟာ ဘုရင်ကြီးဆီ ရုတ်တရက် အလည် ရောက်လာခဲ့တယ်။ မင်းသားက "မနေ့က ကျွန်တော်မျိုး မွေးထားတဲ့ ခိုတကောင်ဟာ ဆံညှပ် တခုကို ကိုက်ချီလာခဲ့တယ်။

အရှင်မင်းကြီးရဲ့ သမီးတော် တွေရဲ့ဆံညှပ် ဖြစ်မယ် ထင်လို့ ကျွန်တော်မျိုး လာရောက်ရခြင်း ဖြစ်ပါတယ်။ ဘယ်သမီးတော်ရဲ့ ဆံညှပ် ပျောက်သွားသလဲ ဘုရား" လို့ ဘုရင်ကြီးကို လျှောက်တင်တယ်။

သမီးတော်တွေက မင်းသားရဲ့ စကားကို ကြားတော့ သူပျောက်ပါတယ်၊ ငါပျောက်ပါတယ်လို့ ပြောချင်ပေမယ့် သူတို့ဆီ မှာက ဆံညှပ် အခုတရာစီ ရှိနေတော့ မပြောနိုင်ခဲ့ ကြဘူး။ အဲဒီမှာ သမီးတော်လေးက "သမီးတော်ရဲ့ ဆံညှပ်တချောင်း ပျောက်သွားပါတယ်" လို့ ပြောလိုက်တယ်။

စကား ပြောပြောပြီးချင်း ဆံညှပ်တချောင်း လျော့နေတဲ့ သမီးတော်ရဲ့ ဆံနွယ်တွေဟာ ဖြည်လျော ကျလာခဲ့တယ်။ ဆံနွယ်တွေနဲ့ လှပနေတဲ့ သမီးတော်ရဲ့ အလှကို မင်းသားလေးက ရင်သပ်ရှုမော သွားခဲ့ပါတယ်။ နောက်ဆုံးတော့ ပုံပြင်ရဲ့ အဆုံးက မင်းသားနဲ့မင်းသမီး ပျော်ပျော်ရွှင်ရွှင် ညားကြလေသတည်းပေါ့။

ဆံညှပ် အခုတရာဟာ လုံးဝ ပြီးပြည့်စုံတဲ့ လူ့ဘဝလို့ ဆိုရင် ဆံညှပ်တခု လျော့နေတဲ့ ဘဝက မပြီးပြည့်စုံတဲ့ ဘဝလို့ ဆိုရပါမယ်။ မပြီးပြည့်စုံတဲ့ ဘဝဟာ နောင်တချိန်မှာ ပြောင်းလဲခွင့်ရှိတဲ့ အခွင့်အရေးကို ရပါလိမ့်မယ်။ အဆုံးမရှိတဲ့ ပြောင်းလဲခွင့်နဲ့ကြုံနိုင်ပါတယ်။

ချွတ်ယွင်းချက် ရှိတာနဲ့ စိတ်ညစ်မှိုင်တွေ နေတော့မှာလား။ လူ့ဘဝရဲ့ မပြည့်စုံခြင်းကို ဘယ်လိုရင်ဆိုင်မလဲ။ မျက်ကွယ် ပြုတယ်ဆိုတိုင်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ရင်ဆိုင်ရတယ် ဆိုတိုင်း ခက်ခဲတာ မဟုတ်ပါဘူး။

အထီးကျန်တယ် ဆိုတိုင်း မပျော်ရွှင်တာ မဟုတ်ပါဘူး။ ရယူပိုင်ဆိုင်ပြီ ဆိုတိုင်း ထာဝရ တည်မြဲတာ မဟုတ်ပါဘူး။ ရှုံးဆုံးပြီ ဆိုတိုင်း နောက်တဖန် မပိုင်ရတော့တာ မဟုတ်ပါဘူး။ လှည့်ထွက်ခဲ့တယ် ဆိုတိုင်း စိတ်ဓာတ်ပျော့လို့ မဟုတ်ပါဘူး။

ရွေးချယ်စရာလမ်း မရှိတော့ဘူးလို့ အလျင်စလို မပြောလိုက်ပါနဲ့။ လောကမှာ အမှားနဲ့ အမှန်ပဲ ရှိတယ်လို့ မထင်လိုက်ပါနဲ့။ ကိစ္စတော်တော်များများရဲ့ အဖြေဟာ တခုတည်းရှိတာ မဟုတ်ပါဘူး။ ကျွန်မတို့မှာ လျှောက်ဖို့လမ်းတွေ အမြဲ ရှိနေပါသေးတယ်။

လက်လွှတ်တတ်ဖို့ သိနားလည်သူဟာ ပေါ့ပါးတယ်။ မေ့တတ်ဖို့ သိနားလည်သူဟာ လွတ်လပ်တယ်။ စိတ်ညစ်ဖို့ သင်ဆင်ခြေ ပေးနိုင်ရင် ပျော်ရွှင်ဖို့အတွက် ကိုလည်း သင် ဆင်ခြေ ရှာနိုင်ပါတယ်။ Crd

Post a Comment

0 Comments