တခါတုန်းက လူငယ်တယောက်ဟာ စက်ရုံတရုံမှာ အလုပ် လုပ်ပါတယ်။ အသက်ကြီးတဲ့ technician တယောက်ရဲ့ လက်အောက်မှာ လုပ်ရတယ်။
သူ့ဆရာက စကားကို နည်းနည်းပြောပြီး အလုပ် ကြိုးစားလုပ်ဖို့နဲ့ စက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ပြင်တတ်အောင် လေ့လာဖို့ အမြဲပြောတယ်။ သူလည်း သူ့ဆရာ ပြောတဲ့အတိုင်း လုပ်တယ်။
၁၀ နှစ် ကြာတဲ့အခါမှာ သူ့ဆရာဟာ အလုပ်က အနားယူ သွားတယ်။ လူငယ်လည်း technician တယောက် ဖြစ်လာပါတယ်။ သူဟာ အရင်အတိုင်း အလုပ် ကြိုးစားသလို အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လုပ်တယ်။
တနေ့မှာ သူဟာ အနားယူ သွားတဲ့ သူ့ဆရာဆီ သွားလည်တယ်။ ဆရာက လူငယ်ရဲ့ မျက်နှာကို ကြည့်ပြီး "မင်းကို ကြည့်ရတာ မပျော်မရွှင် ဖြစ်နေပုံရတယ်။ ဘာဖြစ်နေလို့လဲ" လို့ မေးတယ်။ လူငယ်ဟာ သက်ပြင်း တစ်ချက်ချလိုက်ပြီး ခုလို ပြန်ဖြေတယ်။
"ဒီလိုပါ ဆရာ။ ကျွန်တော်ဟာ ဆရာ ပြောခဲ့တဲ့အတိုင်း စကားကို နည်းနည်းပြောပြီး အလုပ်ကို ကြိုးစားလုပ်ခဲ့တယ်။ စက်တွေပြင်တာ မှာလည်း အကျွမ်းကျင်ဆုံး တယောက် ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ စက်ရုံမှာ ကျွန်တော်ဟာ မရှိမဖြစ် လူတယောက် ဖြစ်နေပါပြီ။
ကျွန်တော် နားမလည်တာက ကျွန်တော့်လောက် အလုပ် မကြိုးစားသလို ကျွမ်းကျင်မှုလည်း မရှိကြတဲ့ သူတွေဟာ ရာထူးတွေ တိုးသွားကြတယ်။ ကျွန်တော်ကတော့ အခုချိန်ထိ technician ရာထူးက မတက်ဘူး။ အဲဒါဘာကြောင့်လဲ ဆရာ"
"မင်းဟာ စက်ရုံမှာ မရှိမဖြစ်လူ ဆိုတာ သေချာလား" "ဟုတ်ကဲ့။ သေချာပါတယ် ဆရာ" လို့ လူငယ်က ပြန်ဖြေတယ်။ ဆရာဟာ အိမ်ခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားနေတယ်။
ခဏကြာမှ သူဟာ လူငယ်ဘက် လှည့်ကြည့်ပြီး ပြောလိုက်တယ်။ "တရက်လောက် အကြောင်းတခု ပြပြီး ခွင့်ယူလိုက်ကွာ။ မင်းလည်း ပင်ပန်းနေလို့ အနားရတာပေါ့"
လူငယ်ဟာ ပထမတော့ သူ့ဆရာပေးတဲ့ အကြံကို အံ့ဩသွားတယ်။ ဒါပေမဲ့ အဲဒီအကြံအတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တနေ့ မနက်မှာ စက်ရုံကို ဖုန်းဆက်ပြီး ခွင့်တရက် တင်လိုက်တယ်။
ခွင့်ယူပြီး နောက်နေ့မှာ သူ စက်ရုံကို အလုပ်ပြန်ဆင်းတော့ စက်ရုံမန်နေဂျာက သူ့ကို ရုံးခန်းထဲလာဖို့ ခေါ်တယ်။ သူရောက်သွားတော့ မန်နေဂျာက သူ့ကို ပြောပြတယ်။
