တခါတုန်းက တိုင်းပြည်တခုမှာပေါ့။ ဘုရင့် သမီးတော်လေး တပါး ရှိသတဲ့။ တနေ့တော့ သူဟာ ရေချိုးဖို့ မြစ်ဆိပ်ကို ဆင်းလာခဲ့တော့တယ်။ အဲဒီအချိန်မှာ ရွှေငါးကြီး တကောင်ကို တံငါသည် တဦးက ဖမ်းလာတာ မြင်လိုက်ရလေ သတဲ့။
"ရွှေငါးကြီးကိုသနားလိုက်တာ" ဆိုပြီး မင်းသမီးလေးဟာ ရံရွှေတော်တွေက တဆင့် ငါးကို ပြန်ဝယ်ပြီး မြစ်ထဲ လွှတ်ပေးလိုက် ပါတယ်။ ဒီအခါ ရွှေငါးကြီးဟာ ရေထဲ ရောက်တာနဲ့ ကျေးဇူးတင်တဲ့ အနေနဲ့ မင်းသမီးရဲ့ အနားမှာ လှည့်ပတ်ပြီးမှ ရေထဲကို ငုပ်သွားရှာသတဲ့။
နောက်တနေ့မှာ မင်းသမီးလေးဟာ မြစ်ဆိပ်ကို ရေချိုးဖို့ ရောက်လာပြန်တာပေါ့။ မင်းသမီးလေး တယောက်ထဲ ရှိနေတုန်း ကျောက်ဆောင်တွေ ကြားထဲကနေ ရွှေငါးလေးဟာ မြင်တွေ့သွားတော့သတဲ့။
"အခုနေ လူယောင်ဆောင်မှပဲ" အဲဒါနဲ့ရွှေငါးလေးဟာ လူမင်းသားလေး အယောင် ဆောင်လိုက်တယ်။ ပြီးတော့ မင်းသမီးလေးကို သွားတွေ့သတဲ့။ "ရော့ ပုလဲလုံးလေးတွေ နှမတော် အတွက် လက်ဆောင်" ဆိုပြီး ပေးတယ်။
အဲဒီချိန်မှာ မင်းသမီးလေးရဲ့ ရံရွေတော်တွေ အသံကြားတော့ မင်းသားလေးဟာ ကျောက်ဆောင်တွေ ကြားထဲကို ချက်ချင်း ဝင်ရောက်ပြီး ပျောက်ကွယ် သွားတော့တယ်။ "နောက်နေ့မှ လာမယ်နော်"
ဒီလိုနဲ့ နောက်နေ့မှာ သူတို့ဟာ တွေ့ကြပြန် တာပေါ့။ "အသင်မင်းသားက ဘယ်အရပ်ကနေ လာတာလဲဟင်" အဲဒီအခါမှာ မင်းသားလေးဟာ ဘာမှ ပြန်မပြောဘဲ လှည့်ပြန် သွားတော့တယ်။ နောက်တနေ့မှာ မင်းသမီးလေးဟာ မင်းသားလေးရဲ့အကြောင်းကို သိချင်လို့ ကျောက်ဆောင်နားမှာ ပုန်းပြီး စောင့်နေလိုက်တယ်။
ခဏနေတော့ ရေထဲကနေ ရွှေငါးတကောင်ဟာ ကုန်းပေါ် တက်လာတာကို တွေ့လိုက်ရသတဲ့။ အဲဒီ ရွှေငါးဟာ ကုန်းပေါ်ရောက်တာနဲ့ လူဖြစ်သွားတော့တာပေါ့။ "လက်စသတ်တော့ ဒီငါးမင်းသားဟာ ငါကယ်ခဲ့ဖူးတဲ့ ငါးလေးပါလား"
ထိုအချိန်မှာ မင်းသားလေးဟာ သူ့အဖြစ်မှန်ကို သိသွားမှန်း ရိပ်မိသွားလေတယ်။ "မင်းသမီး ကျွန်ုပ်ဟာ ရေအောက် နန်းတော်က ရွှေငါးမင်းသား တပါး ဖြစ်ပါတယ်" အဲဒီနောက် ကြာလာတဲ့ အချိန်မှာ သူတို့ဟာ ချစ်သူတွေ ဖြစ်သွားကြတော့ သတဲ့။
