ဟိမဝန္တာကို ကျော်လွန်၍

TV ဖန်သားပြင်ပေါ် ထင်ဟပ်တဲ့ အဲဒီပုံရိပ်က ကျွန်တော့်ကို ပထမဆုံး အကြိမ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့ ပါတယ်။ အစီအစဉ် တင်ဆက်သူလိုပဲ ဒါဟာ ကျွန်တော့်ကို ပထမဆုံး အကြိမ် ရင်နင့် မျက်ရည်ကျစေတဲ့ မြင်ကွင်း ဖြစ်ပါတယ်။

အဲဒီမြင်ကွင်းက CCTV အသံလွှင့် ဌာနက ထုတ်လွှင့်တဲ့ Our Earth ဆိုတဲ့ အစီအစဉ်ထဲမှာ ကြည့်ခဲ့ရတာ ဖြစ်ပါတယ်။

ဟိမဝန္တာတောင်ကို ကမ္ဘာ့ အမြင့်ဆုံးတောင် လို့ လူတွေ တင်စားကြ ပါတယ်။ ငှက်တောင်မှ ဖြတ်ကျော် ပျံသန်းလို့ မရတဲ့တောင် လို့လည်း ဆိုကြပါတယ်။ ဟိမဝန္တာတောင်ရဲ့ အမြင့်ဆုံး တောင်ထိပ် ဧဝရက်တောင်ကို တက်ကြတဲ့ လူ ၁ဝ ယောက် လောက်မှာ ၁ ယောက်က သေဆုံးရ ပါတယ်။ တောင်ထိပ် အရောက် တက်နိုင်ခဲ့ရင်တောင် ကြာရှည် မနေနိုင်ခဲ့ ကြပါဘူး။

ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း Demoiselle ကြိုးကြာငှက် ၅ သောင်းခန့်ဟာ အိန္ဒိယဘက်ဆီ ဆောင်းခိုဖို့ ဟိမဝန္တာတောင်ကို ဖြတ်ကျော် ပျံသန်းကြ ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ရွေ့ပြောင်းမှု တခုပါ။

မနက်ပိုင်း ဆိုရင် တောင်ထိပ်မှာ လေကြမ်းတိုက်ခိုက် ပါတယ်။ Demoiselle ကြိုးကြာငှက်တွေက လုံလောက်တဲ့ အမြင့်ဆီ ပျံသန်းနိုင်မှ သာလျှင် လေကြမ်းကို ရှောင်နိုင်မှာဖြစ်တယ်။

ဒါပေမယ့် ပြင်းထန်တဲ့ လေထုနဲ့ ကြုံရင် သူတို့ လမ်းကြောင်း ပြန်လှည့်ရ ပါတယ်။ ပြန်မလှည့်ရင် သူတို့ သေဆုံးရ ပါတယ်။ နေ့သစ်မှာ မျှော်လင့်ချက် အသစ်နဲ့ သူတို့ ပျံသန်းကြ ပြန်ပါတယ်။

အချင်းချင်း နီးနီးကပ်ကပ်နဲ့ ညာသံပေးပြီး ပျံသန်းကြ ပြန်ပါတယ်။ အစာရေစာ ချို့တဲ့လို့ သူတို့ဟာ အင်အားချိနဲ့ နေကြပါပြီ။ အပေါ်ဘက်ဆီ ထိုးတက်တဲ့ လေနွေးငွေ့ကို အားပြု ပြီး ကိုယ့်ကိုယ်ကို အမြင့်ကို ရောက်ဖို့ သူတို့ ပျံသန်းကြပါတယ်။

Demoiselle ကြိုးကြာငှက်များ အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဟိမဝန္တာတောင်ကို ဖြတ်ကျော် ကြတာပါ။ တချို့ Demoiselle ကြိုးကြာငှက် အတွက်တော့ ဒါဟာ နောက်ဆုံးတကြိမ်လည်း ဖြစ်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သားရိုင်းတမျိုးဖြစ်တဲ့ golden eagle ရွှေလင်းယုန်ငှက်တွေက သူတို့ကို ဖမ်းစားဖို့ စောင့်နေကြ လို့ပါ။

