ချွေတာလွန်းသောသူ

တခါတုန်းက ကလျာဏကဋကရွာမှာ ဘေရဝဆိုတဲ့ မုဆိုးတယောက် ရှိတယ်။ တနေ့တော့ မုဆိုးဟာ ဝိန္ဒျာဋဝီ တောအုပ်ထဲသားကောင် လှည့်လည် ရှာဖွေရင်း သမင်တကောင်ကို တွေ့တော့ ပစ်သတ်ပြီး သမင်သေကို ထမ်းပြီး ပြန်လာခဲ့တယ်။

အပြန်လမ်းမှာလည်း တောဝက်ကြီး တကောင်ကို တွေ့တာနဲ့ သမင်သေကို အောက်ချပြီး တောဝက်ကြီးကို မြားနဲ့ ပစ်တယ်။

မြားမှန်သွားတဲ့ တောဝက်ဟာ မုဆိုးဆီ တဟုန်ထိုး ပြေးလာပြီး ပက်လိုက်ကာ ဝှေးစေ့ကို အပက်ခံရပြီး မုဆိုးကြီးခမျာ အမြစ်ကကော်လဲတဲ့ သစ်ပင်လို လဲကျသေဆုံး သွားတော့တယ်။

ရေ၊ မီး၊ အဆိပ်၊ လက်နက်၊ ငတ်မွတ်ခြင်း၊ အနာရောဂါ၊ တောင်ပေါ်မှ ကျခြင်း ဆိုတဲ့ သေခြင်း အကြောင်းတရား တို့တွင်တခုခုသော သေကြောင်း ကြုံတွေ့တဲ့အခါ သတ္တဝါတွေဟာ သေကြေ ပျက်စီး ကြရတယ်။

တိုက်ခိုက်မှုကြောင့် တောဝက်ရော မုဆိုးပါ သေဆုံးသွားတဲ့ အပြင် တောဝက်နဲ့ မုဆိုးတို့ရဲ့ ခြေထောက်တွေနဲ့ နင်းမိပြီး မြွေတကောင်ပါ အဆစ် သေသွားရတယ်။

ထိုအချိန်မှာပဲ ဒီဃာရဝ အမည်ရှိတဲ့ မြေခွေးတကောင်ဟာ အစာရှာ ထွက်လာရင်း မုဆိုး၊ တောဝက်၊ သမင်၊ မြွေ ဆိုတဲ့ အသေကောင် လေးဦးကို တွေ့ပြီး စိတ်ထဲကနေ တွေးတယ်။

"ဒီနေ့ ငါ တော်တော် ကံကောင်းတာပဲ။ အစားအစာတွေ အများကြီးကို ရတာပဲ"

ဆင်းရဲဒုက္ခ တွေဟာ မမျှော်လင့်ပဲ ရောက်လာတတ် ကြသလို၊ ချမ်းသာသုခတွေ ဟာလည်း မမျှော်လင့်ပဲ ရောက်လာတတ် ကြတယ်။

ဒီလို ဆင်းရဲချမ်းသာ ဖြစ်ပေါ်လာတာဟာ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှု မကောင်းမှု ကံကြောင့်သာလျှင် အဓိက အကြောင်းလို့ ထင်မိပါတယ်။

"ဒီအစာ အာဟာရတွေနဲ့ ငါ ငါးလ လောက် ချမ်းချမ်းသာသာ အေးအေးဆေးဆေး စားသောက်နေလို့ ရတယ်။ မုဆိုးက တလစာ လုံလောက်တယ်။

သမင်နဲ့ ဝက်သေကောင်က သုံးလစာ လုံလောက်တယ်။ မြွေသေကောင် ကတော့ တရက်စာလုံလောက်တယ်။ ဒီနေ့တော့ ချွေတာတဲ့ အနေနဲ့ လေးညို့သားရေ ကိုသာ စားသင့်တယ်"

မြေခွေးဟာ အဲဒီလို ကြံပြီး လေးညို့ကြိုးကို စားမလို့ ကိုက်ဖြတ်လိုက်တဲ့ အခါ ကြိုးပြတ်ပြီး လေးကိုင်းက ရင်ဝကို ရိုက်မိကာ နေရာတွင် ပွဲချင်းပြီး သေသွားလေ တော့သတည်း။

ပစ္စည်းဥစ္စာကို အမြဲတမ်း ရှာဖွေ စုဆောင်း သင့်ပါတယ်။ ဒါပေမဲ့ လွန်လွန်ကဲကဲ မစုဆောင်းသင့် ပါဘူး။ လွန်လွန်ကဲကဲ ချွေတာစုဆောင်းမိလို့ ဒီဃာရဝ ဆိုတဲ့ မြေခွေးဟာ မုဆိုးရဲ့ လေးကိုင်း ရိုက်ချက်ကြောင့် အသက်ထွက်ခဲ့ ရဖူးပါတယ်။

Post a Comment

0 Comments