ရင်မှာထိတဲ့ မြားတစင်း

"အဖေ သမီးကို ပိုက်ဆံငါးရာလောက် ချေးပါလား" အလုပ်ကနေ ပြန်လာသော ဖခင်မှာ မောမောပန်းပန်းနှင့် ထိုင်ခုံပေါ်ကိုထိုင်နေရင်း အမော ဖြေနေသည်။ သမီးလေးဖြစ်သူက သူ့ဆီ ပိုက်ဆံချေးနေတာကို သိသည်။ ကြားသည်။ ချက်ခြင်း အဖြေ မပေးသေး။

"အဖေ သမီးကို ပိုက်ဆံငါးရာလောက် ချေးပါလား" သမီးဖြစ်သူ၏ အသံမှာ အားအင် နည်းနေသည့် အနေထား၊ အလုပ်က ပန်းလာသော ဖခင်လုပ်သူမှာ စိတ်မရှည်တော့။

"အမြဲတမ်း နှစ်ရာ နှစ်ရာ ပေးနေတာ မလုံလောက်ဖူးလား။ မုန့်ဖိုး မပေးတဲ့ နေ့တွေ ရှိလို့လား။ သွား သွား မောရတဲ့ ကြားထဲ ဝေးဝေး သွားနေစမ်း" ဟု ဒေါသ အသံဖြင့် သမီးဖြစ်သူကို အော်ဟစ် မောင်းထုတ်လိုက် မိသည်။

သမီးဖြစ်သူမှာ မျက်နှာငယ်ဖြင့် စကားတခွန်းမှ ပြန်မပြောပဲ အိမ်ခန်းထဲ ပြေးဝင်သွားသည်။ မကြာပါ ထိုင်ခုံပေါ်တွင် အမောဖြေနေသော ဖခင်မှာ အိမ်ခန်းထဲ၌ သမီးဖြစ်သူ၏ ငိုရှိုက်သံကို ကြားလိုက်ရသည်။

အမေတယောက်ရဲ့ မေတ္တာကို ငတ်နေရှာသော သမီး၏ ငိုသံ ကြားလိုက်ရသော ဖခင်ဖြစ်သူမှာ စိတ်ထဲ မကောင်း။

"ဟင်း" လေးတွဲသော သက်ပြင်းကို ချလျက် သမီးရှိရာသို့ လှမ်းလာမိသည်။ အိပ်ခန်းအဝ ရောက်သောအခါ ဖခင်ဖြစ်သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

အကြောင်းကား ဆွေးမြေ့မြေ့ ဟောင်းနွမ်းနေသော ပန်ချီကားတချပ်ကို ပိုက်ပြီး ငိုကြွေးနေ ရှာသော သမီးအဖြစ်ကို တွေ့မြင်လိုက်ရ သောကြောင့် ဖြစ်၏။

သူမ၏ ရင်ခွင်ထဲတွင် ထွေးပွေ့ကာ ပိုက်ထားသော ပန်းချီကားချပ်မှာ သေဆုံးသွားတဲ့ သူမ၏ မွေးမိခင် မဟုတ်ပါလား။ ဖခင်ဖြစ်သူသည် သမီးဖြစ်သူ၏ အနား ရောက်တော့ သမီးဖြစ်သူမှာ ခေါင်းအုံးအောက်ကို လက်ဖြင့် နှိုက်နေသည်။ ပါလာပါပြီ။ သမီးဖြစ်သူ၏ လက်ထဲမှာ အဟောင်းရော အသစ်ရော ထွေးလုံးနေတဲ့ နှစ်ရာတန်လေးတွေ အထပ်လိုက်။

ဖခင်ဖြစ်သူမှာ အံ့သြသော မျက်နှာမျိုးဖြင့် "ဒီလောက် ပိုက်ဆံ သမီးဆီမှာ အများကြီး ရှိနေတာ အဖေ့ဆီများ လာပြီး တောင်းနေသေးတယ်။ ဘယ်ကရလာတဲ့ ပိုက်ဆံတွေလဲ" ဟု အဖေဖြစ်သူက မေးလိုက်သည့်အခါ

"ဒီပိုက်ဆံတွေက အဖေ့ဆီကပဲ ရထားတာပါ ဖေဖေ။ ကျောင်းမှာ သူများတွေ မုန့်ဝယ်စား နေပေမယ့် သမီး ဝယ်မစားဖြစ်ခဲ့ဘူး။ မုန့်ဝယ်မစားပဲနဲ့ အဖေ့အတွက်နဲ့ သမီးအတွက် သိမ်းထားတဲ့ ပိုက်ဆံလေးတွေပါ"

