မျက်ကန်း အချစ်

တခါတုန်းက ကောင်လေးတယောက်နဲ့ ကောင်မလေး တယောက် ချစ်ကြတယ်။ လက်ထပ် ကြတယ်။ ဖြစ်ရိုးဖြစ်စဉ် အတိုင်းပဲ။ ဘာမှ မထူးခြားပါဘူး။

ထူးခြားတာက ကောင်မလေးမှာ ကောင်လေးနဲ့ လက်ထပ်ပြီး မကြာမီ ခရုသင်းတွေ စွဲလာပြီး အရေပြားတွေ စတင် ပျက်စီးလာတော့တယ်။ ကောင်မလေးက စိုးရိမ်နေတယ်။

"အို ဘုရားသခင် ရက်စက်လိုက်တာ သူ ကျွန်မကို ပစ်သွားတော့မယ် ထင်တယ်"

ကောင်လေးက ကောင်မလေးကို ခွင့်တောင်းတယ်။ နိုင်ငံခြား သွားပြီး အလုပ် လုပ်ပါရစေ။ ကောင်မလေး ကလည်း ခွင့်ပြုလိုက်တော့ ကောင်လေးက နိုင်ငံခြားထွက်ပြီး အလုပ် လုပ်တယ်။

ကောင်မလေး အခြေအနေက ပိုဆိုးလာတယ်။ ခရုသင်းတွေက တကိုယ်လုံး သာမက မျက်နှာတွေကိုပါ စွဲပြီးတော့ ဖွေးဖွေး ဖြူသွားတယ်။

ကောင်မလေး နေ့စဉ် ငိုနေ ရတယ်။ သူ့အလှတွေ ပျက်စီးကုန်လို့ ကောင်လေးက ကြိုက်နှစ်သက် ပါဦးမလား စိတ်ထဲမှာ စိုးရိမ်မိတယ်။

တရက်မှာတော့ ကောင်လေးက နိုင်ငံခြားက ပြန်ရောက် လာတယ်။ သူဟာ လုပ်ငန်းခွင်မှာ ထိခိုက်ခဲ့လို့ မျက်စိကွယ်ခဲ့ ရတယ်။ အဲ့ဒါကြောင့် ကောင်လေးက ပြန်လာခဲ့ရတာပေါ့။

ကောင်လေးက မျက်စိ ကွယ်နေပေမယ့် ကောင်မလေးက ကျေနပ်နေ မိတယ်။ သူ့ရဲ့ ရုပ်ပျက် ဆင်းပျက် အလှမဲ့ နေတာကို ကောင်လေး မတွေ့နိုင်မှာ ဖြစ်လို့ ပီတိ ဖြစ်နေတယ်။

မျက်စိ ကွယ်လာတာ စိတ်မကောင်း ဖြစ်ပေမယ့် ကောင်လေးက သူ့ကိုလည်း ပစ်မသွားနိုင်တဲ့ အပြင် သူကိုယ်တိုင် ပြုစုပေးခွင့် ရလို့ ပျော်နေမိတယ်။

ဒီလိုနဲ့ အရွယ်တွေ ရလာပြီး အတူတူပျော်ရွှင်စွာ ဖြတ်သန်းကြရင်းနဲ့ တနေ့မှာတော့ ကောင်မလေးက စောစီးစွာ ကွယ်လွန် သွားခဲ့ရတယ်။

ကောင်မလေး ကွယ်လွန်သွားပြီးချိန် တနေ့မှာ ကောင်လေးက တယောက်တည်း လမ်းလျှောက် ထွက်လာတယ်။ အိမ်နီးချင်း တယောက်က

"အလို ခင်ဗျား မျက်စိ မြင်တယ်။ တယောက်တည်း တုတ်တောင် မပါဘဲ လမ်းလျှောက် နိုင်တယ်"

"ဟုတ်ကဲ့ ကျွန်တော် ဘယ်တုန်းကမှ မျက်စိ မကန်းခဲ့ပါဘူး။ ကျွန်တော့်မိန်းမ စိတ်ချမ်းသာအောင် မျက်စိ မမြင်ချင်ယောင် ဆောင်ခဲ့ရ တာပါ။ သူ့ကို စိတ်မဆင်းရဲ စေချင်ဘူး" တင်ညွန့် (A Blind Man’s Love)

Post a Comment

0 Comments