တခါက တိုင်းပြည်တပြည်မှာ အင်မတန် လှပ ချောမောတဲ့ မင်းသမီးလေး တပါး ရှိတယ်။ သူ့ကို လက်ထပ်ချင်တဲ့ မင်းညီမင်းသားတွေ သူဌေးသူကြွယ်တွေ အများကြီးပဲတဲ့။
လက်ဆောင်ပဏ္ဏာတွေ အမျိုးမျိုး ပေးပြီး လက်ထပ်ဖို့ လာရောက်ကမ်းလှမ်းတဲ့ သူတွေ များလွန်းလို့ မင်းသမီးလေးဟာ ပြသာဒ်မြင့် တခုအပေါ်မှာ တက်ပုန်းနေရ ပါသတဲ့။
ဒါပေမဲ့ တနေ့မှာတော့ မင်းသမီးဆီကို လူငယ်တယောက် ရောက်လာတယ်။ ဒီလူငယ်ဟာ လက်ဆောင်ပဏ္ဏာ အဖြစ် ရွှေလင်ပန်းထဲမှာ ကျောက်သံပတ္တမြားတွေ အပြည့် ထည့်ပြီး သူ့ကို လက်ထပ်ခွင့် ပြုဖို့ တောင်းပန်တယ်။ ဒါပေမဲ့ ထုံးစံ အတိုင်းပဲ မင်းသမီးလေးက ငြင်းဆိုနေတဲ့ အတွက် နောက်ဆုံးမှာ ပြန်သွားရတယ်။
မကြာမီ ရက်ပိုင်း အတွင်းမှာပဲ ဒီလူငယ်ဟာ မင်းသမီးလေးရဲ့ အဆောင်တော်ကို ရောက်လာပြန်တယ်။ ဒီတခါမှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ငွေလင်ပန်းထဲမှာ ငွေဒင်္ဂါးတွေ ထည့်ယူလာတယ်။ ဒီတခါ မှာလည်း မင်းသမီးလေးက လူငယ်ရဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်နေတဲ့ အတွက် လူငယ်ဟာ ပြန်သွားရ ပြန်ပါတယ်။
ဒါပေမဲ့ မကြာပါဘူး။ မလျှော့သော ဇွဲလုံ့လတွေနဲ့ အတူ ယောက်ျားကောင်းတို့ထုံး နှလုံးမူလို့ ရက်အနည်းငယ် အတွင်းမှာပဲ လူငယ်ဟာ မင်းသမီးလေးဆီ ရောက်လာပြန်တယ်။
ဒီတခေါက် မှာတော့ လူငယ်ဟာ လက်ဆောင်ပဏ္ဏာအဖြစ် ကြေးလင်ပန်းထဲမှာ ကြေးပြား အနည်းငယ်သာ ထည့်ပြီး ယူဆောင်လာခဲ့ ပါသတဲ့။ လူငယ်ဟာ မင်းသမီးလေးဆီကို သုံးခေါက် လာရာမှာ တခေါက်နဲ့ တခေါက် လက်ဆောင်တွေက မတူပါဘူး။
တခေါက်ထက် တခေါက် လက်ဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ တိုးမလာပဲ လျော့သထက် လျော့ပြီးသာ ယူဆောင်လာ နေပါတယ်။ ဒါကို မင်းသမီးလေး ကလည်း သတိထားမိတယ်။
"တကယ်ဆိုရင် ပထမ တခေါက်မှာ ငါ့ရဲ့မေတ္တာကို မရရင် ဒုတိယတခေါက်မှာ ပိုပြီး အဖိုးတန်တဲ့ လက်ဆောင်ပစ္စည်းကို ယူလာရမှာ။ ခုတော့ တခေါက်ထက် တခေါက် ညံ့တဲ့လက်ဆောင် ကိုပဲ ယူယူလာနေတာ တကယ်တော့ ငါ့ကိုစော်ကားတာပဲ"
ဒီလိုတွေးပြီး မင်းသမီးလေးက "ရှင်ဘယ်လိုလူလဲ၊ ကျွန်မကို မလေးမစား လုပ်တာလား။ တခေါက်ထက် တခေါက် ညံ့တဲ့လက်ဆောင်ကို ယူလာတာ ဘာသဘောလဲ" လို့ မေးတယ်။ မင်းသမီးလေးက မေးတော့ လူငယ်က
"ကျွန်တော် စော်ကားတာမဟုတ်ရပါဘူး။ အသင်မင်းသမီးလေးနဲ့ တကယ် ထိုက်တန်တဲ့ လက်ဆောင်ပဏ္ဏာကိုသာ ယူလာတာပါ" လို့ ပြန်ပြောသတဲ့။ ဒီအခါမှာ မင်းသမီးလေးဟာ ပိုဒေါသ ထွက်သွားတယ်။
