တခါက ကျေးရွာတရွာမှာ အလွန် ကြောက်တတ်တဲ့ ကောင်လေးတယောက် ရှိတယ်။ တနေ့ကျတော့ ရွာက ကိုယ်ခံပညာသင်ပေးတဲ့ သိုင်းဆရာကြီးဆီကို သွားပြီး သူ့ကို သတ္တိရှိလာအောင် သင်ပေးဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောဆိုရှာသတဲ့။
သိုင်းဆရာကြီးက "ငါမင်းကို ဒီအတိုင်းတော့ သင်မပေးနိုင်ဘူး။ ငါ့ဆီ ရောက်လာတဲ့ လူတိုင်းကို သူနဲ့ သက်ဆိုင်ရာ စမ်းသပ်ချက် တခုစီ ပြုလုပ်ပြီးမှ သင်ပေးတာ" လို့ ပြောတယ်။
ဆရာကြီးက ဆက်ပြီး "မင်းက ကြောက်တတ်တဲ့လူ ဆိုတော့ တလတိတိ မြို့ပေါ်ကိုတက် ပြီးတော့ ကျနော် ငကြောက်တယောက်ပါ ဆိုတဲ့ အကြောင်းကို တွေ့တဲ့လူတိုင်းရဲ့ မျက်စိတည့်တည့်ကို ကြည့်ပြီး အော်ပြောရမယ်။
ဒီစမ်းသပ်မှု လုပ်ဆောင်ပြီးတဲ့နေ့ ငါ့ဆီပြန်လာခဲ့" လို့ ပြောပြီး သိုင်းဆရာကြီးဟာ လှည့်ထွက်သွားခဲ့တယ်။
ဒီစကားကြားတော့ ကောင်လေးဟာ တော်တော် ဝမ်းနည်းသွားတယ်။ ကြောက်တတ်တဲ့ သူ့အတွက်တော့ ဒီစမ်းသပ်မှုဟာ တော်တော် ခဲယဉ်းနေတာကိုး။ ဒီလိုနဲ့ သူ့ကိုသူ စိတ်ပျက်လက်ပျက်နဲ့ နေရင်း ဟိုတွေး ဒီတွေး နေလာတာ ရက်အနည်းငယ် ကြာသွားတယ်။
ဒီလိုတွေးရင်း လူတွေကို ရင်ဆိုင်တွေ့ပြီး ပြောဆိုရတာထက်၊ ကြောက်တတ်တဲ့စိတ်နဲ့ဖြတ်သန်းရမယ့် ဘဝက သူ့အတွက် ပိုဆိုးရွားခါးသီးတယ် ဆိုတာ သူသဘောပေါက် လိုက်မိတယ်။
အဲဒါနဲ့ မြို့ပေါ်ကို သူတက်သွားတယ်။ ပထမဆုံး တွေတဲ့လူကို ပြောမယ်လည်း လုပ်ရော သူ့ပါးစပ်က ဘာမှ ထွက်မလာတော့ဘူး။
ဒါပေမယ့် သူ့ဆရာက ဒီစမ်းသပ်မှုပြီးမှ သင်ပေးမှာ ဆိုတော့ သူ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင် ရတော့မှာကိုး။ အစမှာတော့ ပြောသာ ထွက်တယ် မျက်စိကို တည့်တည့် မကြည့်ရဲဘူး။
ပြောရင်းပြောရင်းနဲ့ ကြောက်စိတ်တွေ နည်းနည်းလာသလို "ကျွန်တော် ငကြောက်တယောက်ပါ" ဆိုတဲ့ အသံလည်း ပိုပို ကျယ်လာတယ်။
ပြောတဲ့ လူတိုင်းရဲ့ မျက်စိကိုလည်း ရဲရဲကြည့်ပြီး ပြောရဲလာတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှုပိုရှိလာတယ် လို့ ခံစားမိလာတယ်။
နောက်ဆုံးမှာတော့ တလ ဆိုတာကို အခက်အခဲမရှိ ဖြတ်သန်းပြီး သူ့ဆရာကြီးဆီ ပြန်သွားတယ်။ သူ့ဆရာနဲ့ တွေ့တော့ "မင်း ကိုယ့်ကိုယ်ကို သတ္တိရှိလာပြီလို့ ထင်ရဲ့လား" လို့ မေးတယ်။
သူက "ဟုတ်ကဲ့ ဆရာကြီး၊ ဆရာ့ စမ်းသပ်မှု လုပ်ဆောင်ရင်းနဲ့ကို ကြောက်စိတ်တွေ ပျောက်ပျောက်သွားတယ်။ သတ္တိရှိလာတယ်လို့လည်း ထင်မိပါတယ်။
ကိုယ့်ကိုယ်ကိုလည်း ပိုယုံကြည်မှု ရှိလာသလို နေရတာလည်း တနေ့ထက်တနေ့ ပိုပျော်ရွှင်လာပါတယ် ဆရာကြီး" လို့ ဖြေကြားလိုက်တယ်။
ဆရာကြီးက "ဒါပေါ့ တပည့်ရ ကြောက်စိတ် ဆိုတာ အကျင့်ပဲ။ ကြောက်တဲ့စိတ်နဲ့ ထပ်ခါ တလဲလဲ လုပ်နေလို့ ကြောက်နေမိတာ။ ဒါကို ဘယ်သူမှ သင်ပေးလို့ မရသလို ဖျောက်ဖျက်ပေးလို့ မရဘူး မိမိစိတ်ကို မိမိသာ ပြောင်းလဲလို့ ရတယ်။ ဘေးလူက မြင်တတ်အောင် ကြည့်နိုင်ဖို့သာ နည်းလမ်းပေးလို့ ရနိုင်တယ်။
သတ္တိဆိုတာလည်း အလားတူ အကျင့်တခုပဲ။ ဘဝမှာ ဘာပဲလုပ်လုပ် မိမိစိတ်ကို အရင်ဆုံး သဘောပေါက် သိမြင်တတ်ပါစေ ငါ့တပည့်" လို့ ပြောကြားပြီး ဖြေးညှင်းစွာ ထွက်ခွာသွား ပါတော့တယ်။ Crd
0 Comments