တခါတုန်းက တောကစား ထွက်လာသော ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့် အတူ မြင်းစီးကာ ဘေးချင်းယှဉ် လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်။
"အမတ်ကြီး ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော်။ ခွေးတွေကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ"
"မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား"
"ကောင်းပြီလေ"
ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်း နှစ်ခန်းကို ပြင်ဆင်စေသည်။ အခန်းတခန်း ထဲတွင် အသားပုံကြီး တပုံကို ချထားပြီး ခွေး အကောင် ၂၀ ကို ထည့်ကာ သော့ပိတ်ထား လိုက်သည်။
အခြား အခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ် ထားလိုက်လေသည်။
နောက်တနေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည်။
ပထမ ခွေးတွေ ထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည်။ ဘုရင်ကြီးက အံ့အားသင့် သွားသည်။ ခွေးတွေ အားလုံး အသက် ပျောက်နေသည်။
အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည်။ ခွေးတကောင်မျှ အသားပုံကို စားသွားသည့်ပုံ မပေါ်။
နောက်တခန်းကို ဘုရင်အား ခေါ်ပြီး ဖွင့်ကြည့်ကြသည်။ သိုးတွေ အားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။
ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် "ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစက်မျှ မစားရဘဲ သေကုန်ကြရ ခြင်းမှာ တကောင်နှင့် တကောင် တိုက်ခိုက်ကာ တကိုယ်ကောင်း ဆန်ခြင်းကြောင့်ပါ ဘုရား။
သိုးတွေကတော့ အေးချမ်းစွာ မျှဝေ စားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား" ဟု လျှောက်တင်လေသည်။
ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည်။ အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည်။ အစားအစာ အတွက်ဆိုလျှင် ခွေးများသည် တကောင်နှင့် တကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်။
ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တကောင်နှင့် တကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သော စိတ်ရှိသည့် လူ့ဘောင် အဖွဲ့အစည်းသည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည် ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။
ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်။ အတ္တလောဘနဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန်နှင့် တူပေသည်။ သိုးတွေလို မျှဝေစိတ် ထားလျှင် ရှင်ကြမည်။
သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်။ phoomyatchal
0 Comments