တခါက ရေအိုင်တခုမှာ ဖားတအုပ် နေထိုင်ခဲ့ ကြတယ်။ သူတို့နေတဲ့ ရေအိုင်က လူတွေနေတဲ့ နေရာနဲ့လည်း ဝေးတယ်။ အဲဒါကြောင့်လည်း ဖားတသိုက်ဟာ လူ၊ ကျွဲ၊ နွား၊ ခွေး စတဲ့ တိရစ္ဆာန် တွေကိုလည်း မမြင်ဘူးဘဲ ရှိနေခဲ့ ကြတယ်။
တနေ့တော့ မျက်စေ့လည် လမ်းမှားလာတဲ့ နွားတကောင်ဟာ ဖားတွေ နေတဲ့ ရေအိုင်မှာ ရေလာ သောက်တယ်။ ဖားတွေဟာ နွားကို ကြည့်ရင်း အံ့သြသွား ကြတယ်။
"အိုးမိုင်ဂါ့။ အင်မတန် ကြီးမားတဲ့ ဧရာမ သတ္တဝါ ကြီးပဲ။ ငါတို့တွေက သူ့ခြေရာခွက်ထဲမှာ ရေစိမ်လို့တောင် ရတယ်။ နည်းတဲ့ အကောင်ကြီး မဟုတ်ဘူးဟ"
"အေးကွ။ အရင်က ကိုဖားပြုတ်ကို အကြီးဆုံး လို့ ထင်ထားတာ အခုမှ ဒီသတ္တဝါကြီးက အကြီးဆုံး ဆိုတာ သိတော့တယ်။ သူနဲ့ယှဉ်ရင် ကိုဖားပြုတ်က အီးပေါလောပဲ"
ဖားကလေးတွေ အဲဒီလို ပြောဆိုနေတုန်း အခိုက်မှာပဲ ဖားပြုတ် ရောက်လာတယ်။ သူက ဒီလို ပြောတယ်။ "ဟေ့ကောင်တွေ။ မင်းတို့ ပြောတဲ့ အကောင်က ဘာကောင် မို့လို့လဲ။ လောကမှာ ငါ့ထက် ကြီးတဲ့ အကောင် ဆိုတာ မရှိဘူး။ ငါအကြီးဆုံးပဲ"
ဖားပြုတ်က ပြောပြောဆိုဆိုနဲ့ သူ့ကိုယ်လုံးကို လေတွေနဲ့ ဖောင်းထားလိုက်တယ်။ "တွေ့လား ဟေ့ရောင်တွေ။ အခု မင်းတို့ တွေ့ရတဲ့ သတ္တဝါကြီးနဲ့ တူတယ်မလား" လို့ ပြောတယ်။
ဖားပြုတ်က တကိုယ်လုံးကို လေတွေနဲ့ ဖောင်းထားတာကို ကြည့်ပြီး ကျန်တဲ့ ဖားတွေက ရယ်မော ကြတယ်။ "ခင်ဗျား ဖောင်းထားတာက ကျွန်တော်တို့ တွေ့တဲ့ သတ္တဝါကြီးရဲ့ အီးပုံလောက်ပဲ ရှိတယ်"
အဲဒီစကားကို ကြားတဲ့အခါ ဖားပြုတ်က သူ့ကိုယ်လုံးကို ထပ်ပြီး မကြီး ကြီးအောင် လေတွေ ထပ်ဖြည့် လိုက်တယ်။ ဖားကလေးတွေ ကလည်း လှောင်ပြန်တယ်။ "ဟား ဟား ဟိုသတ္တဝါကြီးရဲ့ ခြေရာခွက်ထဲမှာ ခင်ဗျားလို အကောင် သုံးလေးကောင် လောက်နေလို့ ရတယ်"
အဲဒီအခါ မှာလည်း ဖားပြုတ်က ပိုပြီးဖောင်းသည်ထက် ဖောင်အောင် ပြုလုပ် ပြန်တယ်။ ဖားကလေး တွေက ရယ်မောကြ ပြန်တယ်။ ဖားပြုတ်က ဖောင်းရင်း ဖောင်းရင်းနဲ့ နောက်ဆုံးမှာတော့ ရင်ကွဲပြီး သေပွဲဝင် ရသတဲ့။
တခါတလေမှာ ကျွန်တော်တို့တတွေဟာ သူတပါး အထင်ကြီးအောင် ကြိုးစားရင်းနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ Identity ပျောက်ဆုံးလာ ကြတယ်။ အဆိုတော် တယောက်ကို အများ ကြိုက်ကြတဲ့အခါ ကိုယ်မကြိုက်ရင် လူရာမဝင်သယောင် ထင်မြင်လာတယ်။
နာမည်ကြီး ကြက်ကြော်ဆိုင်၊ ဘာဂါဆိုင် ကိုယ့်အကြိုက်နဲ့ သိပ်မကိုက်ညီလှ ပေမယ့်လည်း အများ ကြိုက်နေတာကြောင့် ဇွတ်မှိတ်ပြီး ကြိုက်လိုက်ကြ ပြန်တယ်။
လူအများရဲ့ trend ကို လိုက်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာ ကြတယ်။ လူတွေဟာ အထင်ကြီးခံရဖို့ အတွက် မိမိရဲ့ စစ်မှန်တဲ့ true colour ကို အရောင်တွေ ခြယ်သ ထားကြသူတွေ ဖြစ်လာကြတယ်။
နွားနဲ့တူအောင် လိုက်ဖောင်းနေတဲ့ ဖားပြုတ်လို ကိုယ်နဲ့မတူတဲ့ ဝန်းကျင်တခုရဲ့ အထင်ကြီးခြင်းကို ရဖို့အတွက် အဓိပ္ပါယ် မဲ့စွာ ကြိုးစားနေ ကြသူတွေပဲ ဖြစ်တယ်။
မတူတာကို တုမိတဲ့ အတွက် ရင်ကွဲတဲ့ ဖားပြုတ်လို ရင်ကွဲပက်လက်တွေ ဖြစ်ကြပြန်တယ်။ တပါးသူတွေရဲ့ အကြိုက်ကို လိုက်ရင်း အချိန်ကုန်၊ ငွေကုန်၊ အကျိုးမဲ့တွေ ဖြစ်ကြပြန်တယ်။
တကယ်တော့ ကိုယ့်နှစ်သက်ရာ၊ ကိုယ်အထင်ကြီး လေးစားရာကို ဖော်ပြခြင်းသာလျင် ကိုယ်ကိုယ်တိုင်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်ခြင်း ဖြစ်သလို ဟန်ဆောင်ခြင်းကင်းတဲ့ ဖြူစင်ခြင်းလည်း ဖြစ်တယ်။ phoomyatchal
0 Comments