တခါတုန်းက လောဘကြီးတဲ့ ကြွက်ကလေး တကောင်ဟာ ပေါက်ပေါက်ဆုပ်တွေ အပြည့် ထည့်ထားတဲ့ ခြင်းတောင်း တခုကို အနံ့ ခံရင်း တွေ့သွားပါတယ်။
ကြွက်ကလေးက ပေါက်ပေါက်ဆုပ်တွေ စားချင်တဲ့ အတွက်ကြောင့် ခြင်းတောင်းကို သူ့တကိုယ်စာ အပေါက်လေး ဖောက်လိုက် ပါတယ်။ ထိုအပေါက်လေးထဲ ကနေ ခြင်းတောင်းထဲ ဝင်ပြီး ပေါက်ပေါက်တွေ စားပါတော့တယ်။
စားလို့လည်း ဝပြီး၊ မောလည်း မောသွားတဲ့ အခါ ထိုအပေါက်လေး ထဲကနေ ပြန်ထွက်ဖို့ ကြိုးစားတဲ့ အခါ ပြဿနာ တက်တော့တာ ပါပဲ။
ပေါက်ပေါက်တွေ အများကြီး စားထားတဲ့ ကြွက်ကလေးရဲ့ ဗိုက်ကလေးက ပူနေတဲ့ အတွက် ဝင်ကာစက ဖောက်ထားတဲ့အပေါက်လေးနဲ့ မဆန့်တော့ဘဲ အပေါက်လေးမှာ ကြွက်ကလေးဟာ တစ်နေပါတော့တယ်။
စိတ်ညစ်သွားတဲ့ ကြွက်ကလေးဟာ ဘာလုပ်ရမှန်း မသိပဲ ငိုပါတော့တယ်။ အဲဒါကို ကြားပြီး အနား ရောက်လာတဲ့ ယုန်ကလေးက "သူငယ်ချင်း ဘာဖြစ်တာလဲ" လို့ မေးလိုက်ပါတယ်။
ကြွက်ကလေးက အကျိုးအကြောင်း ပြောပြတဲ့အခါ ယုန်ကလေးက အကြံပေး ပါတယ်။ "မင်းက အစားတွေ အများကြီး စားထားလို့ ဗိုက်ပြည့်နေ တာကိုး။
မင်းဗိုက် ပုံမှန်အတိုင်း ပြန်ဖြစ်တဲ့ အချိန်ထိ ခဏစောင့်ပြီးမှ အပြင် ပြန်ထွက်ပေါ့ကွ" လို့ ပြောလိုက် ပါတယ်။ ပြောပြီးတာနဲ့ ရယ်မောပြီး ယုန်ကလေးက ပြေးထွက်သွားပါတယ်။
ကြွက်ကလေး ကလည်း ဗိုက်လေးပြီး ခြင်းတောင်းလေး ထဲမှာ အိပ်ပျော်သွား ပါတော့တယ်။ နောက်တနေ့ မနက် ရောက်တဲ့အခါ သူ့ရဲ့ ဗိုက်က ချပ်သွားပြီး ဗိုက် ဆာလာပြန် ပါတယ်။
အဲဒီလိုနဲ့ ပေါက်ပေါက်ဆုပ်တွေ ထပ်စားလိုက် ပြန်ပါတယ်။ ဗိုက်ဆာဆာနဲ့ စားလို့ ဝတော့မှ ခြင်းတောင်းထဲက ပြန်ထွက်ဖို့ သတိရသွား ပြန်တယ်။ "အို ကိစ္စမရှိပါဘူး။ မနက်ဖြန် ကျမှ အပြင် ထွက်တော့မယ်" လို့ တွေးလိုက်ပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာ ခြင်းတောင်းအနားကို ကြောင်တကောင် ရောက်လာခဲ့ပါတယ်။ ကြွက်ရဲ့ အနံ့ကို ရတဲ့ ကြောင်က ကြွက်ကို လိုက်ရှာ ပါတော့တယ်။
အဲဒီမှာပဲ ခြင်းတောင်းထဲမှာ အိပ်ပျော်နေတဲ့ ကြွက်ကို ကြောင်က အားရပါးရ ကိုက်စားလိုက် ပါတော့တယ်။ အစားမက်တဲ့ ကြွက်ကလေး ကတော့ ကြောင်ကြီး လက်ချက်နဲ့ အသက်ဆုံးရှုံး သွားရပါတော့တယ်။ BAWA
0 Comments