သူမရှိတုန်း စက်တွေ ပျက်တာကို တခြားဘယ်သူမှ မပြင်နိုင်ကြလို့ စက်ရုံရဲ့ ကုန်ထုတ်မှု ထိခိုက်သွားခဲ့တယ်တဲ့။ သူဟာ စိတ်ထဲမှာ ပီတိ ဖြစ်နေတယ်။ လူငယ်ရဲ့ အရေးပါမှု ကြောင့်ရယ်၊ သူ့ကို အားပေးချင်တာ ကြောင့်ရယ် မန်နေဂျာက သူ့ကို Senior Technician ရာထူး တိုးပေးလိုက်တယ်။
သူ့ဆရာ ပေးလိုက်တဲ့ အကြံဟာ အလုပ်ဖြစ်တယ်။ ဒီနည်းဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် ဖြစ်မယ်လို့ တွေးရင်း လူငယ်ဟာ ကျေနပ် ပျော်ရွှင်သွားတယ်။ ဇာတ်လမ်းက မပြီးသေးပါဘူး။ လူငယ်ဟာ အလုပ်ထဲမှာ မကျေနပ်တာ တွေ့ရင် ရာထူး တိုးချင်ရင် မကြာခဏ ခွင့်ယူတတ်တယ်။
နောက်နေ့ သူ အလုပ် ပြန်ဆင်းတော့ မန်နေဂျာက သူ့ကို ချော့မော့ ပြောရတယ်။ သူလည်း မကြာခဏ ရာထူး အတိုးခံရတယ်။ သူ အဲဒီလို လုပ်နေတာ လ အတော် ကြာသွားပါပြီ။
တရက် သူအလုပ်ဆင်းဖို့ စက်ရုံကို ရောက်သွားတော့ အစောင့်က သူ့ကို စက်ရုံထဲ အဝင်မခံဘူး။ စက်ရုံက သူ့ကို အလုပ်ဖြုတ်လိုက်ပြီလို့ အစောင့်က ပြောပြတယ်။ သူ အတော် စိတ်ညစ်သွားတယ်။ ရက်အတန်ကြာမှာ သူ့ဆရာဆီ ပြန်သွားတယ်။
"ကျွန်တော် ဘာကြောင့် အလုပ်ပြုတ်ရတာလဲ ဆရာ" လို့ သူ့ဆရာကို မေးလိုက်တယ်။ ပြီးတော့ ဝမ်းနည်းကြေကွဲသံနဲ့ " ကျွန်တော် ဆရာပြောတဲ့ အတိုင်း အတိအကျ လုပ်ခဲ့တာပါ" လို့လည်း ပြောလိုက်တယ်။
ဆရာဖြစ်သူက "မင်းဟာ ငါပေးတဲ့ အကြံရဲ့ ပထမပိုင်း ကိုပဲ လုပ်ခဲ့တာပါ" "ဒုတိယပိုင်း ရှိသေးတယ် ဟုတ်လားခင်ဗျ။ ကျွန်တော် မသိလိုက်ပါလား ဆရာ" "အေး၊ မင်း ဘယ်သိပါ့မလဲ။ မင်းဟာ အကြံ ပထမပိုင်းကို ကြားပြီးတာနဲ့ အိမ်က ထွက်သွားတာကိုး" "ဒါဆိုရင် ဒုတိယပိုင်းက"
"ဒုတိယပိုင်းကို လျှပ်စစ်မီးသီး တလုံးကို ဥပမာပေးပြီး ရှင်းပြပေးမယ်။ လျှပ်စစ်မီးသီးဟာ အမြဲ လင်းနေရင် အဲဒါကို ဘယ်သူမှ သတိမထားမိကြဘူး။ ဒါပေမဲ့ မီးသီး မီးမလင်းရင် သတိထားမိ လာကြတယ်။ မီးမလင်းတာ ခဏခဏ ဖြစ်လာရင်တော့ အဲဒီမီးသီးဟာ အသစ်တလုံးနဲ့ အလဲ ခံရလိမ့်မယ်။ မကြာခဏ မီးမလင်းတဲ့ မီးသီးကို ဘယ်သူကများ လိုချင်ဦးမှာလဲ"
အလုပ်ထဲမှာ သင်ဟာ အလုပ် အကျွမ်းကျင်ဆုံး တယောက်၊ လူကြီးတွေ အားကိုးရသူ တယောက် ဖြစ်နေလို့ မာနတက်ပြီး အခုလူငယ်လို အမှား မလုပ်မိ ပါစေနဲ့။ လျှပ်စစ်မီးသီးလို မကြာခင် ဖြုတ်လဲ ခံရနိုင်တယ် ဆိုတာ ကြပ်ကြပ် သတိထားပါ။ ဗန်းမော်သိန်းဖေ
0 Comments