အတော်ဆုံး ဖောက်ထွင်းဝိဇ္ဇာ

တခါက ထောင်အာဏာပိုင်တွေနဲ့ ဖောက်ထွင်းဝိဇ္ဇာ တယောက် အကြားမှာ ထူးထူးခြားခြာ အားပြိုင်မှု တခု ဖြစ်ခဲ့ဖူးသည်။ အဲ့ဒီ ဖောက်ထွင်းဝိဇ္ဇာက ကမ္ဘာ့အတော်ဆုံး သော့ဝိဇ္ဇာလို့ ပြောလို့ ရသည်။ သူ မဖျက်နိုင်တဲ့ တံခါး၊ သူ မဖောက်နိုင်တဲ့ တံခါး မရှိဘူးလို့ ကြွေးကြော်ထားသူ ဖြစ်သည်။

သူ့ကို ဘယ်ထောင်ထဲမှာ မှလည်း ပိတ်လှောင်ထားလို့ မရ။ တနည်းမဟုတ် တနည်းနဲ့ ထောင်ဖောက်ပြီး ပြေးတာချည်းပင်။ သော့ဝိဇ္ဇာ ကိုးဗျ။ သူ ကြုံးဝါးထားတာ တခု ရှိသေးသည်။

အဲ့ဒါက ဘယ်လိုသော့ ဘယ်လို တံခါးမျိုးပဲ ဖြစ်ဖြစ် ၅ မိနစ် အတွင်း သူ့စိတ်တိုင်းကျ ဖြစ်အောင် ဖောက်နိုင်တယ် ဆိုပဲဗျ။

အဲဒါနဲ့ သူ့ကို ဒီလို လွှတ်ထားလို့တော့ မဖြစ်တော့ဘူး၊ တခုခု တော့ စီမံရမယ် ဆိုပြီး သက်ဆိုင်ရာ ထောင်အာဏာပိုင် တွေက အဲ့ဒီ သော့ဝိဇ္ဇာဆီကို ရအောင် ဆက်သွယ်သည်။ ပြီးတော့ သူနှင့် သဘောတူညီချက် တခုကို လုပ်ဆောင်ကြသည်။

အဲ့ဒီ သဘောတူညီချက်က သော့ဝိဇ္ဇာကို အခန်းတခုမှာ ပိတ်ထားမည်။ သူက အဲ့သည့် အခန်းတံခါးသော့ကို ဖျက်ပြီး အပြင်ရအောင် ထွက်ရမည်။ သတ်မှတ်ချိန်က ၁၀ မိနစ်။

၁၀ မိနစ် အတွင်းမှာ အဲ့ဒီ သော့ဝိဇ္ဇာ အပြင်ရောက်အောင် ထွက်နိုင်ရင် သူ့လုပ်ခဲ့တဲ့ ရာဇဝတ်မှု အပြစ်တွေကို စာရင်းမှ ဖျောက်ဖျက်ပေးမည်။

၁၀ မိနစ်အတွင်း မရခဲ့ရင်တော့ သူ့ရဲ့ ရာဇဝတ်မှုတွေအတွက် ဥပဒေအရ အရေးယူမှုကို ကျေကျေနပ်နပ် လက်ခံရမည်။ သော့ဝိဇ္ဇာက အဲ့ဒီ စိန်ခေါ်မှုကို လက်ခံလိုက်သည်။ ၁၀ မိနစ် ဆိုတာ သူ့အတွက် များလွန်းနေတယ်လို့ တောင် ခပ်ပြုံးပြုံး ပြောလိုက်သေးသည်။

သတ်မှတ်ထားတဲ့ရက် သတ်မှတ်ထားတဲ့ အချိန်လည်း ရောက်ရော သတ်မှတ်ထားတဲ့ အခန်းထဲကို သော့ဝိဇ္ဇာကို ထည့်ပြီးတော့ အခန်းတံခါးကို ပိတ်လိုက်သည်။

