တနေ့မှာ ယုန်တကောင်က အပင်တပင်အောက်မှာ ထိုင်နေရင်းနဲ့ တခုခုကို တွေးနေပါတယ်။ သူက ဆုံးဖြတ်ချက် တခုခု ချဖို့ကို အမြဲ တွေဝေနေတတ် ပါတယ်။
ထိုနေ့မှာတော့ "ခုနေများ ကမ္ဘာကြီး ပျက်သွားမယ် ဆိုရင် ငါဘယ်လို လုပ်ရမလဲ" လို့ ထိုင်တွေးနေပါတယ်။
အဲဒီအချိန်မှာပဲ အပင်ပေါ်က အသီးတလုံးက ယုန်ရဲ့ ခေါင်းပေါ် ကြွေကျ ပါတော့တယ်။ မိုက်မဲတဲ့ ယုန်က ဘာကိုမှ ဆက်မတွေးနိုင်တော့ပဲ "ကမ္ဘာကြီး ပျက်ပြီ" လို့ အထင်ရောက်ကာ အသည်းအသန် ထပြေး ပါတော့တယ်။
ယုန်ရဲ့ စိတ်ထဲမှာ အသီး ကြွေကျခြင်းက သူ့အတွေးထဲက ကမ္ဘာကြီး တကယ်ပျက်ပြီ ဆိုတဲ့အထင်နဲ့ တွေးပြီး ကြောက်လန့်တကြား ပြေးတာ ဖြစ်ပါတယ်။
မျက်လုံးကို စုံမှိတ်ပြီး နောက်ကို လုံးဝ လှည့်မကြည့်ဘဲ အားကုန် ပြေးပါတယ်။ ထိုယုန်ပြေးတာကို မြင်တဲ့အခါ နောက်ထပ် ယုန်တကောင်ကနေ သူ့နောက်ကို ပြေးလိုက်ရင်း မေးပါတယ်။
"သူငယ်ချင်း ဘာဖြစ်တာလဲ၊ ငါ့ကိုလည်း ပြောပါအုံး" ဒါပေမယ့်ပထမယုန်က အဖြေမပေးနိုင်ခင် မှာပဲ ဒုတိယယုန်က ပထမယုန်နောက် ကြောက်လန့်တကြား ပြေးလိုက် ပါတော့တယ်။
နောက်ထပ် နောက်ထပ်သော ယုန်တွေကလည်း ရှေ့က ယုန်နှစ်ကောင်ကို "ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ပြောပါအုံး" လို့ ကြောက်လန့်တကြား မေးရင်း ပြေးလိုက်ကြ ပြန်ပါတယ်။
နောက်ဆုံးမှာတော့ ပထမယုန်က "ကမ္ဘာကြီး ပျက်နေပြီ" လို့ ပြောတဲ့စကားကို ကြားတဲ့ ယုန်တွေက အသည်းအသန် ပြေးကြ ပါတော့တယ်။
ယုန်တွေ အုပ်စုလိုက် အသည်းအသန် ပြေးလွှားနေတာကို မြင်တဲ့အခါ တောထဲက သမင်တွေ၊ သိုးတွေ၊ ဆိတ်တွေ၊ နွားတွေ၊ ကျားတွေနဲ့ ခြင်္သေ့တွေ ကလည်း အသည်းအသန် လိုက်ပြေးကြ ပါတယ်။
အဲဒီအခါမှာ ဉာဏ်ရှိတဲ့ ခြင်္သေ့တကောင်က စဉ်းစားပါတယ်။ "ဘာလို့ ပြေးနေကြတာလဲ" လို့ ပြေးနေတဲ့ တိရိစ္ဆာန်အုပ်ကို မေးလိုက်ပါတယ်။
အားလုံးက ပြန်ဖြေပါတယ်။ "ကမ္ဘာပျက်နေပြီ" "ဟုတ်ပြီ အဲဒါဆို ကမ္ဘာပျက်တာကို ဘယ်သူက စမြင်သလဲ" လို့ ခြင်္သေ့က မေးလိုက်တဲ့အခါ ဆင်တွေ စမြင်တာကို ဖြေကြပါတယ်။
ဆင်တွေကို မေးတဲ့အခါ ဆင်တွေက "ငါတို့ စမြင်တာ မဟုတ်ဘူး။ ခြင်္သေ့တွေ စမြင်တာ" လို့ ဖြေပြန်တယ်။
ခြင်္သေ့တွေကို မေးပြန်တဲ့အခါ "ကျားတွေ စမြင်တာ" လို့ ဖြေပြန်တယ်။ ကျားတွေကို မေးတဲ့အခါ ကျားတွေ ကနေ ကြံ့တွေကိုပြောပြန်တယ်။
ကြံ့တွေကနေ ဆတ်တွေ မြင်တယ်၊ ဆတ်တွေကနေ ဝက်ဝံတွေကို ပြောပြန်တယ်။ အဲဒီလို ကနေ နောက်ဆုံးမှာတော့ ပထမဆုံး ပြေးတဲ့ ယုန်ဆီကို ရောက်သွားပါတော့တယ်။
ထိုအခါ မိုက်မဲတဲ့ယုန်က ဖြေပါတယ်။ "ဟုတ်တယ် ကျနော် အပင်အောက်မှာ ထိုင်နေတုန်း ဝုန်းခနဲ အသံကြီး ကြားရပြီး ကမ္ဘာကြီး ပြိုပြီဆိုတဲ့ အထင်နဲ့ ထပြေးခဲ့တာ"
အဲဒီမှာ ကျားတကောင်က မေးလိုက်ပြန်တယ်။ "မင်းထိုင်နေတုန်း အသီးက ကြွေကျလာတယ်ပေါ့ အဲဒါဆို" "ဟုတ်တယ် အသီးတလုံး ကြွေကျလာတာ၊ ကျောပေါ်ကိုပေါ့" လို့ ယုန်က ပြန်ဖြေလိုက် ပါတယ်။
"ကဲ အဲဒါဆို အဲဒီနေရာ ငါတို့ကို လိုက်ပြ" လို့ ကျားကော ကျန်တဲ့ တိရိစ္ဆာန်တွေက ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ ပထမဆုံး ယုန်ထိုင်နေခဲ့တဲ့ အပင်အောက်ကို ရောက်သွား ကြပါတယ်။
အဲဒီ နေရာမှာ ကြွေကျနေတဲ့ အသီးကိုသာ တွေ့ရပြီး ဘာမှ မတွေ့ရပါဘူး။ အဲဒီအခါကျမှ အကြောင်းရင်းကို သေချာမသိဘဲ သေချာ မစဉ်းစားဘဲ ကြောက်လန့်နေမိတာ ဖြစ်ကြောင်း သိရပါတော့တယ်။
သင်ခန်းစာ။ ။ ဒီပုံပြင်လေးက အားလုံးလည်း ကြားဖူးပြီးသား ဖြစ်မှာပါ။ ဒီပုံပြင်လေးထဲမှာ ကိစ္စတခုခုကို အကြောင်းရင်းသေချာမသိဘဲ၊ သေချာ မစဉ်းစားဘဲ ကြောက်လန့်တတ်ခြင်းက ကိုယ့်ကိုယ်ကို သာမက အခြားသူများကိုလည်း ထိခိုက်စေတတ်ကြောင်း သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။
ဘယ်အရာမှာမဆို အကြောင်းရင်း ဇစ်မြစ် သေချာသိအောင် ကြိုးစားပြီးမှ ဘာဆက်လုပ်သင့်သလဲ ဆိုတာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ phoomyatchal
0 Comments