တခါက အိန္ဒိယ နိုင်ငံရဲ့ နယ်လေး တနယ်မှာ လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။ တနေ့တော့ သူတို့ ငါးယောက် လယ်ထွန်နေကြတုန်း ရုတ်တရက် မိုးတွေ အုံ့လာပြီးတော့ လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော။
မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်း တိုက်၊ လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ ဆိုတော့ လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက သစ်ပင်ကြီး တပင်ရဲ့ အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။
အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့ ဖြစ်ရပ်တခု ဖြစ်နေတာကို လယ်သမား ငါးယောက်စလုံးက သတိထားမိ လိုက်ကြတယ်။ အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့ ခဏတိုင်း အနီးကပ် လျှပ်စီးလက်နေတာပါ။
ဒီလို ဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့ အောက်မှာ ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ် ဆိုတာ လယ်သမားတွေက အလိုလို သဘောပေါက် လိုက်ကြတယ်။
ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့် အော်ဟစ်ပြီးတော့ ငိုတဲ့သူငို ဘုရားစာရွတ်တဲ့ လူက ဘုရား စာရွတ်နဲ့ ဆူညံနေကြတာပေါ့။ အဲဒီအချိန် သူတို့ ငါးယောက်ထဲမှာ အသက်လည်း ကြီးပြီး ဝါအရရော သမ္ဘာအရရော အတွေ့အကြုံ အရပါ အားလုံးထက်မြင့်တဲ့ လယ်သမားတယောက်က ဒီအဖြစ်အပျက်ကို သေချာ စဉ်းစားကြည့် လိုက်တယ်။
ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်း ပစ်ပြီးလောက်ပြီ။ လူတွေကို ပစ်ချင်ရင်လည်း ပစ်ပြီးလောက်ပြီ။ ဘာဖြစ်လို့ အခုထိ မပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို လျှပ်စီး လက်နေရတာလဲ။
ငါတို့ ငါးယောက်ထဲက တယောက်ယောက် ကိုများ ရွေးပြီး ပစ်ချင် နေတာများလား။ အကုသိုလ်ကောင် တကောင်ကောင်တော့ ငါတို့ထဲမှာ ပါနေပြီ။ တော်ကြာ အဲဒီကောင်ကို ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါ ရောပြီး သေရလိမ့်မယ်။
မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်း နေနေလို့တော့ မဖြစ်ဘူး။ အကုသိုလ်ကောင် ကို အမြန်ရှင်းထုတ်မှ ရတော့မယ် ဆိုပြီး လယ်သမားကြီးက ကျန်တဲ့ လေးယောက်ကို အခုလို ပြောပါတယ်။
"ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာ တယောက်ယောက် ကိုတော့ မိုးကြိုး ပစ်တော့မယ် ဆိုတာ သေချာနေပြီ။ ငါတို့ ငါးယောက်လုံး ဒီလို အတူတူ ရှိနေမယ် ဆိုရင် ငါးယောက်လုံး သေသွားနိုင်တယ်။
အဲဒီတော့ အလှည့်ကျ အနေနဲ့ တယောက်ချင်း ဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့ သစ်ပင်ငယ်လေး ရှိတဲ့အထိ ပြေးသွားရမယ်။ မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့ ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုး ထိမှန်မယ်။
အေး မိုးကြိုး အပစ်မခံရဘူးဆိုရင်တော့ ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့ အောက်ကို ပြန် လာပေါ့။ ကဲ ဘယ့်နဲ့လဲဟေ့ အားလုံး သဘောတူကြရဲ့လား" ဆိုတော့ ငါးယောက်လုံးက သဘောတူ ကြတယ်။
