ပျော်ရွှင်စေမည့် အရာ

တခါတုန်းက ပိုက်ဆံ အရမ်းချမ်းသာတဲ့ သူဌေးကြီးတယောက် ရှိတယ်။ သူဘာလိုချင်လဲ၊ လိုချင်တဲ့အရာ မှန်သမျှ ဘာမှမစဉ်းစားဘဲ ဝယ်လိုက်နိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ဘာလိုအပ်နေလဲ မသိဘူး၊ တခုခု လိုအပ်နေသလို ခံစားနေ ရတယ်။

ဘယ်လိုနေနေ သူ့ဘဝကြီးက ပျော်စရာ မကောင်းဘူး။ ဒါနဲ့ပဲ သူ အကြံတခု ရသွားတယ်။ အိမ်မှာ ရှိသမျှ အဖိုးတန် ရွှေငွေရတနာတွေ အားလုံးကို အထုပ်ကြီး တထုပ် ထုပ်ပြီး အရပ် လေးမျက်နှာကို စတင် ထွက်ခွာလာတယ်။

သူဆုံးဖြတ်ထားတာ သူ့ကို ပျော်ရွှင်စေနိုင်တဲ့ နည်းလမ်း ပြောပြနိုင်တဲ့ သူကို ဒီရတနာထုပ်ကြီး ပေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ပေါ့။

သူဟာ ရွာရိုးကိုးပေါက် တွေ့သမျှ လူတိုင်းကို လိုက်မေးခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မဖြေနိုင်ဘူး။ တနေ့ကျတော့ လမ်းမှာတွေ့တဲ့ ရွာသားတဦးက သူ့ကို အကြံပေး လိုက်တယ်။

"ရွာစပ်နားက ရသေ့အဘိုးအိုကြီးဆီမှာ သွားမေးကြည့် ကြည့်ပေါ့။ တကယ်လို့ သူမှ မပြောပြနိုင်ရင် ခင်ဗျား ဒီထက် ခြေတိုအောင် လျှောက်လည်း ဘယ်သူမှ ဖြေနိုင်မှာ မဟုတ်တော့ဘူး" လို့ ပြောလိုက်တယ်။

ဒီလိုနဲ့ ကွပ်ပျစ် အထက်မှာ မျက်လုံးမှိတ်ပြီး တရားကျင့်နေတဲ့ ရသေ့ကြီးရှေ့ကို သူဌေးကြီးတယောက် ယောင်နနနဲ့ ရောက်လာလေသည်။ ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ရသေ့ကြီးကို တလုံးချင်းစီ မေးလိုက်သည်။

"ကျနော် တသက်လုံး ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ဒီအထုပ်ကြီးထဲမှာ ထည့်ထားပါတယ်။ တကယ်လို့ ကျနော့်ကို လူ့ဘဝရဲ့ ပျော်ရွှင်မှု အဓိပ္ဗါယ်ကို ပြောပြနိုင်ရင် အသင်ရသေ့ကြီးကို ဒီရတနာထုပ်ကြီး လှူဒါန်းပါ့မယ်" လို့ ပြောလိုက်တယ်။

အပြင်မှာ မိုးလည်း အတော်ကြီးကို မှောင်နေပြီ။ ရသေ့ကြီးက ထိုင်ရာမှ ထလာပြီး သူဌေးကြီးအရှေ့မှာ ချထားတဲ့ ရတနာထုပ်ကြီးကို မကာ အလစ်သုတ် ပြေးလေသည်။

သူဌေးကြီးက စိတ်လည်းလော၊ အော်လည်းအော်၊ ငိုလည်း ငိုပြီး ရသေ့ကြီး အနောက်မှ ထပ်ကြပ်မကွာ လိုက်လေသည်။ ပါးစပ်မှလည်း "သူခိုးဗျို့ သူခိုး ကျနော့် ရတနာထုပ်ကြီးကို ယူပြေးသွားပြီ လုပ်ကြပါဦး" လို့ တတွတ်တွတ် အော်ကာ လိုက်လေသည်။

တခဏ အတွင်း နယ်ခံလည်းဖြစ်၊ လမ်းလည်း ပိုကျွမ်းသော ရသေ့ကြီးက သူဌေးကြီးကို မျက်ခြေ ဖြတ်လိုက်နိုင်သည်။ သူဌေးကြီးက အနောက်မှာ အော်ငိုရင်း

