တခါက စားကျက်မြက်ခင်း ထဲမှာ မြင်းတကောင်နှင့် ငန်းတကောင် ဆုံမိကြသည်။ ငန်းက မြင်း၏ အမူအရာကို သဘောမကျ။ မထီလေးစား အားမနာသည့် ပုံစံဟု မြင်သည်။ ထို့ကြောင့် ဘဲငန်းတို့ ထုံးစံ စူးစူးဝါးဝါး အသံဖြင့် ဆိုသည်။
"ဟေ့ ဒီမှာ ငါက မင်းထက် ပိုပြီးပြည့်စုံတဲ့ ကောင်ပါကွ။ မင်းခန္ဓာကိုယ်ကြီးနဲ့ မင်းလုပ်နိုင်တာ တမျိုးပဲ ရှိတယ်။ ငါက ဟောဒီမြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလည်း လျှောက်နိုင်တယ်။ ပြီးတော့ ငါ့မှာ ဟောဒီ တောင်ပံနှစ်ဖက် ပါတော့ လေထဲ ပျံချင်သပ ဆိုလည်း ပျံနိုင်တယ်။
ရေအိုင်ချောင်းမြောင်း တွေ့ရင်လည်း အသာဆင်း ရေအေးလေး စိမ်ပြီး ကူးခတ် ဆော့ကစား နိုင်တယ်။ ငါ့မှာ ကောင်းကင်က ငှက်၊ ရေထဲက ငါး၊ ကုန်းပေါ်က ဆင် မြင်း ကျွဲ နွား သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်ကွ သိလား" ဟု ဆိုလေသည်။
ဒီစကားကို ကြားတော့ မြင်းက ရယ်သည်။ "ဟုတ်ပါ့ဗျာ ခင်ဗျားမှာ ကုန်း ရေ လေ သတ္တဝါသုံးမျိုးရဲ့ စွမ်းအားတွေ စုနေတာကိုး။ ဒါပေမယ့် ဘယ်စွမ်းအားမှ ပြည့်ပြည့်ဝဝမရှိ၊ မစို့မပို့ကြီး ဖြစ်နေတာ ဆိုးတယ်ဗျာ။
ခင်ဗျားပျံတယ် ဆိုတာ မနိုင်မနင်း လေးလေးလံလံကြီး၊ မြေပေါ်က ခဏတဖြုတ် လွတ်တယ် ဆိုရုံ ဟိုနား ဒီနားလောက် ရောက်တာ။ အဲဒါနဲ့တင် ကိုယ့်ကိုယ်ကို စင်ရော်တို့ လင်းယုန်တို့လို ငှက်စာရင်းသွင်းလို့ ဖြစ်မလား။
ရေမှာဆိုလည်း ငြိမ်သက်တဲ့ ကန်ရေပြင်လို ဟာမျိုးမှာ အပေါ်ယံလေး ရှပ်ပြီး ရွေ့ရွေ့လေး သွားနိုင်တာ။ ငါးလို ဖျံလို ကျင်လည်တာ မဟုတ်ဘူး။ လှိုင်းတွေ လေတွေနဲ့ဆို ခင်ဗျား ထွက်ပြေးမှာ မဟုတ်လား။
မြေကြီးပေါ် လမ်းလျှောက်တော့ရော လူတွေ ပြောပြောနေကြတဲ့ ဘဲသွား သွားတယ် ဆိုတာ ခင်ဗျားတခါမှ မကြားမိဘူးလား။ ခင်ဗျား လမ်းသွားပုံ အချိုးမကျတာကို ပြောတာ။ ခြေထောက်ပြားပြားကြီး မြောက်လိုက်ချလိုက်နဲ့ တလှမ်း လှမ်းလို့လည်း ဘယ်လောက်မှ မရောက်ဘူး။
ကျုပ်က ခင်ဗျားပြောသလို တမျိုးတည်း စွမ်းတာ မှန်ပါတယ်။ ဒါပေမယ့် တမျိုးဆို ဆိုသလောက် ပြတ်ပြတ်သားသား စွမ်းတယ်။ ကျုပ်က မြေကြီးပေါ်မှာ အရှိန်အဟုန်နဲ့ ပြေးလွှားဖို့ မွေးဖွားလာတဲ့ သတ္တဝါ။
ကျုပ်ရွရွလေး ခုန်ပေါက် ပြလိုက်ရုံနဲ့ ကျုပ်ကိုယ်ထဲမှာ ခွန်အားတွေ ဘယ်လောက် ကြီးကြီးမားမား ကိန်းအောင်းနေတယ် ဆိုတာ သိနိုင်တယ်။
ကျုပ်က တမျိုးတည်းသမား။ အဲဒီ တမျိုးမှာတော့ ထူးထူးချွန်ချွန် ပေါက်ပေါက် မြောက်မြောက် ထိပ်ဆုံးရောက်တဲ့သူ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တက်သလို နပ်သလိုနဲ့ ဘယ်နေရာမှ အသုံးမကျ အရာမဝင်တဲ့ ဘဲငန်းမျိုး မဟုတ်ဘူး" ဟု မြင်းက ပြန်လည်ပြောဆို လေသည်။
သင့်အနေနှင့်ရော ဘဲငန်းတကောင်လို မရေမရာ ဟိုမှာသည်မှာ ဝင်ပါရုံ ဘဝမျိုးကို မလိုလားလျှင် တခုခုမှာ ထူးထူးချွန်ချွန် ဖြစ်အောင် ကြိုးစားဖို့တော့ လိုလိမ့်မည်။
သို့သော် ဘယ်နယ်ပယ်မှာ ထူးခွန်အောင် လုပ်မည်လဲ စဉ်းစဉ်းစားစား ရွေးချယ်ဖို့ လိုလေသည်။ သင့်တဘဝစာ မြုပ်နှံရမည့် အလုပ်၊ အဲဒီအလုပ်မှာ ပျော်ဖို့လိုသည်။ အခိုက်အတန့် စိတ်ဝင်စားမှုထက် ရေရှည်အတွက်ကို သင်စဉ်းစားရလိမ့်မည်။
သင်ပျော်သော အရာ၊ သင်တကယ် စိတ်အားထက်သန်မည့် အရာ၊ တသက်တာ အကျိုးရှိမှာ သေချာသောအရာ၊ သင့်မှာ နဂိုမူလ ကတည်းက သူများထက် ပို၍ အစွမ်းအစ ပါလာသည်ဟု သင်ယူဆ ယုံကြည်ထားသည့် အရာ အဲဒီအရာမျိုးကို ရွေးချယ်ဖြစ်ဖို့ လိုသည်။
ရွေးချယ်ပြီးပြီ ဆိုလျှင် အဲဒီအရာ၊ အဲဒီ ပညာရပ်၊ အဲဒီ လုပ်ငန်းကဏ္ဍ နယ်ပယ်ထဲမှာ တဘဝလုံး ပုံအပ်၍ ထူးထူးချွန်ချွန် ဖြစ်အောင် ကြိုးစားလုပ်ကိုင်ပါ။ phoomyatchal
0 Comments