တခါကပေါ့။ မြို့နဲ့ မနီးမဝေးမှာ ငါးကန်လေးတခု ဖွင့်ပါတယ်။ အခကြေးငွေ ယူပြီး ငါးမျှား အပန်းဖြေတဲ့ နေရာပေါ့။
ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ် အနေနဲ့ ငါးမျှားလို့ ငါးမရတဲ့ သူတွေကို ဘဲတကောင် လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ ဖွင့်ပွဲနေ့မှာပဲ ပျော်ပျော်ပါးပါး လာရောက် ငါးမျှားကြပါတယ်။ ငါးမရလည်း ဘဲယူ ပြန်ပေါ့။
ဒီလိုနဲ့ ငါးကန်ပိုင်ရှင်ရဲ့ ဘဲတွေလည်း အကုန်ပြောင်ပဲ။ မျှားတဲ့ သူတွေက ငါးရဖို့ထက် ဘဲတကောင် ရဖို့ကို ပိုစိတ်ဝင်စားကြလို့လား။ နောက်မှ သိလိုက်ရတယ် တကယ်တော့ ငါးကန်ပိုင်ရှင် သူဌေးဟာ အရင်က ဘဲမွေးမြူရေး လုပ်တာပါ။
အဲဒီနောက် ငါးမွေးမြူရေးကို ပြောင်းလုပ်ချင်ပေမယ့် ငါးမျိုး ဝယ်ထည့်ဖို့က အရင်းအနှီးမရှိ ဘဲတွေကလည်း ရောင်းမထွက်တော့ ဒီနည်းကို သုံးလိုက်တာ။
တချက်ခုတ်ပြီး သုံးချက် ပြတ်သွားပါတယ်။ သူ့ ဘဲတွေလည်းကုန်၊ ပိုက်ဆံလည်းရ၊ ငါးမျှားတဲ့သူလည်း ကျေနပ်ပေါ့။
ဒီလိုနဲ့ ငါးမွေးမြူရေးကို အောင်မြင်စွာ စတင်နိုင် ခဲ့တယ်။ နောက်တလလောက် ကြာတော့ နောက်ထပ် ပရိုမိုးရှင်း ထပ်လုပ်ပါတယ်။
မည်သူမဆို အခမဲ့ ငါးမျှားနိုင်ပါသည်။ ငါးမိရင်တော့ တကီလိုကို ၅ ဒေါ်လာ ပေးရမည်။ တသုတ်ပြီး တသုတ် လာလိုက်တဲ့ ငါးမျှားဝါသနာရှင်တွေ။ ထူးဆန်းတာက မျှားတဲ့ သူတိုင်း ငါးမိကြတာ ပါပဲ။
တကယ်တော့ ငါးကန်သူဌေးက ငါးတွေကို ပိုလျှံအောင် အများကြီး ထည့်ထားပြီး Demand ထက် supply ကို ပိုများအောင် လုပ်ထားတော့ ငါးမိနိုင်ခြေလည်း ပိုများတာပေါ့။
နောက်ပြီး ငါးမျှားဝါသနာရှင် တိုင်းက ငါးမိရင် ပျော်တဲ့သူချည်း ပဲလေ။ အဲဒီတော့ ဈေးမှာ တကီလိုကို ၃ ဒေါ်လာပဲ ပေးရပေမယ့် ကိုယ်တိုင်မိတဲ့ ငါးကို ဈေးပိုပေးပြီးကျေနပ်စွာ ဝယ်ယူကြ ပါတယ်။
နောက်ရက် အနည်းငယ်ခန့် ကြာတော့ ငါးတွေလည်း အရေအတွက် လျော့လာပြီ။ ငါးမျှားတဲ့ သူတွေလည်း နည်းလာပြီ ဆိုတော့ နောက်တမျိုး ပြောင်းလိုက်ပါသည်။ မျှားလို့ ရတဲ့ငါးကို အခမဲ့ ယူနိုင်တယ်။ ငါးမျှားချိန်ကို တနာရီ ၁၀ ဒေါ် လာ ဆိုပြီးသတ်မှတ် လိုက်တယ်။