"မောင်တော် နှမတော်ကို တကယ် ချစ်မြတ်နိုးတယ်ဆိုရင် တောင်းရမ်း လက်ထပ်ပြီး ယူပါတော့နော်" "အင်း မောင်တော်တို့ရဲ့ သခင်ဖြစ်တဲ့ ရေအောက် နတ်သမီးဆီမှာ ခွင့်တောင်းကြည့် ပါဦးမယ်ကွယ်။ ကဲ သွားလိုက်ဦးမယ် နှမတော်"
ရွှေငါးမင်းသားလေးဟာ ရေနတ်သမီးဆီ ရောက်တော့ အကျိုးအကြောင်း ပြောပြီး လက်ထပ်ခွင့် တောင်းလေတယ်။
"သင် လူနဲ့လက်ထပ်ဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ လက်မထပ်ပါနဲ့"
"ကျွန်တော်ရဲ့ ချစ်သူ လူသားမင်းသမီးလေးနဲ့ပဲ လက်ထပ်ပါရစေ"
"ကဲ တားမရလည်း ဒီနေ့က စပြီး ပင်လယ်ရေနဲ့ မင်းရဲ့ ခန္ဓာကိုယ်နဲ့ လုံးဝ မထိရဘူး။ ထိတာနဲ့ ငါး ပြန်ဖြစ် သွားလိမ့်မယ်"
"ငါးပြန်ဖြစ်သွားရင်လည်း လူတွေရဲ့ တိုင်းပြည်ကို ဘယ်တော့မှ မသွားပါဘူးလို့ ကျိန်ဆိုရလိမ့်မယ်"
"ကောင်းပါပြီ သခင်မ။ ကတိပေးပါတယ်"
"နှမတော်လေးဆီ သွားမှပဲ။ လူအသွင် ပြောင်းပြီး နန်းတော်ကို လိုက်သွားရမယ်" မင်းသားလေးဟာ မင်းသမီးလေးရဲ့ ဖခင် ဘုရင်ကြီး ဆီမှာ မင်းသမီးလေးနဲ့ လက်ထပ်ခွင့် တောင်းသတဲ့"
"အိမ်း မောင်မင်းဟာ ရွှေငါးဘဝ ကနေ လူဖြစ်လာတာဆိုတော့။ ဘယ်လို တန်ခိုးသတ္တိနဲ့ ပညာတွေ ရှိပါသလဲကွယ်"
"ကျွန်တော်မျိုးဟာ မိုးလေဝသ အကြောင်းနဲ့ ရာသီဥတုတွေကို ကောင်းကောင်း သိပါတယ် မင်းကြီး။ နောက်ခုနှစ်ရက်မှာ မိုးတွေ ရွာပြီး ရေကြီးပါလိမ့်မယ်။ ဒါကြောင့် မြစ်ကမ်းမှာ တမံများ တုပ်ထားသင့်ကြောင်း လျှောက်တင်ပါတယ် ဘုရား"
"ဟေ။ ဟေ့ အမှုထမ်းတွေ အခုချက်ချင်း တမံတုပ်ကြစမ်း" "မှန်ပါမင်းကြီး"
ဒီလိုနဲ့ ခုနှစ်ရက်မြောက်တဲ့ နေ့မှာ ရွှေငါးမင်းသားလေး ပြောတဲ့အတိုင်း ရေတွေ ကြီးလာတော့တယ်။ ဒါပေမဲ့ တမံတွေ တုပ်ထားလို့ စိတ်ချသွားရသတဲ့။
"အခြေအနေ ဘယ်လိုရှိလဲဟေ့"
"မှန်ပါ တာတမံများ ကြိုတင်ပြီး တုပ်ထားတဲ့ အတွက် စိုးရိမ်စရာမလိုတော့ပါ မင်းကြီး"
ဒီတော့ မင်းကြီးဟာ အလွန် သဘောကျ သွားတာပေါ့။
"တယ်ဟုတ်ပါလား။ ကဲမောင်မင်းကို သမီးတော်နဲ့ လက်ထပ်ပေးဖို့ သဘောတူ ခွင့်ပြုတော် မူတယ်ဗျား"
ဒီလိုနဲ့ လက်ထပ်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြတော့တယ်။ "ဘုရင်မင်းမြတ် ဘုရင်မင်းမြတ်" ပင်လယ်ဘက်မှာ ရန်သူ ရေတပ်ကြီးတွေ တိုက်ခိုက်ဖို့ လာနေတယ်လို့ သတင်းရပါတယ် မင်းကြီး"
