တခါတုန်းက လယ်သမားက သူ့စိုက်ခင်းတွေ အတွက် ရေတွင်းတူးလို့ ရမယ့် နေရာ တနေရာလောက် လိုက်ရှာပါတယ်။
လယ်သမားရဲ့ စိုက်ခင်းက အရမ်းကို အထွက် ကောင်းတဲ့ စိုက်ခင်း ဖြစ်တာမို့ အိမ်နီးနားချင်းက မနာလို ဖြစ်နေပါတယ်။
လယ်သမားက သူ့စိုက်ခင်း အတွက် ရေလိုတာကြောင့် သူ့ရဲ့ အိမ်နီးနားချင်းဆီက ရေတွင်းကို ဝယ်ယူလိုက် ပါတယ်။ ရေတွင်းကို ဝယ်ယူပြီးတဲ့ နောက်တနေ့ မှာတော့ ကောက်ကျစ်တဲ့ အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ်။
"ငါက မင်းကို ရေတွင်းကို ရောင်းတယ်။ ဒါပေမယ့် ရေတွေတော့ မပါဘူး" လို့ ပြောပြီး ထွက်သွားပါတယ်။ လယ်သမားက အံ့အားသင့်ပြီး ဘာလုပ်ရမယ်မှန်း မသိပါဘူး။
အဖြေထုတ်ရ ခက်တဲ့ အတွက် လယ်သမားက တရားရုံးကို သွားပြီး ပြောပြပါတယ်။ တရားရုံးက လယ်သမားနဲ့ သူ့ရဲ့ အိမ်နီးချင်းကို ခေါ်လိုက်ပါတယ်။
"ဘာကြောင့် လယ်သမားကို ရေတွင်းထဲက ရေကို ယူခွင့်မပေးတာလဲ" လို့ ကောက်ကျစ်တဲ့ အိမ်နီးချင်းကို မေးလိုက် ပါတယ်။ ကောက်ကျစ်သူက အထက်က မေးခွန်းအတိုင်းပဲ ပြန်ဖြေပါတယ်။
"ကျွန်တော်က သူ့ကို ရေတွင်းပဲ ရောင်းတာပါ၊ ရေကို ရောင်းတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ရေကို သူယူသုံးလို့ မရပါဘူး" လို့ ပြန်ဖြေပါတယ်။
ထိုအခါ တရားသူကြီးက အခုလို ပြန်ပြောလိုက်ပါတယ်။ "ဟုတ်ပြီ အဲဒါ ဆိုရင်တော့ ရေတွင်းထဲက ရေကို ယူသုံးလို့ မရဘဲ ရေတွင်းကိုသာ ဝယ်လိုက်တာ ဖြစ်လို့ မင်းက ရေတွင်းကိုပဲ ပိုင်ဆိုင်တယ်။
သူကတော့ ရေကို ပိုင်ဆိုင်တာမို့ ရေတွင်းထဲက ရေကို သူ့ကို အခုချက်ချင်း ဖယ်ရှားပေးပါ" လို့ ကောက်ကျစ်တဲ့ အိမ်နီးချင်းကို ပြောလိုက် ပါတော့တယ်။
အဲဒီအခါ ကျတော့မှ ကောက်ကျစ်တဲ့ အိမ်နီးချင်းက သူ့ကို သင်ခန်းစာ ပေးမှန်း သိပြီး တောင်းပန်လိုက် ပါတော့တယ်။ ဒီပုံပြင်လေးထဲက ကောက်ကျစ်တဲ့ အိမ်နီးချင်းလို လူမျိုးကို ကျွန်တော်တို့ တွေ့ကြုံဖူးကြ မှာပါ။
မှတ်ထားရမှာက ဘယ်တော့ မဆို ကိုယ်က ကောက်ကျစ်ယုတ်မာ လိုက်ခြင်းက အခြားသူကို ထိခိုက်မှာ မဟုတ်ဘဲ ကိုယ်ပေးလိုက်တဲ့ အတိုင်း ကိုယ်သာ ပြန်ရမှာဖြစ်ပါတယ် ဆိုတာ ပါပဲ။
0 Comments