"သွားပြီ၊ ငါ အလိမ်ခံသွားရပြီ။ တသက်လုံး ရှာထားသမျှ ဖွေထားသမျှတွေ ဒီလိုနဲ့ အလကား လူယုတ်မာလက်ထဲ ရောက်သွားရပြီ" လို့ ညဉ်းတွားရင်း ကျန်ခဲ့သည်။

သိပ်မကြာလိုက်ဘူး၊ ရသေ့ကြီးက ပြန်လှည့်လာပြီး ရတနာထုပ်ကြီးကို သူဌေးကြီး အရှေ့ကို ပစ်ချလိုက်သည်။ သူဌေးကြီးက ဝမ်းသာရင်း ရတနာထုပ်ကြီးကို ပွေ့ကာ "ဟာ ငါ့ရတနာလေးတွေ တော်သေးလို့ပေါ့" ဟု ညဉ်းတွားလေသည်။

ထိုအခါ ရသေ့ကြီးက သူ့ကို မေးသည်။ "မင်းအခု ပျော်ရွှင်မှုကို ခံစားမိလား" "အင်း ခံစားမိတယ်၊ ကျနော် အခု အရမ်းပဲ ပျော်နေတယ်" လို့ သူဌေးကြီးက ပြန်ဖြေသည်။

ရသေ့ကြီးက တဟားဟားရယ်ပြီး ဆက်ပြောတယ်။ "ဒါ ဘာအထူးအဆန်း ကြီးမှ မဟုတ်ဘူး။ လူတွေဟာ သူတို့ လက်ဝယ်ပိုင်ဆိုင်နေတဲ့ အရာကို စိတ်ထဲမှာ ဘာမှ မဟုတ်ဘူးလို့ ထင်မှတ်ထား ကြတယ်။

ဒါနဲ့ပဲ ပျော်ရွှင်တယ်လို့ မခံစားရဘူး။ ဒါပေမယ့် တကြိမ်လေး ဆုံးရှုံးမိတာနဲ့ တပြိုင်နက် အရင်က ကိုယ်ပိုင်ဆိုင်ဖူးတဲ့ အရာဟာ ဘယ်လောက် တန်ဖိုးကြီးသလဲ ဆိုတာ အလိုလို နားလည်သွား ကြတယ်။

တကယ်တော့ မင်းစောနက ငါ့ကို ပေးမယ်လို့ ပြောတဲ့ အထုပ်နဲ့၊ မင်းခုနက ဆုံးရှုံးသွားတဲ့ အထုပ်နဲ့၊ အခု မင်းရင်ထဲမှာ ပွေ့ထားတဲ့ အထုပ်သုံးထုပ်က တထုပ်ထဲပဲလေ။ မင်းငါ့ကို အဲဒီအထုပ် ပေးမယ်လို့ ပြောထားတာလေ။

ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ အကြိမ်ကြိမ် တမ်းတလို့ မဆုံးဘူး။ ကိုယ့်လက်ထဲ ရောက်သွားတာနဲ့ ဘာမှ မဟုတ်ဘူးလို့ ပြန်မြင်သွားတယ်။ ရှိတယ် လို့တောင် မထင်ဘူး၊ ပိုင်ဆိုင်နေတာကို ပြန်မေ့သွားတယ်။

လူတွေဟာ ဆုံးရှုံးသွားတဲ့ ပစ္စည်းကို ဂရုစိုက်ပြီး ကိုယ်တကယ် ပိုင်ဆိုင်နေတဲ့ အရာကို တန်ဖိုးမထားဘူး။ ဒီအပြင် မပိုင်ဆိုင်သေးတာကို မျှော်တွေးပြီး မပိုင်ဆိုင်မိမှာ စိုးရိမ်ပူပန်နေ ကြသေးတယ်။

အခုလက်ရှိ ကိုယ်ဟာ ဘယ်လောက်တောင် ကံကောင်းနေသလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မသိတတ်ကြဘူး။ ဆုံးရှုံးသွားမှ နောင်တရတာကို တန်ဖိုးထားတတ်တယ်မှ မခေါ်တာ။ မရသေးခင် လိုချင်တာ တကယ်လိုအပ်တာမှ မဟုတ်တာ" ဟု ဆိုကာ အခန်းထဲသို့ လှည့်ဝင်သွားလေသည်။ Crd

Post a Comment

0 Comments