သူတောင်းစားအကြံ လက်မခံ

ဟိုး ရှေးရှေးတုန်းကပေါ့။ ဘုရင့်သားတော်တွေ မှူးကြီးမတ်ရာတွေရဲ့ သားတော်တွေနဲ့ ပညာရှာဖွေ ကြတဲ့ အထက်တန်းလွှာ လူတန်းစားတွေဟာ တက္ကသိုလ် ပြည်ကြီးမှာ ပညာသင်ကြား ရတယ်။ အဲဒီလိုနဲ့ ပညာ ဆုံးခန်းတိုင်တဲ့ အခါမှာ ကိုယ့်ရပ် ကိုယ့်ဒေသကို ပြန်ကြရတာပေါ့။

အဲဒီလို ပြန်ကြတဲ့ အထဲမှာ ဘုရင့်သားတော် အိမ်ရှေ့စံလေး တပါးလည်း ပါတာပေါ့ကွယ်။ အဲဒီလို ပြန်ကြတော့ အဲဒီခေတ် အဲဒီအခါက သယ်ယူမှု ပုံစံအတိုင်း အဝတ်ထုပ်လေးကို တုတ်တချောင်းရဲ့ တဖက်ထိပ်ဖျားမှာ ချည်လို့ ပုခုံးပေါ် တင်ကာ လက်တဖက်က တုတ်ဖျားကို ကိုင်ပြီး အိမ်ရှေ့စံလေးက သယ်ယူခဲ့တာ ပေါ့ကွယ်။

နန်းတော်ကို ပြန်လာရတဲ့ ခရီးက အလွန် ဝေးတာကြောင့် အိမ်ရှေ့စံလေးဟာ လမ်းခုလတ် တနေရာက ဇရပ်အိုလေး တခုမှာ ခဏတဖြုတ် ဝင်နားတာ ပေါ့ကွယ်။ အဲဒီ ဇရပ်အိုကြီးမှာ သူဖုန်းစားတယောက် ဟာလည်း အိပ်နေသတဲ့။

အိမ်ရှေ့စံလည်း အိပ်နေတဲ့ သူဖုန်းစားကို တွေ့တော့ ခပ်ခွာခွာလေး နေတာပေါ့၊ ရွံတာကိုး။ ခဏတာ အမောဖြေ နေရင်း အိမ်ရှေ့စံက စဉ်းစားမိတယ်။ "ငါဒီလို အဝတ်ထုပ်ကို လက်တဖက်နဲ့လျှိုထမ်းရတော့ ငါ၏လက် အန်မတန်မှ ညောင်းတော်မူတယ်။

ထို့ကြောင့် ငါ၏လက် မညောင်းရလေအောင် ငါ၏ အဝတ်ထုပ်နှင့် အလေးချိန် တူသော အခြားအရာ တခုခုကို ချိတ်ဆွဲ ခဲ့လျှင် လက် တင်ထားစရာ မလိုတော့ သောကြောင့် ငါ့အတွက် အတော်ပင် သက်သာလိမ့်မည်" လို့ တွေးမိသတဲ့။ အိမ်ရှေ့စံလည်း သူ့အကြံအတိုင်း ဇရပ်အို အနားမှာ ရှိသော ကျောက်ခဲတို့အား လိုက်လံ ကောက်ယူသတဲ့။

အဲဒီလို ကောက်ယူပြီးသော ကျောက်ခဲတို့နှင့် သူ့ရဲ့အဝတ်အိတ်ကို အလေးချိန် ချိန်ဆ ကြည့်တော့တာပေါ့။ တယောက်တည်း အလုပ်ရှုပ်နေတဲ့ အိမ်ရှေ့စံရဲ့ ပြုမူပုံတွေကို ဇရပ်ပေါ်က သူဖုန်းစားက အစအဆုံး မြင်နေတော့တာပေါ့။ အဲဒီလိုမြင်တာနဲ့ တပြိုင်နက် အိမ်ရှေ့စံရဲ့ စိတ်အကြံကိုလည်း သူဖုန်းစားက ရိပ်မိလာတယ်။

နောက်ဆုံး အမြင်မတော်တဲ့ အဆုံးမှာ သူဖုန်းစားက အိမ်ရှေ့စံကို "အို မင်းသားငယ်၊ အသင်သည် ဝန်ထုပ် ဝန်ပိုးအား ၂ ဆ သယ်ယူရသည့် တိုင်အောင် ဉာဏ်နည်းလှ ပေစွ။ သင်၏ ရှိရင်းစွဲ အဝတ်အထည်တို့ကို ၂ ထုပ် ခွဲ၍ သယ်ဆောင်ပါမူ ပိုမိုအဆင်ပြေ ပေလိမ့်မည်" ဟု အကြံဉာဏ် ပေးလေတယ်။

သူဖုန်းစား ပေးသော အကြံဟာ အလွန်ကို အဆင်ပြေ ပါတယ်။ ဒါပေမယ့် အိမ်ရှေ့စံ ကတော့ ရာဇအိန္ဒြေကို ထောက်ကာ ဒီလိုတွေးတယ်။ "ငါသည် နောင်တချိန်တွင် တိုင်ပြည်အုပ်ချုပ် မင်းလုပ်ရမည့် အိမ်ရှေ့စံပေတည်း။ ထိုအခါ ငါအိမ်ရှေ့စံ ဘဝက သူဖုန်းစား တယောက်၏ အကြံကို ရယူ လက်ခံခဲ့သည်ဟု အများက သိကြသော် ငါ၏ ရာဇအိန္ဒြေလည်း ညှိုးမှိန် ရပေလိမ့်မည်" လို့ အနာဂတ်ကို ကြိုတွေးလိုက်တာပေါ့။

ဒါ့ကြောင့် အိမ်ရှေ့စံဟာ သူဖုန်းစား၏ အကြံပေးစကားကို မျက်ကွယ်ပြုကာ မူလအကြံအတိုင်း ကျောက်ခဲကို ဆွဲ၍သာ ခရီးနှင်သွားခဲ့တာပေါ့။ ပုံပြင်လေးကတော့ ဒီမှာပဲ အဆုံးသတ်သွား ပါတယ်။ အိမ်ရှေ့စံလေးဟာ သူဖုန်းစားပေးသော အကြံဉာဏ်ကောင်းကို အခြားမျက်ကွယ် တနေရာတွင် အသုံးပြုသည် အသုံးမပြုသည် ကိုတော့ ဘယ်သူမှ မသိဘူးပေါ့ကွယ်။

တကယ်တော့ လူ့လောကမှာ ကောင်းမွန်မြင့်မြတ်သော အကြံဉာဏ်တွေဟာ လူတန်းစားမရွေးမှာ ရှိတတ်ကြပါတယ်။ အဲဒီအကြံတွေကို ရယူမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ဝေဖန်ပိုင်းခြားပြီး အကောင်းဆုံးကို ရယူတတ်ဖို့ လိုပါတယ်။

အကြံဉာဏ် ကောင်းတွေကို အခြေအနေ အချိန်အခါ တခုမှာ အသုံးမပြု ဖြစ်ခဲ့ရင်လည်း လိုအပ်တဲ့ အချိန်မှာ ထုတ်ယူ သုံးစွဲနိုင်အောင် မှတ်သားထားရ ပါမယ်။ Crd

Post a Comment

0 Comments