နာကျင်စရာတွေ မေ့ထားလိုက်ပါ

သူနဲ့ ကျမနဲ့ လက်ထပ်တဲ့နေ့က ဖန်ပုလင်းလေး တပုလင်းကို ကိုင်မြှောက်ပြရင်း ကျမ သူ့ကို ပြောခဲ့တယ်။ "ဒီအိမ်ထောင်ရေးမှာ ငါတခါ ဝမ်းနည်းရတိုင်း ဒီထဲကို ငါ ရေတစက် ထည့်မယ်။ ဒီပုလင်း ပြည့်တဲ့နေ့ ကျရင်တော့ နင်နဲ့"

ကြားဖူးနားဝ ဇာတ်ကြောင်း တခုလို ပါပဲ။ သူက အသာကလေး ပြုံးတယ်။ "အဲဒီနေ့က အဆုံးသတ် ပဲပေါ့" "အင်း"

အဲဒီနေ့က စလို့ ဗီဒိုလေးထဲမှာ ဖန်ပုလင်းလေး နှစ်ပုလင်း ရှိခဲ့တယ်။ နှစ်ပေါင်းများစွာမှာ ရေစက်ပေါင်း များစွာကို ကျမ ဖန်ပုလင်း ကလေးထဲ ထည့်ခဲ့ရ ပါတယ်။

အဲဒါဟာ ချစ်ခြင်း၊ မချစ်ခြင်းနဲ့ မသက်ဆိုင်ဘူး။ လူကောင်းဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မနှီးနွှယ်ဘူး။ မတော်တဆ ပွတ်တိုက် ထိခိုက်မှုကလေးတွေ ဆိုတာဟာ ဆက်ဆံရေး မှန်သမျှနဲ့ မလွတ်ကင်းဘူး။ ဒီအတိုင်း လျှောက်ရင်း၊ လျှောက်ရင်း ပွန်းပဲ့တတ် ကြတာပဲ။ ပွတ်တိုက်မိတတ် ကြတာပဲ။

ဆယ်နှစ် ကြာသွားခဲ့တဲ့ တရက်မှာ သူက ကျမဆီ ရုတ်တရက် မေးလာခဲ့တယ်။ ဖန်ပုလင်း ကလေး ရေပြည့်ပြီလားတဲ့။ ပြုံးပြုံးကလေးနဲ့ ကျမ သူ့ကို ထုတ်ပြ လိုက်တယ်။

တလက်မ အမြင့်သာသာ ကလေးပဲ ရှိနေခဲ့တဲ့ ဖန်ပုလင်းလေးကို ကြည့်ရင်း သူလည်း အံ့သြသွားတယ်။ "ကိုယ်က မင်းကို အဲ့လောက် ကလေးပဲ ဝမ်းနည်းစေခဲ့တာ သေချာလို့လား" လို့ သူ မေးလာတော့ ကျမ ထပ်ပြုံးဖြစ်တယ်။

"အများကြီး ဝမ်းနည်းခဲ့ရ တာပေါ့။ ဒါပေမဲ့ ကျွန်မ အများကြီးလည်း သွန်ပစ်ခဲ့ တယ်လေ"

သူက ခဏ ငြိမ်သက် သွားပါတယ်။ အဲ့ဒီနောက် တောက်တောက်ပပ ကလေးပဲ ပြုံးလာပြီး ကျမဆီကို ဖန်ပုလင်းလေး တပုလင်း ထုတ်ပြလာခဲ့တယ်။

ရေပြည့်လု ပြည့်ခင် ရှိနေတဲ့ ဖန်ပုလင်းလေးကို ကြည့်ရင်း ကျမ တွေငေးသွား ခဲ့ပါတယ်။ "ပြည့်တော့မှာပဲ" လို့ အသက်မကပ်ညှိစွာနဲ့ ရေရွတ်မိတော့ သူက စိတ်တိုဖို့ ကောင်းအောင်ကို ပိုပြုံးလာတယ်။

"အင်း၊ ပြည့်တော့မှာပဲ။ မင်းက ကိုယ့်ကို ပျော်ရွှင်စေခဲ့တာက ဒီလောက်တောင် ရှိနေခဲ့ပြီပဲ" ကျမ ဘာမှ မပြောနိုင်ခင် သူက ထပ်ပြောတယ်။ "မင်းကြောင့် ကိုယ် တခါ ပျော်ရွှင်ရတိုင်း ဒီပုလင်းလေး ထဲကို ကိုယ် ရေတစက် ထည့်တယ်"

အနာအဆာ အပွန်းအပဲ့ ကင်းတဲ့ ဆက်ဆံရေး တွေဟာ လောကမှာ တကယ် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဝမ်းနည်းရတာ တွေကို ချေဖျက် နိုင်ခဲ့ရင်၊ ပျော်ရွှင်ရတာ တွေကို ပိုမှတ်မိ ထားနိုင်ခဲ့ရင်၊ ဆက်ဆံရေးတွေဟာ ပိုခိုင်မာနိုင်လိမ့်မယ် ထင်တယ်။ မှတ်ဉာဏ်တွေဟာ အမြဲ စကားပြောတယ်။ ခြူး(မြန်မာပြည်)

Post a Comment

0 Comments