လူတိုင်းကျေနပ်အောင် ကြိုးစားဖို့ မလိုပါဘူး

ဘီလ်ဟာ အသက် ၄၀ အရွယ် လူကြီးတယောက် ဖြစ်ပါတယ်။ သူနေထိုင်ရာ ရွာကလေး ကနေ မြို့ပေါ်ကို တက်ပြီး ပိတ်စတွေရောင်းတဲ့ လူကြီးတယောက်ပါ။

သူ့ရဲ့ အဝတ်စတွေပါတဲ့ အထုပ်ကို အမြဲတမ်း သူ့မြည်းရဲ့ ကျောပေါ် တင်သွားပြီး မြို့ဈေးကို သွားရောင်းပါတယ်။

သူ့မှာ အသက် ၁၀ နှစ်ခန့် ရှိတဲ့ သားတယောက်လည်း ရှိပါသေးတယ်။ သူ့သားလေးဟာ သူ့ကို လိုက်ပြီး ဈေးကူရောင်းပေးတတ်ပါတယ်။ တနေ့မှာ ဘီလ်က သူ့ရဲ့ အဝတ်ထုပ်ကို ကုန်အောင် ရောင်းလိုက် နိုင်ပါတယ်။ ဘီလ်တို့ သားအဖတွေဟာ ပျော်ပြီး အိမ်ကို ပြန်လာခဲ့ ကြပါတယ်။

သူတို့ အိမ်ကို ပြန်လာတဲ့ လမ်းတလျှောက်မှာ မြည်းနဲ့အတူ သူတို့သားအဖဟာ လမ်းလျှောက်ရင်း ပြန်လာခဲ့ပါတယ်။ လမ်းမှာ အခြားလူ၂ ယောက်ကို တွေ့ပါတယ်။ ထိုလူ ၂ ယောက်က ဘီလ်တို့ သားအဖကို ကြည့်ပြီး သူတို့ အချင်းချင်း ပြောကြပါတယ်။

"ဒီသားအဖဟာ အင်မတန် တုံးအလိုက်တာ။ မြည်းတကောင် ပါတာကို ကောင်းကောင်း အသုံးမချဘူး။ မြည်းနဲ့အတူလမ်းလျှောက် ပြန်လာသတဲ့" လို့ ပြောပါတယ်။

ထိုစကားကို ဘီလ်တို့သားအဖ ကြားတဲ့အခါမှာတော့ ဘီလ်ရဲ့သားက သူ့အဖေကို ပြောပါတယ်။ "အဖေ အဖေပဲ မြည်းကိုစီးပြီး လာခဲ့လိုက်ပါ"

သားဖြစ်သူရဲ့ စကားကို လက်ခံပြီး ဘီလ်က မြည်းပေါ် စီးလိုက်လာပါတယ်။ မကြာခင်မှာပဲ လူကြီးတယောက်က မြည်းစီးလာတာကို မြင်လိုက်ရပြီး ထိုလူကြီးက ဘီလ်တို့ သားအဖကို လှမ်းအော်ပြော လိုက်ပါတယ်။

"ဟေ့ မင်းရဲ့သား ကိုလည်း ငဲ့ပါအုံး။ မင်းသားကို ကြည့်ရတာ အင်မတန် မောနေပုံ ရတယ်။ သူ့ကိုပဲ မြည်းစီးခိုင်း လိုက်ပါလား။ မင်းက အဖေဖြစ်ပြီး လမ်းလျှောက်ခဲ့ပါလား" လို့ ပြောပြန်ပါတယ်။

ဘီလ်က ထိုစကားကို ကြားတဲ့အခါ သူ့သားကို "ဟုတ်တယ် သားရေ သားပဲ မြည်းကို စီးပါတော့။ အဖေ လမ်းလျှောက် လိုက်မယ်" ဆိုပြီး မြည်းကို သူ့သားကို စီးခိုင်းရ ပြန်ပါတယ်။ လမ်းတဝက်လောက် အရောက်မှာပဲ နောက်ထပ် လူစိမ်းတယောက်နဲ့တွေ့ပြန်ပါတယ်။

ထိုလူစိမ်းက အော်ပြန်ပါတယ်။ "ဟဲ့ ကောင်လေး မင်းက မသိတတ်လိုက်တာ၊ မင်းအဖေက အသက်ကြီး နေပြီလေ။ မင်းနောက်ကနေ ထိုင်လိုက်ခိုင်း လိုက်ပါလား" လို့ ပြောခံရ ပြန်ပါတယ်။ အဲဒါနဲ့ပဲ ဘီလ်နဲ့သူ့သားဟာ နှစ်ယောက်လုံး မြည်းပေါ်က လိုက်ပါဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။

နောက်ထပ်နေရာတခု အရောက်မှာ အခြားလူတယောက်နဲ့ တွေ့ပြန်ပါတယ်။ ထိုလူက "မင်းတို့ သားအဖက အကြင်နာတရား ခေါင်းပါးလှချည်လား။

မြည်းတကောင်ကို နှစ်ယောက်လုံး ဝိုင်းစီးကြတယ် ဆိုတော့ မြည်းကို အသေသတ် နေတာလား" လို့အမေးခံရ ပြန်ပါတယ်။ အဲဒါနဲ့ ဘီလ်နဲ့ သူ့သားဟာ ထိုစကားကြောင့် ဘာမှ ထပ်မပြောနိုင် ကြတော့ပါဘူး။

ဒီပုံပြင်လေးက လူတိုင်းသိပြီးသား ဖြစ်ကြမှာပါ။ ကျွန်တော်တို့ရဲ့ ဘဝမှာ အခြားသူတွေရဲ့ အထင်မြင်ကို နားထောင်ပြီး ဘယ်လိုမှ ဆုံးဖြတ်လို့ မဖြစ်ပါဘူး။ လူတိုင်းရဲ့ စိတ်ကျေနပ်မှုအရ လိုက်ပြီး နေထိုင်မယ် ဆိုရင် ကိုယ်ဖြစ်ချင်တာတောင် ဘာမှန်း သိနိုင်မှာ မဟုတ်တော့ပါဘူး။

လူတိုင်းက ဘဝဖြတ်သန်းပုံ မတူညီတဲ့ အတွက် အတွေ့အကြုံခြင်း မတူသလို၊ အတွေးအခေါ် ခြင်းလည်း တူချင်မှ တူကြမှာပါ။ အမြင်ခြင်းလည်း တူချင်မှ တူကြမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လူတိုင်း ကျေနပ်အောင် ကြိုးစားနေလို့ ကတော့ မဖြစ်နိုင်ပါဘူးလို့ ပြောချင်တာပါပဲ။ BAWA

Post a Comment

0 Comments