"အဖေ သား ဆယ်တန်း ကျတယ်" နွားစာ ကျွေး နေသော အဖေ ရုတ်တရက် တုံ့သွားသည်။ မီးဖိုချောင်ထဲ ထမင်း ချက်နေသော အမေက ကြားလိမ့်မည် မထင်။
အဖေက စကား တလုံးမှ မပြောပဲ ကျွန်တော့်ကို စူးစိုက် ကြည့်နေသည်။
"ဟိုးမှာ တွေ့လား ငါ့သား"
ဓား ၂ ချောင်းဆီ ကျွန်တော့်ကို ညွှန်ပြသည်။ စကားလမ်း လွှဲလိုက်သည် ဟု ကျွန်တော် ထင်သည်။
"လှည်းပေါ် တင်ကွာ အဖေနဲ့ လယ်တော ခဏလိုက်ခဲ့။ အင်္ကျီထူထူ ယူခဲ့"
နွားညို သိုးကြီး ၂ ကောင်ကို ဆွဲသွားပြီး အဖေ နွားလှည်း တပ်နေပြီ။ ကျွန်တော် အဖေ့နောက်မှ ဝင်ထိုင် လိုက်သည်။ အတွေးထဲမှာတော့ ကျောင်းများ ထုတ်လိုက်သည်ဟု ထင်ခဲ့သည်။
လယ်တော ရောက်တော့ အဖေက ကျွန်တော့်ကို ထွန်တုံး ဆင်ပေးပြီး ထွန်ခိုင်းသည်။ ကျွန်တော် အူကြောင်ကြောင် ဖြစ်သွား တယ်။ အဖေ ငါ့ကို တကယ်များ ကျောင်းထုတ်လိုက် ပြီလား။
ကျွန်တော့်ကို တခါမှ အလုပ် မခိုင်းဘူးခဲ့တဲ့ အဖေက ဒီလိုလုပ်တော့ အံ့သြသွားမိ တာပေါ့။ ကျွန်တော် နွားကို ရိုက်လိုက်သည်။
လယ်ထဲကို သုံးပါတ်လောက် ပါတ်မိတဲ့ အချိန် ခြေဖဝါးတွေက သွေးခြေ ဥလာသည်။ နေပူတဲ့ ဒဏ်ကြောင့် ချွေး တလုံးလုံး နဲ့ ပင်ပန်းတဲ့ ဒဏ်ကို မခံစား နိုင်တော့ဘဲ ကျွန်တော် ယိုင်ကျ သွားသည်။
"ငါ့သား အဖေတို့ မင်းလို ပညာ မသင်ခဲ့ရဘူး။ ပညာဆိုလို့ ၄ တန်းပဲ အောင်ခဲ့တာ။ မင်းကို ကျောင်းထားတယ် ဆိုတာ အဖေတို့လို ပင်ပန်းမှာ စိုးလို့။
ငါ့ သားသမီးတွေ ငါ့လို မဖြစ်ရလေအောင် ဆိုပြီး အဖေတို့က မင်းကို ဘော်ဒါဆောင်မှာ ကောင်းကောင်းထားပြီး စာသင်ခိုင်း ခဲ့တာ။
အဖေတို့ မင်းဆီက ဘာမှ မျှော်လင့်ချက် မရှိဘူး။ ငါ့ သားသမီးတွေ ငါတို့လို ပင်ပင်ပန်းပန်းနဲ့ မလုပ်စား စေချင်လို့။ နောင် တချိန်မှာ မင်းတို့ဘဝလေး သာယာ လှပဖို့"
ပြောရင်းနဲ့ အဖေ့အသံက ငိုသံပါ သလိုလို ခံစားရသည်။ ကျွန်တော် နောင်တနဲ့ အတူ မျက်ရည်တွေ ကျလာခဲ့ ပါသည်။ စာမကြိုးစားခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပေါ့။
ဟိုး အဝေးက အမေ တလှုပ်လှုပ်နဲ့ ထမင်းတောင်းကို ရွက်လာတာ မြင်နေမိသည်။ အဖေ့ကို ထာဝစဉ် လေးစားလျက်ပါ။ Crd
0 Comments