ပထမဆုံးအနေနဲ့ အသက်အကြီးဆုံး ဖြစ်တဲ့ လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ်။ သစ်ပင်ငယ်နား ရောက်ပြီး မိုးကြိုး အပစ်မခံရတော့ အရမ်းဝမ်းသာ သွားတာပေါ့။ မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး။
ငါ သူတို့ဆီကို ပြန်သွားလို့ ရပြီ ဆိုပြီးတော့ သစ်ပင်ကြီးရှိတဲ့ ဆီကို ပြန်ပြေးလာတယ်။ နောက်တယောက် အလှည့်အနေနဲ့ ဒုတိယလူက ပြေးသွားတယ်။
ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုး အပစ်မခံရဘဲ ပြန်လှည့်လာနိုင် ခဲ့တယ်။ ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၎င်း ဘာမှမ ဖြစ်သွားဘူး။ စတုတ္ထလူလည်း သူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့ နောက်ဆုံးကျန်တဲ့ လူတယောက်ပဲ မိုးကြိုး အပစ်ခံရမယ့်လူ ဆိုတာ သေချာပြီပေါ့။ အဲဒီတော့ နောက်ဆုံးလူက အင်မတန် အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ ထွက်ပြေးဖို့ မ လုပ်ရဲတော့ဘူး။
သူဟာ ငိုယိုပြီး "အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် မသွားရဲဘူး။ ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ်။ ကျွန်တော့်ကို ကယ်ကြပါ" ဆိုပြီး ငိုငိုယိုယိုနဲ့ သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်။
လျှပ်စီးလက်တာ ကလည်း သစ်ပင်ကြီးရဲ့ အနားနား ဆက်တိုက် ဆက်တိုက် နီးနီးကပ်ကပ်နဲ့ ပိုပိုပြီးတော့ မြန်သထက် မြန်လာတော့ အားလုံးရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်လာ ကြပါတယ်။
ဒါကြောင့် "ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့ မရတော့ဘူး အားလုံး သေကုန်လိမ့်မယ်။ ဒီအကုသိုလ်ကောင်ကြီးကို မြန်မြန်ထုတ်မှ ရတော့မယ် မဟုတ်ရင် အားလုံး သေရလိမ့်မယ်။ ဒီကောင့်ကို ဆွဲထုတ်ကြရအောင်" ဆိုပြီး ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက် ကြတယ်။ လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့ ကြိုးစားလာကြတော့ တယောက်ထဲ အားက ဘယ်ခံနိုင်ပါ့မလဲ။
နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူး။ သေရင်လည်း သေပါစေတော့ ငါ ထွက်ပြေးပါတော့မယ် ဆိုပြီး ပြေးပါတော့တယ်။ သူလည်း ထွက်ပြေးပြီး လမ်းတဝက်လောက်လည်း ရောက်ရော အုန်းခနဲ ဂျိန်းခနဲ မိုးကြိုးပစ်ချပါ တော့တယ်။
ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံး ထွက်ပြေးနေတဲ့ လူကို ပစ်တာမဟုတ်ဘဲ သစ်ပင်ကြီးရဲ့ အောက်မှာ ကျန်ခဲ့တဲ့ လူလေးယောက်လုံးကို ပစ်ချလိုက်တာ ဖြစ်တယ်။ ဒါကြောင့် လေးယောက်လုံး တပြိုင်တည်း သေကုန်ကြတယ်။ သေရမယ့် ကံက နောက်ဆုံးလူမှာ မပါဘူး။
စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲ သေရမယ် ထင်နေကြတာ။ တကယ်တော့ နောက်ဆုံးလူက သူတို့ကို ကယ်နေတာ ဖြစ်နေတယ်။ နောက်ဆုံးလူက သူတို့နဲ့ အတူတကွ ရှိနေလို့သာ သူတို့တွေကို မိုးကြိုးက မပစ်ခဲ့တာ။ နောက်ဆုံးလူကသာ ကံအထူးဆုံးလူ ဖြစ်နေခဲ့တာ။
သူ့ကံအရှိန်နဲ့ ကျန်တဲ့ လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာပါ။ ဒီအကြောင်းအရာလေးက တခါတလေကျရင် ငါရှိနေလို့သာ သူတို့တွေ အဆင်ပြေနေကြတာ ဆိုတာထက် သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာဆိုတာကိုလည်း မမေ့စေချင်တဲ့ အချက်ကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ CRD
0 Comments