သူ၏သိက္ခာနှင့် သူ၏အကြိုက်

တခါတုန်းက ဘုရင်ကြီး တပါးတွင် အလွန်မှ လိမ္မာပါးနပ်သော ကြောင်ကြီးတကောင် ရှိလေသည်။ ထိုကြောင်ကြီးက တကယ်ကို တည်တည်ကြီးနှင့် ရာဇပလ္လင်ထက်မှာ ဘုရင်ကြီးနှင့် အတူတူ ရှိနေတတ်သည်။

အစားစားတဲ့ အခါမှာလည်း အိန္ဒြေရှိစွာ စားပြီး လမ်းလျှောက်လျှင်လည်း အင်မတန်မှ တည်ငြိမ် ရင့်ကျင့်စွာဖြင့် နန်းရင်ပြင်မှာ လျှောက်လေသည်။

ဘုရင်ကြီးကလည်း အမြဲတမ်း ကြောင်ကြီးကို ဂုဏ်ယူစွာ ပြောရင်းကျေနပ်နေတာပေါ့။ သူ့ကြောင်က တကယ်ကို သိက္ခာရှိတဲ့ကြောင် ဖြစ်တယ်လို့ သတ်မှတ်ပြီး ယုံကြည်နေ တာပေါ့။

ဘုရင်ကြီးဟာ ညီလာခံ တက်တိုင်း ပလ္လင်ပေါ် ခေါ်လာစမြဲ ဖြစ်သည်။ ကြောင်ကြီး ကလည်း ညီလာခံ မပြီးမချင်း လုံးဝ အသံမထွက် အမြီးမလှုပ်ပဲ ရှိနေတတ်သည်။

ဘုရင်ကြီးက ညီလာခံ ပြီးတဲ့အခါမှာ ပညာရှိအမတ်များကို သူ၏ ကြောင်သည် အမြဲ အိန္ဒြေသိက္ခာနှင့် ပြည့်စုံကြောင်း ပြောလေသည်။ အားလုံးက မှန်ပါ့ဘုရားဟု လျှောက်တင်ကြ တာပေါ့။

ဒါပေမယ့် ပညာရှိ အမတ်ကြီး တဦးမှ "အကြိုက် မတွေ့လို့ပါဘုရား" ဟု ပြန်လည် လျှောက်တင်လေသည်။

ဒီစကားကို ဘုရင်ကြီး ကြားတော့ မကျေနပ် ဖြစ်ကာ "ဟဲ့ အမတ်မင်း၊ အမတ်မင်းက ဘာကြောင့် ဒီလို ပြောရသလဲ။ အေး မင်းစကား အတွက် မင်း သက်သေပြ ရမယ်။ မပြနိုင်ရင် မင်းစကားကို မင်းတာဝန် ယူရမယ်။ ငါ့ကြောင်က ဘယ်တော့မှ အိန္ဒြေမမဲ့ဘူးကွ" ဟု ပြောကာ

"မနက်ဖြန် ညီလာခံမှာ မင်း သက်သေပြ ရမယ်" ဟု ပြောကာ ညီလာခံ သိမ်းလိုက်လေသည်။

နောက်တနေ့ ညီလာခံတွင် ကျန်အမတ်များက "လျှာရှည်တဲ့ အမတ်ကြီး မှတ်ပြီလား။ ဘယ်လို သက်သေပြမလဲ" ဆိုတဲ့ အတွေးများနှင့် ကြည့်နေကြသည်။

ဘုရင်ကြီးကလည်း ကြောင်ကြီးနှင့် အတူ ပလ္လင်ထက်တွင် ထိုင်ကာ အမတ်ကြီး၏ သက်သေ အဖြေကို သိချင်နေပြီး အမတ်ကြီးတော့ မပြနိုင်တော့ဟု တွေးကာ ပြုံးနေတော့တာ ပေါ့။

"ကဲ အမတ်ကြီး ငါ့ကြောင်ကြီး အိန္ဒြေမဲ့တာကို ပြတော့လေ" ဟု မိန့်၏။ အမတ်ကြီးမှ "ပြပါမည်" ဟု ဆိုကာ ရှေ့သို့ ထွက်လာပြီး အိတ်ထဲတွင် ဖမ်းယူလာသော ကြွက်ကို ထုတ်ပြီး ကြောင်ကြီး မြင်သာတဲ့ နေရာမှာ လွှတ်လိုက်လေသည်။ ကြွက်ကို မြင်တာနှင့်ကြောင်ကြီးက အတင်း ခုန်ဆင်းကာ လူအုပ်ထဲကို လိုက်လေသည်။

ကြွက်ကလည်း လူအုပ်မှ ပလ္လင်ထက်သို့ တက်လိုက်၊ ကြောင်ကြီးကလည်း ပလ္လင်ပေါ် လိုက်နှင့် ဝုန်းဒိုင်း ကြဲနေသည်။ နောက်ဆုံး ကြွက်က ဘုရင်ကြီးခေါင်း ပေါ်မှ ဖြတ်ပြေးရာ ကြောင်ကြီးက လှမ်းအအုပ် ဘုရင်ကြီး ခေါင်းပေါင်းတော် သရဖူပင် ပြုတ်ကျ ကုန်၏။

ကြောင်ကြီး ကလည်း ကြွက်ကို မမိမချင်း လိုက်လေသည်။ ကြွက်ကို မိမှ ငြိမ်သွားလေသည်။ ထို့နောက်မှာတော့ ဘုရင်ကြီးလည်း အမတ်ကြီး၏ စကားကို လက်ခံပြီး သဘောကျကာ ဆုလာဘ်တော်များ ပေးသနားတော်မူ၏။

ပုံပြင်လေးကတော့ ဒါပါပဲ။ ဒါပေမယ့် စာရေးသူ အနေဖြင့် ပြောချင်တာလေး ဆက်ပြီးပြောပါရစေ။ လူ့ဘဝတွင် လိုချင်စရာ အများကြီး ရှိနေတဲ့ အတွက် တခါတလေမှာ တချို့လူတွေဟာ လိုချင်မှု အတွက် အိန္ဒြေသိက္ခာ မဲ့တဲ့ လုပ်ရပ်၊ အပြောအဆို အကြံအစည် များဖြင့် လိုချင်တာကို ယူတတ်ကြသည်။

ဒါကြောင့် လိုချင်မှု အတွက် အိန္ဒြေသိက္ခာ မမဲ့အောင် သတိတရား ထားနိုင်ပါစေ။ ကြောင်ကြီးလည်း တကယ်တော့ အရင်ကတကယ်ကို သိက္ခာနဲ့ နေလာတာပါ။ ဒါပေမယ့် သူအကြိုက်ဆုံး အစာကို မြင်တော့ ထိန်းလာသမျှ သိက္ခာ မဲ့သွားတာပါ။

လူတွေလည်း ဒီလိုပဲ တသက်လုံး ထိန်းလာတဲ့ အိန္ဒြေသိက္ခာ တွေဟာ မိမိအကြိုက် ဖြစ်တဲ့ ရွှေငွေ အချစ် ဏှာရာဂ အပျော်အပါး အောင်မြင်မှု များကြောင့် ပျက်သွားတတ် ပါတယ်။ မဲ့သွားတတ် ပါတယ်။ ဒါကြောင့် ကြောင်ကြီးလို မဖြစ်အောင် ထိန်းနိုင်ကြပါစေဟု ပြောရင်း အဆုံးသတ်ပါရစေ။

Post a Comment

0 Comments