အလကားရသော လက်မှတ်နှစ်စောင်

လက်ထပ်ပြီးခါစ အသစ်စက်စက် လင်မယား နှစ်ယောက်ဟာ လက်ထပ်ပြီး နောက်တနေ့ မနက်မှာ မိဘတွေ လက်ဖွဲ့တဲ့ တထပ်တိုက်လေးထဲမှာ လက်ဖွဲ့တွေကို စစ်ဆေးကြည့် နေကြတယ်။

နှစ်ဖက်မိဘ တွေဟာ အရမ်း ချမ်းသာတဲ့ သူဌေးတွေ ဖြစ်ကြလို့ လက်ဖွဲ့တွေကလည်း အဖိုးတန် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ များပါတယ်။

နောက်ဆုံး လက်ဖွဲ့အထုတ်ကို ဖေါက်လိုက်တယ်။ အထုတ်ထဲမှာ စာအိတ်ဖြူ တခုကို တွေ့ရတယ်။ စာအိတ်ကို ဖေါက်ကြည့်လိုက်တော့ နောက်တပတ်မှာ လုပ်မယ့် နာမည်ကြီး အဆိုတော် တယောက်ရဲ့ Live Show ပွဲတခုရဲ့ ရှေ့ဆုံးတန်းက လက်မှတ် နှစ်စောင် ဖြစ်နေတယ်။

အဲဒီ Show ပွဲရဲ့ လက်မှတ်ခဟာ အရမ်း ဈေးကြီးသလို လက်မှတ်က ဝယ်လို့လည်း မရတော့ဘူး။ ဖျော်ဖြေမယ့် အဆိုတော်ဟာ သူတို့ နှစ်ယောက်စလုံး အင်မတန် ကြိုက်နှစ်သက်တဲ့ အဆိုတော်ပါ။ သူတို့ နှစ်ယောက်ဟာ လက်မှတ်တွေကို ကြည့်ပြီး အရမ်း ဝမ်းသာ သွားကြတယ်။

လက်မှတ်တွေနဲ့ အတူ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လို့ ဖြန့်ပြီး ဖတ်ကြည့်လိုက် ကြတယ်။ စာရွက်ပေါ်မှာ ရေးထားတာက "လက်မှတ်ပေးသူကို မှန်းဆကြည့်ပါ" တဲ့။

စာအောက်မှာ နာမည် မပါဘူး။ လင်မယား နှစ်ယောက်ဟာ နောက်တနေ့ ကျတော့ သူတို့မိတ်ဆွေကို မေးကြည့်တယ်။ လက်မှတ်တွေ ပေးသူလားလို့။

အားလုံးက သူတို့ မဟုတ်ဘူးလို့ ပြောကြတယ်။ လင်မယားလည်း လူကုန်သလောက် မေးပြီးလို့ လက်မှတ်ပို့သူကို ရှာမတွေ့တာကြောင့် လက်လျှော့လိုက် ကြတယ်။ ဘာပဲဖြစ်ဖြစ် လက်မှတ်ပေးသူကို ကျေးဇူးတင်နေ ကြတယ်။

Show ပွဲ စမယ့် ညနေမှာ သူတို့ လင်မယားဟာ နာမည်ကြီး စားသောက်ဆိုင် တခုမှာ ထမင်းစားကြတယ်။ ပြီးမှ Show ပွဲကို သွားကြည့်တယ်။ Show ပွဲဟာ လူအပြည့် ပါပဲ။

တီးတာ ဆိုတာတွေကလည်း အရမ်းကောင်း၊ ပရိသတ်ကလည်း သီချင်းတွေ လိုက်ဆိုကြ ဆိုတော့ ပျော်စရာ အလွန်ကောင်းတယ်။

အဆိုတော်ကလည်း သူတို့ကြိုက်တဲ့ သီချင်းတွေကို အများဆုံး ဆိုသွားလို့ လင်မယားနှစ်ယောက်ဟာ အရမ်း ပျော်နေကြတယ်။

Show ပွဲက ည ၁၁ နာရီမှ ပြီးတယ်။ အိမ်ကို သူတို့ကားလေးနဲ့ ပြန်လာကြတယ်။ လမ်းမှာ သူတို့ဟာ Show ပွဲ ဘယ်လောက် ကောင်းကြောင်း၊ အဆိုတော်ကို အနီးကပ် မြင်တွေ့ရလို့ ကျေနပ်ကြောင်းနဲ့ လက်မှတ်ပေးတဲ့ သူကိုလည်း အရမ်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွ ပြောလာကြတယ်။

သူတို့ အိမ်ပြန်ရောက်ပြီ။ သော့ခတ်ထားတဲ့ ခြံဝင်းတံခါး ပွင့်နေတယ်။ ခြံဝင်းထဲမှာ ကားရပ်ပြီးတာနဲ့ နှစ်ယောက်စလုံး ကားပေါ်က ကမန်းကတန်း ဆင်းပြီး အိမ်ဆီကို ပြေးသွားကြတယ်။ သော့ခတ်ထားတဲ့ အိမ်တံခါးမကြီးလည်း ပွင့်နေတယ်။

သူတို့ အိမ်ထဲကို စိုးရိမ်တကြီးနဲ့ ဝင်လိုက်တယ်။ အိမ်ထဲက ဘီရိုအံဆွဲတွေ၊ စားပွဲအံဆွဲတွေ ပွင့်နေတယ်။ အိပ်ခန်းထဲ မှာလည်း မွှေနှောက်ရှာထားလို့ ပစ္စည်းတွေ ပျံ့ကျဲနေတယ်။

သူတို့ပိုင်တဲ့ ရွှေငွေ ရတနာနဲ့ ပိုက်ဆံတွေ၊ လက်ဖွဲ့က ရတဲ့ ပစ္စည်းတွေ ဘာမှ မရှိတော့ဘူး။ အကုန် ခိုးသွားပြီ။

လင်မယား နှစ်ယောက်လည်း အရမ်း စိတ်ဓါတ် ကျနေကြတယ်။ မိန်းမလည်း ရှိုက်ကြီးတငင် ငိုနေတယ်။ ခဏကြာတော့ လင်မယားနှစ်ယောပ်ဟာ ရေသောက်ဖို့ ထမင်းစားခန်းထဲကို ဝင်လိုက်ကြတယ်။ ထမင်းစားပွဲပေါ်မှာ ပန်းရောင် စာရွက်ခေါက်လေး တခုကို တွေ့လိုက်ကြတယ်။

ယောက်ျားက စာရွက်ခေါက်ကို ကမန်းကတန်း ဖြန့်လိုက်ပြီး လက်မယား နှစ်ယောက်အတူ ဖတ်ကြည့်လိုက် ကြတယ်။ စာရွက်ပေါ်မှာ ရေးထားတာက "လက်မှတ်ပေးသူကို အခု သိပြီ မဟုတ်လား" တဲ့။ အရင်စာထဲက လက်ရေးနဲ့ အတူတူပဲ။ နာမည် မရေးထားပါဘူး။

သင်နဲ့ မရင်းနှီးသူ တယောက်က တစုံတခုကို အလကား ပေးလာရင် သတိထားပါ။ အထူးသဖြင့် ဈေးကြီးတာကို အလကား ပေးလာတယ် ဆိုရင် ပိုပြီး သတိကြီးကြီး ထားလိုက်ပါ။ "လောကကြီးမှာ ဘယ်ဟာမှ အလကား မရလို့ပါ" There is no such thing as something for nothing (Napoleon Hill’s quote) ဗန်းမော်သိန်းဖေ

Post a Comment

0 Comments