"ဟင်း ဟင်း မှုစရာမလိုပါဘူး မင်းသားလေး ရှိနေတာပဲ။ မောင်မင်းဦးဆောင်ပြီး ရေကြောင်းကနေ ပြန်လည် ခုခံ တိုက်ခိုက်ပေတော့။ အရှင်မင်းကြီး ကျွန်တော်မျိုး အနေနဲ့ ပင်လယ်ပြင်ကို ထွက်ပြီး မတိုက်ခိုက် လိုကြောင်းပါ"
ဘုရင်ကြီးဟာ မင်းသားရဲ့ အခက်အခဲကို မသိဘူးပေါ့လေ "စစ် ထွက်မတိုက်တာဟာ သတ္တိမရှိလို့ပဲ ဖြစ်ရမယ်။ ဒီလို သတ္တိ မရှိတဲ့သူနဲ့ ငါ့သမီးကို မပေးစားနိုင်တော့ဘူး"
"ဒီလို မဟုတ်ရပါဘူး မင်းကြီး" မင်းသားလေးဟာ သူ ရေနတ်သမီးဆီမှာ ကျိန်ဆိုထားတဲ့ ကျိန်စာအကြောင်း လျှောက်တင်လိုက်သတဲ့။ ဒါပေမဲ့ မင်းသားလေးရဲ့ စကားကို ဘုရင်ကြီးက မယုံကြည်သလို မင်းသမီးလေးကလည်း လက်မခံဘူးလေ။
"ဘာမှ ဆင်ခြေ ပေးမနေနဲ့"
"ဟွန်း ကြောက်ရင် ကြောက်တယ်ပေါ့"
"သူက ငါ တမင် လုပ်ကြံပြီး ရှောင်နေတာလို့ အထင်လွဲနေပါလား။ သြော် စိတ်မကောင်းစရာပဲ။ နှမတော်ကပါ အထင်လွဲနေတော့ ခက်တယ်။ ရန်သူတွေ ကလည်း အင်အားများတယ်။ ဟူး ဘယ်လိုမှ နိုင်ဖို့ မမြင်ဘူး" လို့ တွေးတယ်။ မတတ်သာတဲ့ အဆုံး မင်းသားလေး ဟာ ပုလဲလုံးလေးတွေကို သီကုံးလိုက်တယ်။ ပြီးတော့ မင်းသမီးလေးဆီကို ထွက်လာခဲ့တော့သတဲ့။
"ကဲ မောင်တော် ရန်သူတွေကို တိုက်ခိုက်ပေးပါ့မယ်"
မင်းသားလေးဟာ မင်းသမီးလေးရဲ့ လည်မှာ ပုလဲပုတီးလေးကို ဆွဲပေးလိုက် ရှာတယ်။
"အို ဝမ်းသာလိုက်တာ အဟင်း ဟင်း"
မင်းသမီးလေးဟာ သူရဲ့ ခမည်းတော် ဘုရင်ကြီးကို လျှောက်တင်လိုက်တော့ တာပေါ့။ အဲဒီနောက် မင်းသားလေးဟာ ဦးစီးသေနာပတိ အဖြစ်နဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ ထွက်သွားလေသတဲ့။ ပင်လယ်ပြင်ကို ရောက်တော့ နှစ်ဘက် လှေတပ်တွေဟာ တိုက်ခိုက်ကြတာပေါ့။ ဒီအခါ ရန်သူ့ဘက်က လှေတွေဟာ နစ်မြုပ်ကုန်တယ်။
မင်းသားလေးဟာ အလွန် မာကျောတဲ့ သံလှေဦး တပ်ထားတဲ့ လှေကြီးပေါ်ကနေ စီစဉ် ကွပ်ကဲနေသတဲ့။ မင်းသားလေးတို့ဘက်က အသာစီးနဲ့ တိုက်ခိုက်နေ ကြရတယ်။ ဒါပေမယ့် ရန်သူခေါင်းဆောင် ဦးစီးတဲ့ လှေကြီးဟာ အရမ်း ခိုင်ခံ့မာကျောလွန်းလို့ ဘယ်လို လက်နက်နဲ့မှ ဖျက်ဆီးလို့မရဘူး ဖြစ်နေသတဲ့။ ရန်သူလှေကြီးဟာ မင်းသားလေးတို့ရဲ့ လှေတွေကို တစီးပြီး တစီးဦးနဲ့ ထိုးတိုက်ပြီး နစ်မြုပ်ပစ် နေလေတယ်။
