Rangoon Tea House မှာ ဒန်ပေါက်တပွဲ ၁၂ ဒေါ်လာ၊ မုန့်ဟင်းခါး တပွဲ ၆ ဒေါ်လာ။ ရောင်းတဲ့သူကလည်း ရောင်းတယ် လာစားတဲ့သူ ကလည်း စားနိုင်တဲ့ လူတန်းစားတွေ။ အဲ့တော့ ဘာမှပြသနာ မရှိဘူး။
အဲဒီလိုပဲ ဝင်ဒါမီယာ၊ ဥယျာဉ်လမ်းထဲက အမက ကျောင်းထဲမှာ တဲထိုးပြီး ရောင်းနေတဲ့ ဒေါ်နှင်းဆီ မုန့်ဟင်းခါး၊ တပွဲကို အကြော်စုံ၊ ငါးဖယ်၊ အိုးဘဲဥ၊ ငါးသလောက်ဥ နဲ့ဆို ၁၂၀၀၀ လောက် ရှိမယ်။
ရောင်းလာတာ နှစ် ၂၀ လောက် ရှိပြီ။ လာစားတဲ့ လူတန်းစား ကလည်း စားနိုင်တဲ့ လူတန်းစား၊ ဘာပြသနာမှ မရှိခဲ့ဘူး။
ဒီနှစ်ဆိုင်က အရသာလည်း သိပ်မကွာဘူး၊ ဈေးလည်း သိပ်မကွာဘူး။ သို့ပေမယ့် ဟိုတလောက ဒေါ်နှင်းဆီဆိုင်မှာ လာစားတဲ့ လူတယောက်က တပွဲတသောင်းခွဲတန် ဆိုပြီး ဖေ့ဘုတ်မှာ တင်တော့ တို့လူမျိုး ထုံးစံအတိုင်း ဝိုင်းဆဲ ကြသည်ပေါ့။
ဆဲတဲ့ အထဲမှာ ၁၅၀၀၀ ဆိုရင် တမိသားစုလုံး နှစ်ရက်လောက် ထမင်းစားလို့ ရတယ် လို့ ပြောတဲ့လူလည်း ရှိတယ်။ (တကယ်လည်း သူတို့ မိသားစုက ၁၅၀၀၀ နဲ့ နှစ်ရက်လောက် ထမင်းစားနေ ရတာလည်း ဖြစ်ချင် ဖြစ်မယ်)
နောက်ထပ် ဆဲတဲ့ လူတန်းစား တမျိုးကျတော့ Roof Top Bar မှာ Mild seven တဗူး ၅၅၀၀ ပေးသောက်တဲ့ လူတွေ ပါတယ်၊ Brave မှာ ဘလက်တလုံး ၈၀၀၀၀ ပေးသောက်တဲ့ လူတွေလည်း ပါတယ်။
KTV မှာ အသီး ၃ မျိုးလောက် ၄ စိတ် စိတ်ပြီး ထည့်ထားတဲ့ ပန်းကန်ကို ၇၅၀၀ ပေးပြီး စားတဲ့ လူတွေလည်း ပါတယ်။ ဘာမှန်းမသိ ညာမှန်းမသိနဲ့ မှုတ်ရ ပြီးရော ဆိုပြီး ရှီရှားတအိုး တသိန်းလောက် ပေးသောက်တဲ့ အဖွဲ့တွေလည်း ပါတယ်။
ပြောချင်တာကတော့ ဒီလူတွေ အကုန်လုံးက ဆဲချင်လို့ကို ဝင်ဆဲတာ။ အဆိုတော် နေဝင်းက အိမ့်ချစ်ချောကို ကြည့်တဲ့ အကြည့်က အင်မတန် နှစ်လိုဖွယ် ကောင်းပြီး မိန်းကလေးတိုင်း အားကျ ရတယ်။
ဗိုလ်တထောင် ညဈေးက မုန့်လင်မယား ရောင်းတဲ့ အမျိုးသမီးကို သူ့ယောက်ကျားက ကြည့်တာလည်း ဒီ အကြည့်ပဲ။ ဒါပေမယ့် နှစ်လိုဖွယ် မကောင်းဘူး။
မိန်းကလေးတွေ ရာနှုန်းပြည့် အားမကျဘူး။ အရက်ဖိုး တောင်းမလို့ မျက်နှာချို သွေးနေတယ် လို့ တောင် ပြောတဲ့လူ ရှိသေးတယ်။
မှော်ဘီက မရမ်းတလင်းခြံမှာ ဆရာမင်းင်္သိခ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး ဖတ်ဖူးတယ်။ "ချမ်းသာအောင် ကြိုးစား ဒီနိုင်ငံမှာ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်" တဲ့။
အဲတော့ ကိုယ့်ကိုယ့်ကို ခမ်းနားအောင်သာ တည်ဆောက်ပါ။ လူချမ်းသာ စိတ်ချမ်းသာအောင် အမြဲကြိုးစားပါ။
ပိုက်ဆံဆိုတာ ဘာတွေ မဖန်ဆင်းနိုင်ဘူး၊ ညာတွေ မဖန်ဆင်းနိုင်ဘူး ဆိုတဲ့ ဗော်ရှီဘစ် ဂျင်းတွေကို သွားမယုံနဲ့။ ဥပါယ်တံမျဉ် ဇာတ်ကားထဲက ဗီလိမ်ဇာတ်ရုပ် သိန်းစိုး ပြောသလိုပဲ "ခင်ဗျား ဆင်းရဲဖူးလား။ ဆင်းရဲရင် ဘယ်သူမှ စောက်ဖက် မလုပ်ဘူး" တဲ့။
0 Comments