အိမ်စောင့်ခွေးနှင့် သူခိုး

တခါတုန်းက ညတညမှာ သူခိုးတယောက်ဟာ အိမ်တအိမ်မှ ပစ္စည်း ဥစ္စာ ခိုးယူရန် ဝင်ရောက်လာ၏။ ထိုအခါ အိမ်စောင့်ခွေး ကလည်း ကျူးကျော်လာသော သူခိုးကို မြင်သည်နှင့် တပြိုက်နက် ကျယ်လောင်စွာ ဟိန်းဟောင်နေ လေသည်။

သူခိုးကလည်း ခွေးဟောင်သံကို ကြားလျှင် အိမ်သူ အိမ်သား နိုး၍ သူ့ရဲ့ အကြံအစည်တွေ ပျက်စီးသွားမှာ စိုးရိမ်သောကြောင့် အလိုက်သင့် ယူဆောင်လာသော အမဲသားတုံးကို ခွေးအား ပစ်ပေးလိုက်၏။

သို့သော်လည်း အိမ်စောင့် ခွေးက သူခိုး ယူဆောင်လာသော အမဲသားတုံးကို မစားဘဲ ဆက်လက်၍ ဟောင်နေပါ တော့သည်။ ထို့နောက် အိမ်စောင့်ခွေးဟာ အလွန်တရာ ဒေါသ ထွက်လွန်း၍ သူခိုးအား

"သင့်ကို ငါက လူဆိုးတယောက် ဟုသာ ထင်ခဲ့မိသည်။ သို့သော် အခုကျတော့ ငါ့ကို အမဲသားတုံးနဲ့ နှုတ်ပိတ်အောင် လာဘ်ထိုးနေပါလား။ ဒီလို လုပ်ရပ်ကြောင့် လူဆိုးသူခိုး အစစ်အမှန် ထင်ရှားလှသည်။

ဒါကြောင့် ရှေ့သို့ တိုး မလာပါနှင့်။ အကယ်၍ လာခဲ့လျှင် ငါ့ရဲ့ အိမ်စောင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ငါ့ရဲ့ သခင် နိုးသည်အထိ ဟိန်းဟောင်နေမည်" ဟု ပြောကြားလိုက် လေ၏။ Ref : The Thief and the Housedog

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ သူခိုးလို လူမျိုး မိမိ လိုချင် တောင့်တတဲ့ အရာတွေကို လာဘ်ထိုးပြီး လုပ်နေကြသူများ ရှိနေတတ်ကြ ပါတယ်။ လာဘ်ထိုးမှုဟာ နေရာတိုင်း လိုလိုမှာ ရှိနေတတ် ကြပါတယ်။

ငွေကြေး ဥစ္စာ ရှိတဲ့သူက သူတို့၏ ဖြစ်ချင်မှု လိုချင်မှုတွေကို လာဘ်ထိုးမှုများ ပြုလုပ်နေတတ် ကြပါတယ်။ ငွေကြေး ဥစ္စာ မချမ်းသာတဲ့ သူတွေကျတော့ အားငယ်ငယ်နဲ့ မိမိ ဖြစ်ချင်တာ လိုချင်တောင့်တ တာတွေကို မရခဲ့ရှာ။

နောက်ပြီး တချို့ နေရာတွေ၊ အလုပ်အကိုင်တွေ၊ ဌာနတွေမှာ လာဘ်ထိုးတဲ့ သူတွေ ကျတော့ ရှေ့ရောက်၍ လာဘ်မထိုးနိုင်တဲ့ သူတွေက နောက်မှာသာ အမြဲကျန်ရစ် နေတတ်ကြပါတယ်။ ဌာနတိုင်း နေရာတိုင်းတွေမှာ လာဘ်ထိုးမှုဟာ မသိမသာ အနည်းငယ်စီ ရှိနေတတ်ကြပါတယ်။

လာဘ်ထိုးမှုရဲ့ အဓိက အကြောင်းအရင်းက မိမိရဲ့ တကိုယ်ကောင်း ဆန်မှုနဲ့ လောဘတရား ကြောင့်သာ ဖြစ်ပါတယ်။ တကိုယ်ကောင်း မဆန်ပါနဲ့။ လူတိုင်းမှာ ဖြစ်ချင်တာ ပိုင်ဆိုင်ချင်တာ ရှိနေတတ် ပါတယ်။ မျှဝေပြီး ခံစားခွင့် ပေးလိုက်ပါ။

လူတိုင်းမှာ လောဘတော့ အနည်းအများ ရှိနေတတ်ပါတယ်။ သို့သော် လောဘတရား မလွန်ကဲ ပါနဲ့။ ရိုးသားမှုဖြင့် ရှာဖွေ စားသောက်ပါ။ လာဘ်ထိုးမှု အလေ့အကျင့်ကို ဖျောက်ပါ။ လာဘ်ထိုးသူထက် အရည်အချင်း ပြည့်ဝတဲ့ သူကိုလည်း ဦးစားပေးဖို့ လိုအပ်ပါတယ်။ လာဘ်ထိုးသူထက် ရိုးသားသူကို ဦးစားပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ လာဘ်ထိုး စားသူများ ရှိနေပါလျှင် ဘာမှ သုံးစားလို့ မရတဲ့သူလည်း အထက်အရာရှိ ဖြစ်သွားနိုင်ပါတယ်။ ဘာမှ မလုပ်တတ် မကိုင်တတ်တဲ့ သူတွေ အုပ်ချုပ် လုပ်ကိုင်နေရင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ဖြစ်လာမည် မဟုတ်ပါ။

လာဘ်ထိုးမှု လာဘ်ထိုးစားမှု လျော့နည်းမှသာ လူသားတိုင်းမှာ မိမိဖြစ်ချင်တဲ့ အိပ်မက်ကို မက်၍ မိမိရဲ့ အိပ်မက်ကို ပိုင်ဆိုင်လာရမှာသာ ဖြစ်ပါတယ်။ phoomyatchal

Post a Comment

0 Comments