လိုင်းထဲမှာ ထောင်ချောက်ရှိတယ်

ရဲစခန်းတခုရဲ့ လိုင်းထဲမှာ ကြွက်တကောင် ရှိတယ်။ ကြွက်ဆိုတာက သိတဲ့အတိုင်း အဖျက်သမားလို့ သိထားတာကြောင့် လူတိုင်းက မုန်းတယ်။

တနေ့တော့ ကြွက်က စခန်းမှူး စားမယ့် ကိတ်မုန့်ကို ကိုက်တယ်။ စခန်းမှူးမိန်းမက စိတ်ဆိုးပြီး ကြွက်ကို ထောင်ဖမ်းဖို့ ဆုံးဖြတ်တယ်။ ကြွက်ကို ဘာနဲ့ ဖမ်းရမလဲ။ ကြွက်ဆေးချရင် ဘယ်မှာ သွားသေမှန်း မသိ။ ပုပ်ရင် နံမယ်။

ပြီးတော့ အခန့် မသင့်ရင် ကလေးတွေ အတွက် အန္တရာယ် ရှိတယ်။ ဒီတော့ ကြွက်ကို ထောင်ချောက်နဲ့ ဖမ်းမယ်။ ကြွက်ထောင်ချောက်ကို ဝယ်လာပြီးတော့ လိုင်းထဲမှာ အစာနဲ့ ထောင်ထားတယ်။ ကြွက်ကလည်း ခေသူမဟုတ်တော့ ထောင်ချောက်မှန်း သိတယ်။

ဒါကြောင့် "လိုင်းထဲမှာ ထောက်ချောက် ရှိတယ် လိုင်းထဲမှာ ထောင်ချောက်ရှိတယ်" လို့ လိုက်အော်တယ်။ အော်ရုံနဲ့ မပြီးသေးဘူး လိုင်းထဲမှာ မွေးထားတဲ့ ဝက်ကို သွားပြောတယ်။

"ကိုဝက်ကြီး လိုင်းထဲမှာ ထောင်ချောက် ရှိတယ်"

"အဲဒီ ထောင်ချောက်က မင်းအတွက် ငါ့အတွက် မဟုတ်ဘူး"

ကြွက်က နွားဆီ သွားပြန်တယ်။ "ကိုနွားကြီး လိုင်းထဲမှာ ထောင်ချောက် ရှိတယ်"

"အဲဒါ မင်းတို့ ကြွက်တွေအတွက်။ ငါတို့နွားတွေနဲ့ ဘာဆိုင်သလဲ" ကြွက်က စိတ်ပျက်သွားတယ်။ သူက လိုင်းထဲမှာ လျှောက်အော်တယ်

"လိုင်းထဲမှာ ထောင်ချောက်ရှိတယ်။ လိုင်းထဲမှာ ထောင်ချောက်ရှိတယ်"

နောက်ဆုံး ဒေါ်ကြက်မဆီ သွားပြန်တယ်။

"အဒေါ် လိုင်းထဲမှာ ထောင်ခြောက်ရှိတယ်"

"ဟဲ့ ငါနဲ့ ဘာဆိုင်သလဲ"

ဘယ်သူမှ ကြွက်စကားကို နားမထောင် ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြွက်ထောင်ချောက်ဆိုတာ ကြွက်အတွက်ပဲ။ နွားတွေ၊ ခွေးတွေ၊ ဝက်တွေ၊ ကြက်တွေ အတွက်မှ မဟုတ်တာ။ သတိထားနေတဲ့ ကြွက်က ထောင်ချောက်နားကို မကပ်ပါဘူး။

ဒါပေမဲ့ တညတော့ ထောင်ချောက်ကနေ "ချောက်" ဆိုတဲ့ အသံ ကြားလိုက်ရတယ်။ စခန်းမှူးကတော်ကလည်း ဝမ်းသာအားရ "သေချင်းဆိုးကြွက် ခုတော့ ဘာတတ်နိုင်သေးလဲ" ဆိုပြီး ဝမ်းသာအားရ လက်နှိပ်မီးနဲ့ ဗီရိုအောက်ကို ထိုးကြည့်တယ်။

ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘူး မြွေဖြစ်နေတယ်။ အမြီးကို ထောင်ချောက်မှာ မိနေတာဆိုတော့ ဒေါသထွက်နေတဲ့ မြွေဟာ ဗီရိုအောက်ကို ငုံ့ကြည့်တဲ့ မိန်းမရဲ့ မျက်နှာကို ကိုက်လိုက်တယ်။

မိန်းမကို ဆေးရုံ ပို့ကြတာပေါ့။ ဆေးရုံမှာ အပြင်းအထန် ဝေဒနာ ခံစားနေရတဲ့ မိန်းမကို စားပါစေ ဆိုပြီး လိုင်းထဲက ကြက်ကိုသတ်၊ စွပ်ပြုတ်လေး လုပ်ပြီး သွားပို့ကြတယ်။ မြွေဆိပ်က ပြင်းတော့ မိန်းမလည်း သေတယ်။

မိန်းမသေတော့ ရက်လည် မတိုင်ခင် ဝိုင်းလုပ် ဝိုင်းစားနဲ့ ရွာက လာတဲ့ အမျိုးတွေ ကျွေးဖို့ ဆိုပြီး ဝက်ကို ပေါ်ရတယ်။ ရက်လည်နေ့မှာလည်း တရွာလုံးနဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးကို ကျွေးဖို့ ဆိုပြီး နွားပေါ်ရပြန်တယ်။

ကြွက်က အော်ပါတယ်။ "လိုင်းထဲမှာ ထောင်ချောက်ရှိတယ်။ လိုင်းထဲမှာ ထောင်ချောက် ရှိတယ်" ကြွက်ထောင်ချောက်ဟာ ကြွက်အတွက်လောက် ထင်နေကြတော့ အားလုံး သေကြတော့တာပေါ့။

တချို့ ကိစ္စတွေက ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး နေလို့ မရပါဘူး။ ကိုယ့်အနီးနား မရောက်သေးလို့သာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ထင်နေတာပါ။ တင်ညွန့်

Post a Comment

0 Comments