အထဲက သော့ဝိဇ္ဇာ ဆီမှာတော့ ဘာမှ ထွေထွေထူးထူး ပါမသွား။ ဝတ်နေကျ ကုတ်အင်္ကျီ တထည်သာ ပါသွားသည်။

အချိန်စမှတ်ပြီ။၂ မိနစ်။ အေးအေးဆေးဆေးပင် ထိုင်လျှက် ရှိနေသေးသည်။ ၃ မိနစ် ကုတ်အင်္ကျီထဲမှ ဆေးလိပ်ဘူးကို ထုတ်၊ ဘူးထဲမှ ဆေးလိပ်တလိပ်ကို ပါးစပ်ထဲခဲ၊ မီးအသာညှိပြီး ခပ်လေးလေး ဖွာထုတ်လိုက်သည်။

၄ မိနစ်။ ထိုင်နေရာက အသာထပြီး တံခါးဆီကို လျှောက်သွားလိုက်ပြီး သော့ပေါက်ထဲကို သူ၏ ကုတ်ထဲမှ ကရိယာများအသုံးပြုပြီး သော့ဖျက်ခြင်း လုပ်ငန်း စတင်သည်။

၅ မိနစ် ၆ မိနစ် ၇ မိနစ် သော့ဝိဇ္ဇာကြီး ချွေးပြန်လေချေပြီ။ ဘယ်သော့ကိုမှ သူ ဒီလောက် မဖောက်ခဲ့ ရဖူးဘူး။ အခုဟာက သူမှန်းထားတာထက် ပိုကြာနေပြီ။

၈ မိနစ်။ လုံးဝ မရသေး။ ၉ မိနစ် ၁၀ မိနစ်။ အတော်ဆုံးပါလို့ သတ်မှတ်ခံထားရတဲ့ သော့ဝိဇ္ဇာခမျာမှာ တံခါးတခု ရှေ့မှာ ကျဆုံးခဲ့လေသည်။ သူရှုံးကြောင်း အာဏာပိုင်တွေ ရှေ့ကို ရောက်လာပြီး ခံဝန်ကတိ လက်မှတ် ထိုးပြီးသွားတော့ သူက မေးခွန်းတခု မေးသည်။

"ခင်ဗျားတို့ ဒီတံခါးကို ဘယ်သော့နဲ့များ ပိတ်ထားတာလဲဟင်။ ကျုပ်တသက် ဒီလိုမျိုးတခါမှ မတွေ့ဖူးဘူး"

အာဏာပိုင်တို့ ကလည်း ပြန်ဖြေသည်။ "တကယ်တော့ အဲ့ဒီတံခါးက သော့ကို ပိတ်မထားတာ။ တံခါးက စေ့ရုံလေးစေ့ ထားတာ။ ခင်ဗျား တွန်းဖွင့်လိုက်ရင်တောင် တံခါးက ပွင့်တယ်ဗျ"

ဒါက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေး တခုပါ။ ဇာတ်လမ်းလေး ဆုံးသွားပေမယ့် ကျွန်တော်ကတော့ အတွေး မဆုံးသေးပါဘူး။

ကျွန်တော်တို့ ဘဝမှာလည်း ဒီလိုတံခါးမျိုးတွေ ခဏခဏ တွေ့ခဲ့ရဖူးမည်။ အသာလေး တွန်းဖွင့်လိုက်ရုံလေး ဆိုပေမယ့် မပွင့်ပွင့်အောင် နည်းမျိုးစုံ ရှာကြံပြီး အပင်ပန်း ခံကြရသည်။

သို့ပေမယ့် တွန်းဖွင့်ကြည့်ဖို့ ကိုတော့ အရင်ဆုံး မကြိုးစားမိ။ အရိုးရှင်းဆုံး နည်းလမ်းတွေ ကနေ စပြီးချဉ်းကပ်တာ အကောင်းဆုံးပါပဲ။ တခါတလေမှာ ရိုးရိုးလေး တွန်းဖွင့်လိုက်ရင်တောင် လိုရာရောက်နိုင်ပါတယ်ဗျာ။ Crd

Post a Comment

0 Comments