စိတ်ကိုကြည်လင်အောင်ထားပါ

တခါက လင်မယား စုံတွဲ တတွဲဟာ နှစ်ထပ်အိမ်လေး တလုံးမှာ မှီတင်း နေထိုင်ကြ ပါတယ်။

မယားဖြစ်တဲ့သူဟာ မနက်တိုင်းမှာ အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေ ဘေးအိမ်ကို ချောင်းချောင်း ကြည့်ပြီး သူမြင်တွေ့သမျှ တွေကို သူ့ရဲ့ ခင်ပွန်းဆီကို ဖောက်သည်ချ ပြောပြလေ့ ရှိတယ်။

"ဘေးအိမ်က လူတွေဟာ အဝတ်အစားလည်း ကောင်းကောင်း မလျှော်တတ်ကြဘူး သိလား။ အဝတ်အစားတွေ ညစ်ပတ်နေ တာပဲ။ ဘာ ဆပ်ပြာမှုန့်များ သုံးကြလဲ မသိဘူး"

ယောက်ျားဖြစ်သူ ပြန်ပြောတာက "သူများ ကိစ္စကို သွား အာချောင်မနေ စမ်းပါနဲ့။ ကိုယ့် အဝတ်အစားတွေသာ ကိုယ်ပြောင်အောင် လျှော်စမ်းပါ"

ဒါပေမယ့် မိန်းမလုပ်တဲ့သူက ပြတင်းပေါက်ကနေ နေ့တိုင်း ဘေးအိမ်ကို သွားသွား ချောင်းကြည့်နေတတ် မြဲပဲတဲ့။ ပြီးရင် သူ့ယောကျ်ားကို လာလာ ပြောပြပြန်တယ်။ "သူတို့ အဝတ်အစား လျှော်တာကလည်း ညစ်ပတ်နေတာပဲ" တဲ့။

ဒီလိုနဲ့ တနေ့ မနက်မှာ ယောကျ်ားက အိမ်အောက်ထပ်မှာ ကော်ဖီတခွက်နဲ့ သတင်းစာ ထိုင်ဖတ်နေတုန်း မိန်းမက အိမ်ပေါ်ကနေ အထူးအဆန်း ပြေးဆင်းလာပြီး သူယောက်ျားဆီ လာပြောတယ်။

"ယောက်ျားရေ၊ နားကို မလည်တော့ဘူး။ သူတို့ ဘာဆပ်ပြာမှုန့် ပြောင်းသုံးကြလဲ မသိဘူး။ ဒီနေ့ သူတို့ အဝတ်အစားတွေ သစ်လွင်နေတာပဲ။ သူတို့ဘာနဲ့ လျှော်တာလဲ အရမ်း သိချင်တာပဲ"

အဲဒါနဲ့ ယောက်ျားလုပ်သူက ထပြောတာက "ငါ တော်တော်လေးကို အမြင် ကတ်လာပြီနော်။ ဒီနေ့မနက် ငါ အစောကြီး ထပြီး ပြတင်းပေါက် မှန်တွေကို ပြောင်နေအောင် သုတ်ထားလို့ ဟေ့။

အရင်က မှန်တွေက ညစ်ပေနေတာ။ နင်က အဲ့ကနေ သွားသွား ကြည့်မှတော့ အကုန် ညစ်ပေနေတာပဲ မြင်မှာပေါ့ ဟ" တဲ့။

သင်ခန်းစာ။ ။ ကျွန်တော်တို့ လူသားတွေဟာ သူတပါးရဲ့ အပြစ်ကိုသာ ရှာကြည့်တတ်ပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ မေ့နေတတ် ကြပါတယ်။ ဒါကြောင့် သူတပါးကို မဝေဖန်ခင် ကိုယ့်စိတ်ကို အရင် ကြည်လင်အောင် သန့်ရှင်းထားဖို့ လိုပါတယ်။

ကိုယ့်စိတ်က ကြည်လင်နေရင် မြင်သမျှ အရာတိုင်းက လှပနေမှာ ဖြစ်သလို ကိုယ့်စိတ်က နောက်နေရင်လည်း မြင်ရမှာက ပြဿနာချည်း ဖြစ်နေမှာပါ။ စိတ်ကို ကြည်လင်စွာနဲ့ လောကကို အကောင်းမြင်နိုင် ကြပါစေ။ Crd

Post a Comment

0 Comments