"ဒါဆိုရှင်ဟာ ကျွန်မအလှနဲ့ ကျွန်မသိက္ခာကို စော်ကားတာပဲ" လို့ ဒေါသတကြီးနဲ့ အော်ပြောတယ်။
လူရွယ်က "ကျွန်တော် စော်ကားတာ မဟုတ်ရပါဘူး။ အသင်မင်းသမီးလေးဟာ တနေ့ထက် တနေ့ လှသထက် လှလာတာမှမဟုတ်တာ။ တနေ့ထက်တနေ့ အိုခြင်းတရားနဲ့ အတူ အလှအပတွေ ဟာလည်း လျော့လျော့သွား နေတာပါ။ ဒီလို အလှတွေလျော့သွားတာ မို့လို့လည်း ကျွန်တော်က လက်ဆောင်ပစ္စည်းတွေကို တန်ဖိုး လျှော့လျှော့ပြီး ယူလာခဲ့တာပါ" လို့ ပြန်ပြောလိုက်တယ်။
ဒီပုံပြင်လေးကို ဖတ်ပြီးရင် ရိုးရိုးလေးပဲ တွေးကြပါစို့။ ဘဝမှာ အလှဟာ မတည်မြဲတဲ့ အရာပါ။ နေ့စဉ်နဲ့ အမျှ တန်ဖိုး ကျတတ်တဲ့ သဘောသဘာဝလည်း ရှိပါတယ်။
ဒါဆို ကိုယ်တို့တွေဟာ တနေ့ထက်တနေ့ တန်ဖိုးတွေပဲ လျော့လျော့ သွားကြရတော့မှာလား။ ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်တဲ့အခါ ဘာတန်ဖိုးမှ မရှိတော့တဲ့ ထင်းနုပ်အဖြစ် ဒီခန္ဓာကိုယ်ကို စွန့်ခွာသွား ကြရမှာလား။
ပညာဆိုတာ ဘဝကို အရှုံးမရှိအောင် ဖြတ်သန်းတဲ့ နေရာမှာ သုံးဖို့ သင်ကြားတဲ့ အရာပါ။ နဲနဲလောက် ပညာရှင်ဆန်ဆန် တွေးကြရအောင်လား။
ကိုယ်တို့တွေ တခုခု ရှုံးနိမ့်သွားပေမယ့် တခုတော့ အမြတ်ရအောင် ပြန်ယူရမယ်လေ။ ဘဝမှာ အလှတွေ ဆုံးရှုံးသွားတယ် ဆိုပေမယ့် ကိုယ်တို့တွေရဲ့ စိတ်ဝိဉာဉ်ကို တနေ့ထက်တနေ့ တန်ဖိုး မြင့်လာအောင် ကြိုးစားကြမယ် ဆိုရင်ရော။
စိတ်ဝိဉာဉ်ဆိုတဲ့ အရာကိုတော့ အိုမင်းလာတာနဲ့ အမျှ တန်ဖိုးတွေ တက်လာအောင် ကြိုးစားနိုင်ခဲ့မယ် ဆိုရင် ကိုယ်တို့တွေ ရှုံးတယ်လို့ ပြောလို့ ဘယ်ရမှာလဲ။ ဒါဆို ပုံပြင်ထဲက လူငယ်လို ကြေးခွက်နဲ့ ကိုယ့်ကို လာကမ်းလှမ်းတဲ့ အခါ ရဲရဲဝံ့ဝံ့ လက်မထောင်ပြီး ပြန်ပြောလို့ ရပြီလေ။
"ကျွန်မမှာ ရုပ်အလှက တန်ဖိုး ကျသွားပေမယ့် စိတ်အလှ ကတော့ အရင်ကထက် ပိုပြီး တန်ဖိုးမြင့်သွားပြီ၊ အဲဒီတော့ ရှင့်ရဲ့ လက်ဆောင်ပစ္စည်း ကိုလည်း ပိုပိုပြီး တန်ဖိုးမြှင့် ယူဆောင်လာသင့်တယ်" လို့ ပြန်ပြောလို့ရနိုင်တာပေါ့။
ဘဝမှာ တနေ့ထက်တနေ့ တန်ဖိုးကျသွားတဲ့ မိန်းကလေးတယောက် မဖြစ်ပါစေနဲ့။ ဒီနေ့မှာ ရွှေခွက်နဲ့ ကမ်းလှမ်း ခံရရင်တောင် နောက်နေ့မှာ စိန်စီထားတဲ့ ခွက်နဲ့ ကမ်းလှမ်းခံရတဲ့ မိန်းကလေးတယောက် ဖြစ်အောင် အမြဲကြိုးစားပါ။
ရုပ်အလှ စိတ်အလှ ပညာပြည့်ဝ၍ လှသော နှလုံးအလှ သုံးဝတို့နှင့် ပြည့်စုံ၍ လောကအလယ် တင့်တယ် လန်းဆန်းသော အဖိုးတန်ပန်းကလေးအဖြစ် မွှေးပျံ့ထုံသင်း ဂုဏ်သတင်းမွှေးပါစေ လို့ ဆန္ဒပြုရင်း။ Crd
0 Comments