လစဉ်ကြေး အနေနဲ့ မန်ဘာ ဝယ်မယ် ဆိုရင်တော့ တလကို ဒေါ်လာ ၅၀၀ ပေါ့။ ဝန်ဆောင်မှု အနေနဲ့ happy hour မှာ ဘီယာ ၂ ပုလင်း နဲ့ အာလူးကြော်တပွဲ အခမဲ့ပေးမယ်။ နောက်အခြားသော ပျော်ရွှင်ဖွယ် အစီအစဉ်လေးတွေလည်း စီစဉ်ထားပါတယ်။
တံငါသည် ဝတ်စုံဝတ်ပြီး ရေသူမပုံ ဝတ်ဆင်ထားသော မော်ဒယ်ဂဲလ်လေးတွေနဲ့ ဓါတ်ပုံ ရိုက်တာတို့၊ ဖမ်းမိတဲ့ ငါးတွေကို ကိုယ်တိုင် ကင်စားတာတို့ ဘာတို့ပေါ့။ အဲဒီဝန်ဆောင်မှုတွေ အတွက် ကတော့ သီးခြား အခကြေးငွေ ပေးရပါတယ်။
ဒီလိုနဲ့ ငါးကန်လေးဟာ ပြန်လည် စည်ကားသိုက်မြိုက် လာခဲ့သည်။ နှစ်ဝက် အတွင်းမှာ ငါးကန်ပိုင်ရှင်ဟာ အမြတ်ငွေတွေအများကြီး ရပြီး နောက်ထပ် အစီအစဉ်တခုကို အကောင်အထည် ဖေါ်ပါတယ်။
သူ့ငါးကန်မှာ လာပြီး အပန်းဖြေတဲ့ သူတွေအားလုံးက လုပ်ငန်းရှင် ဘောစိတွေကြီးပဲ ဆိုတော့ network တခုကို ရထားပြီးပြီလေ။ အဲဒီတော့ ရှေ့လုပ်မယ့် လုပ်ငန်းအတွက် ရှယ်ယာ ခေါ်လိုက်ပါတယ်။
အင်းကြီးတခုလုံးကို နှစ်ရှည် ငှားမယ်၊ ပြီးရင် ဘန်ဂလိုလေးတွေ ဆောက်မယ်၊ ဟိုတယ် ပုံစံလေးလုပ်ပြီး နွေရာသီ အပန်းဖြေစခန်းတခု ဖန်တီးမယ်၊ အပန်းဖြေဖို့ အတွက် entertainment မျိုးစုံကို စီစဉ်မယ် ဆိုပြီး သူ့ရဲ့ပလန်ကို ချပြပြီး ရှယ်ယာ ခေါ်လိုက်ပါတယ်။
နဂိုလုပ်ငန်းရဲ့ အောင်မြင်တဲ့ အရှိန်အဝါနဲ့ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုကို ရထားပြီးသား ဆိုတော့ ခဏတွင်းချင်းပဲ ရှယ်ယာအကုန် ရောင်းထွက် သွားပါတယ်။
နောက်တနှစ်လောက် နေတော့ သူရဲ့အပန်းဖြေ ရေပေါ်ဟိုတယ် စီမံကိန်းကြီး အောင်မြင်စွာ အကောင်အထည် ဖေါ်ခဲ့ပါသည်။ သတင်းမီဒီယာတွေက သူ့ရဲ့ အောင်မြင်မှု နည်းလမ်းကို အင်တာဗျူးတော့ ငါးကန်ပိုင်ရှင်လေးက ဒီလို ဖြေသွားပါတယ်။
"စီးပွါးရေးလုပ်ပြီဆိုရင် လူတွေရဲ့ အကြောင်းကို နားလည်ရမယ်။ လူတွေရဲ့ လိုအပ်ချက်ကို သိရမယ်။ လူတွေကို ပျော်အောင် လုပ်ပေးနိုင်ရင် ပိုက်ဆံရှာရတာ လွယ်သွားပါမယ်။ တနည်းအားဖြင့် human behaviour ကို နားလည်အောင် လုပ်ပါ။ management လည်း အဲဒါပဲ" တဲ့။ no pain no gain
0 Comments