"အရှင်မင်းသား အကျအဆုံး များနေပါပြီ" "အင်း လုပ်စရာတခုပဲ ရှိတော့တယ်။ ဟေ့ တို့ရဲ့ လှေကြီးကို အားကုန် လှော်ခတ်ကြစမ်း။ ရန်သူ့ ခေါင်းဆောင် စီးလာတဲ့ လှေကြီးနဲ့ စီးချင်းထိုးပြီး ဝင်တိုက်ကြမယ်ဟေ့"
အဲဒီအခါ အလွန်မာကျောတဲ့ လှေနှစ်စီးတိုက်မိတဲ့ အသံဟာ ပင်လယ်ပြင်မှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးတော့ လှေနှစ်စီးလုံးဟာလည်း ကျောက်တုံးနှစ်တုံး ထိမိသလို ကွဲကျေ လွင့်စင် ကျသွားတော့သတဲ့။ မင်းသားလေးဟာ ပင်လယ်ရေထဲကို ပြုတ်ကျ သွားရရှာတယ်။
ပင်လယ်ရေနဲ့ ထိလိုက်တယ် ဆိုရင်ပဲ မင်းသားလေးဟာ ရေနတ်သမီးဆီမှာ ကျိန်ဆိုထားတဲ့ အတိုင်း ရွှေငါးကြီး ဘဝကို ပြန်ရောက်သွားတော့သတဲ့။ ဒီအချိန်မှာ ရန်သူဘက်ကခေါင်းဆောင်ရဲ့ လှေကြီး ပျက်စီးသွားလို့ တပ်ပျက်ပြီး ပြန်ဆုတ်ပြေး သွားကြတယ်။
ရွှေငါးကြီးဟာလည်း သူ့ရဲ့ကတိအတိုင်း ရေအောက်နန်းတော်ကို ပြန်သွားရတာပေါ့။ ဘုရင်ကြီးနဲ့ မင်းသမီးလေးတို့ဟာ ရွှေငါးမင်းသားလေးရဲ့ အကြောင်းကို မသိရှာဘူး။ အဲဒါနဲ့ တိုက်ပွဲ နိုင်လာတဲ့ လူတွေကို ထွက်ကြိုရင်း မင်းသားလေး ပြန်အလာကို စောင့်နေကြပေမယ့် အချိန် အတော်ကြာတဲ့အထိ ရွှေငါးမင်းသားလေးကို မတွေ့ရဘူး ဖြစ်နေတော့သတဲ့။
"ဟဲ့ စစ်သည်တော်တို့ ငါ့ရဲ့ မောင်တော် မင်းသားလေးရော"
"မှန်ပါ အရှင်မင်းသားလေးဟာ ရန်သူတွေကို တိုက်ရင်း ရေထဲပြုတ်ကျပြီး ရွှေငါးကြီး ဖြစ်သွားတာကို မြင်ခဲ့ရပါတယ် ဘုရာ့"
"အို အခုလို ဖြစ်ရတာ ငါ့ကြောင့်ပဲ။ ငါ့ကြောင့် မောင်တော်ဟာ ရွှေငါးဘဝကို ပြန်ရောက် သွားရှာပါလား။ နှမတော် ယူကြုံးမရ ဖြစ်နေရပါပြီ မောင်တော်ရယ်"
အဲဒီနောက်မှာတော့ မင်းသမီးလေးဟာ ရွှေငါးမင်းသားလေး လာနေကျ ကမ်းနံဘေးက ကျောက်ဆောင် လေးပေါ်မှာ ပုလဲပုတီးလေး ဆွဲပြီး နေ့တိုင်း သွားစောင့်နေရှာတယ်။ ဒါပေမဲ့ ရွှေငါးမင်းသားလေးကို ဘယ်တော့မှ မတွေ့ရတော့ဘူးတဲ့ကွယ်။ phoomyatchal
0 Comments