ရွှေလင်းယုန်တွေဟာ စုံလိုက် စောင့်နေပြီး ငယ်ရွယ်တဲ့ Demoiselle ကြိုးကြာငှက်တွေကို အုပ်စုထဲကနေ ခွဲထုတ်ပစ်ပြီး သူတို့ရဲ့ချွန်ထက်တဲ့ လက်သည်းနဲ့ ဖမ်းကုတ် စားသောက်ပါတယ်။ အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ် ဆုံးရှုံးသွားတာနဲ့ ကြုံရတဲ့ Demoiselle ကြိုးကြာငှက်တွေဟာ ဘာမှ မတတ်နိုင်ဘဲ ဆက်လက် ပျံသန်းကြ ပါတယ်။

ဆိုးဝါးတဲ့ ရာသီဥတု၊ ရက်စက်တဲ့ ဝိုင်းအုံမှုတွေက ဟိမဝန္တာတောင်ကို ဖြတ်ကျော် ပျံသန်းမယ့် Demoiselle ကြိုးကြာငှက်ရဲ့ဆုံးဖြတ်ချက်ကို မတွန်းလှန်နိုင် ခဲ့ပါဘူး။ အမြင့်ဆုံး တောင်ထိပ်ဆီ သူတို့တဟုန်ထိုး ပျံတက်ကြတယ်။

အထူးသဖြင့် အမြင့်ဆုံးနေရာကို ရောက်ချိန်မှာ တောင်ပံတချက် ခတ်တာတောင် သူတို့ အရမ်းအားယူ ကြရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဟိမဝန္တာတောင်ကို သူတို့ ဖြတ်ကျော် ပျံသန်းနိုင်ခဲ့ ကြပါတယ်။

Demoiselle ကြိုးကြာငှက်က ကြိုးကြာငှက် မျိုးနွှယ်ထဲမှာ ခန္ဓာကိုယ် အသေးဆုံး ဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ် ထဲမှာတော့ ကြီးမားတဲ့ အင်အားတခုက ခိုအောင်းနေ ခဲ့ပါတယ်။

အဲဒီအင်အားက ကျွန်တော်တို့ကို အံ့သြတုန်လှုပ် စေခဲ့ပါတယ်။ဟိမဝန္တာတောင်က "ငှက်တွေတောင် ဖြတ်ကျော်ပျံသန်းလို့ မရတဲ့တောင်" မဟုတ်ဘူး ဆိုတာကို Demoiselle ကြိုးကြာငှက်က ကျွန်တော်တို့ကို သက်သေ ပြခဲ့ပါတယ်။

ဟုတ်ပါတယ် စိတ်မြင့်သလောက် မိုးကောင်းကင်ကြီး လိုက်မြင့်ပါတယ်၊ စိတ်ကျယ်ပြောသလောက် လောကကြီး လိုက်ကျယ်ပြောပါတယ်။ နပိုလီယံ ပြောခဲ့သလိုပါပဲ "လူတယောက် ဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မယ် ဆိုတာကို တခြား အကြောင်းရင်းတွေနဲ့ ဆုံးဖြတ်တာ မဟုတ်ပါဘူး၊ သူ့ရဲ့စိတ်နဲ့ပဲ ဆုံးဖြတ်ပါတယ်"တဲ့။

ဒီလောကမှာ လူအများ ကင်းမဲ့နေတာက စိတ်ကူး အတွေးတွေ မဟုတ်ပါဘူး သူတို့ ကင်းမဲ့နေတာက လက်တွေ့ လုပ်ဆောင်တဲ့ကြိုးစားမှုနဲ့ လုံ့လပါ။ လူတိုင်းရဲ့ ရှေ့မှာ ကန့်လန့်ခံနေတဲ့ "ဟိမဝန္တာတောင်" တွေ အများကြီး ရှိကောင်း ရှိပါလိမ့်မယ်။

လူအများက ဒါကို ဖြတ်ကျော် ပျံသန်းဖို့ ခက်ခဲနေခဲ့တာဟာ သူတို့မှာ ကြံ့ခိုင်သန်မာမှုတမျိုး၊ ဇွဲလုံ့လတခုနဲ့ တောင့်ခံမှု တခုလေးပဲ ကင်းမဲ့နေခဲ့တဲ့ အတွက်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ နိုင်းနိုင်းစနေ

Post a Comment

0 Comments