တဆက်တည်း သမီးဖြစ်သူက ဆက်၍ ပြောနေသည်။ "ဟုတ်တယ် အဖေ သမီးမှာ အမေ ဆိုတာက ကြားပဲ ကြားဖူးတာပါ။ အမေတယောက်ရဲ့ မေတ္တာဆိုတာ ဘာမှန်းသိခွင့် မရခဲ့ပေမယ့် အဖေဟာ သမီးရဲ့ အမေ ဆိုတာလည်း ဟုတ်၊ အဖေ ဆိုတာလည်း ဟုတ်ပါတယ်။

သမီး အဖေ့ဆီက ဘာမှ မလိုချင်ပါဘူး။ အဖေတယောက်ရဲ့ နွေးထွေးတဲ့ ကြင်နာမှုနဲ့ ထွေးပွေ့တဲ့ ရင်ခွင်ပဲ သမီး အလိုချင်ဆုံးပါ။

မနက်မိုးလင်းရင် အဖေ အလုပ်သွားတယ်။ ညမိုးချုပ်ရင် အဖေပြန်လာတယ်။ ဒီကြားထဲ သမီးအတွက် စားဖို့ဝတ်ဖို့တွေ လိုလေသေး မရှိအောင် အဖေ ဖြည့်ပေးခဲ့ပေမယ့် သမီးရဲ့ ဘဝက မပြည့်စုံသလို ရင်ထဲ ခံစားနေရတယ်။ သူများသားသမီးတွေ ကြည့်ပြီး သမီး သူတို့ မမြင်ကွယ်ရာမှာ ပုန်းကွယ်ပြီးလည်း ငိုကြွေးခဲ့ရတယ်။

ဒါ့ကြောင့် သမီး ပိုက်ဆံ စုတယ်ဆိုတာ အဖေ့ဆီက တနေ့တာ အချိန်လေး ဝယ်ပြီးတော့ တနေ့လုံး အဖေနဲ့ အတူ နေချင်လို့ပါ အဖေ။ အဖေ့ရဲ့ တနေ့တာ လုပ်အားခက ရှစ်ထောင်ရတယ် ဆိုတာ သမီးသိပါတယ်။ ရှစ်ထောင်ပြည့်ဖို့ ငါးရာလေး လိုနေတာကြောင့် အဖေ့ဆီက သမီးပိုက်ဆံ ချေးငှားမိတာပါ အဖေ"

သမီးဖြစ်သူမှာ ဘယ်အချိန်ကတည်းက ရင်ဖွင့်ချင်မိလည်းမသိ၊ ဘယ်အချိန်ကတည်းက ကြတ်မှိတ်ပြီး ခံစားနေလည်း မသိ၊ သမီးဖြစ်သူ၏ ရင်ထဲက မထင်မှတ်ပဲ ထွက်လာသော စကားလုံးများကြောင့် သော့ပိတ် အထားခံရသော လှောင်အိမ် ပွင့်သွားသလို နှလုံးသားတစုံ၏ အလည်ဗဟို၌ အားပြင်းသော မျှားတစင်း ထိုးစိုက်ခံလိုက်ရသလို ရင်ထဲ နာကျင်သွားသည်။ ပြောမတတ်အောင် သမီးအတွက်လည်း ခံစားလိုက်ရသည်။

စိုစွတ်သော မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးဆင်းလျက် နွေးထွေးသော လက်အစုံဖြင့် နူးညံ့သော ရင်ခွင်ထဲကို ဖခင်တယောက်၏ မေတ္တာအပြည့်ဖြင့် ယုယစွာ သမီးဖြစ်သူကို ထွေးပွေ့ထားမိသည်။

ဘယ်ရတနာတွေ ဘယ်လောက်ကောင်း သားသမီး ရတနာလောက် အဖိုးမတန်ပါဘူး။ ဘယ်အရာတွေ ဘယ်လောက် ပျော်စရာကောင်းကောင်း သားသမီးတွေနဲ့ အတူ နေထိုင်ခွင့် ရတာလောက် ပျော်စရာကောင်းမည် မထင်ပါ။

တချို့ သားသမီးများသည် မိဘဖြစ်သူတွေထံက မျှော်လင့်တာတွေ မရဘဲ မမျှော်လင့်တာတွေ ရနေတတ် ကြသည်။ တချို့သောမိဘများသည် ကိုယ်၏ သားသမီးများကို မလိုအပ်တာ အရင်ပေးမိ၍ တကယ် လိုအပ်တာတွေ ကြတော့ ဆုံးရှုံးသွားရ တတ်သည်။ မိသားစု ရှိသူတိုင်း အပေးယူ မျှ၍ ထာဝရအေးချမ်း ပျော်ရွှင်ကြပါစေ။ ဖန်ခါးမြေအရှင်

Post a Comment

0 Comments