တရက်မှာ ဘုန်းကြီးကျောင်း တကျောင်းကို လက်တဖက်တည်း ရှိတဲ့ သူတောင်းစားတယောက် ရောက်လာပြီး စားစရာ လာတောင်း စားတယ်။ အဲဒီမှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ တိုးတော့ ကျောင်းထိုင် ဆရာတော်ဆီမှာ စားစရာ တောင်းတယ်။
ဆရာတော်က ဆွမ်းစားဆောင်ရှေ့က အုတ်ပုံကို လက်ညိုး ထိုးပြ ပြီး "ဒကာတော် အဲ့ဒီအုတ်ပုံကို ဆွမ်းစားဆောင်နောက် အရင် ရွေ့ပေးပါဦး" လို့ မိန့်တော်မူတယ်။
အဲဒီတော့ လက်ပြတ် သူတောင်းစားက ဘုန်းကြီးကို မကျေမနပ်နဲ့ ပြောတယ်။ "အရှင်ဘုရား။ တပည့်တော်မှာ လက်တဖက်တည်း ရှိတာ ဘယ်လိုလုပ်ပြီး ဒီအုပ်ပုံကို ရွေ့နိုင်မှာလဲ။ အရှင်ဘုရား ဆွမ်းကျန်ဟင်းကျန် လေးတောင် မစွန့် ပေးချင်လဲ နေပါ။ တပည့်တော် တခြားမှာပဲ သွားတောင်းစားတော့မယ်" လို့ပြောရော။
ဘုန်းကြီးက ဘာမှ ပြန်မပြောဘူး။ အုတ်ပုံဆီ လျှောက်သွားပြီး လက်တဖက်တည်းနဲ့ အုတ်ခဲကို မပြီး ဆွမ်းစားဆောင် နောက်မှာ သွားချတယ်။ ပြီးတော့မှ လေသံအေးအေးနဲ့ ပြောတယ်။
"ဒီလို အလုပ်မျိုးက လက်တဖက်တည်းနဲ့လည်း လုပ်လို့ ရတယ်" တဲ့။ လက်တဖက်ပြတ် သူတောင်းစားလည်း ဗိုက်ကဆာ စားသောက်စရာလည်း လိုချင်တာနဲ့ ဘုန်းကြီး ပြောတဲ့အတိုင်း လုပ်ပါလေရော။
လက်တဖက်တည်းနဲ့ အုတ်ခဲတွေ တခဲချင်း တခဲချင်းစီ ဆွမ်းစားဆောင် နောက်ကို သယ်သွားလိုက်တာ အချိန်အတော်လေးလည်း ကြာရော အုတ်ခဲပုံ တပုံလုံး ကျောင်းအနောက် ရောက်သွားပါလေရော။
အဲ့ဒီနောက် ဘုန်းကြီးလည်း ထမင်းဟင်းတွေကို ကောင်းကောင်း ပြင်ဆင်ပြီး ကျွေးလိုက်တယ်။ သူတောင်းစား ထမင်းစားပြီးတော့ ဘုန်းကြီးက ပိုက်ဆံတချို့ ထုတ်ပေးတယ်။
သူတောင်းစားလည်း ပိုက်ဆံတွေ ရတော့ အရမ်း ဝမ်းသာသွားတယ်။ အဲဒါနဲ့ "ကျေးဇူး တင်လိုက်တာ ဘုရား ကျေးဇူးတင်ပါတယ် အရှင်ဘုရား" နဲ့ ထိုင်ရှိခိုးရော။ ဘုန်းကြီးက ပြောတယ်။
"ဘုန်းဘုန်းကို ကျေးဇူးတင်စရာ မလိုပါဘူး ဒကာတော်။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီပိုက်ဆံတွေဟာ ဒကာတော်ရဲ့ အားအင် အစွမ်းအစကနေ လာတဲ့ ပိုက်ဆံတွေပဲလေ" တဲ့။
သူတောင်းစားဟာ သူရဲ့ အစွမ်းအစ ကနေ ရတဲ့ငွေ အတွက် အရမ်း ကြည်နူ ပီတိ ဖြစ်မိတယ် လို့ခံစားရတယ်။ "တပည့်တော် အမြဲ မှတ်သားထားပါ့မယ် ဘုရား" ဆိုပြီး ဘုန်းကြီးကို ကျေးဇူးတင်စွာနဲ့ ကန်တော့ပြီး ထွက်ခွာသွားခဲ့ ပါတော့တယ်။
နောက်ထပ် လေးငါးရက်လောက် ကြာတော့ နောက်ထပ် သူတောင်းစား တယောက်က ကျောင်းမှာလာပြီး ဆွမ်းကျန်ထမင်းကျန် ထပ်လာတောင်းစားတယ်။
"ဘုန်းကြီးလည်း သူတောင်းစားကို ဆွမ်းစားဆောင် နောက်ကို ခေါ်သွားပြီး အုတ်ပုံကို လက်ညိုးထိုးပြပြီး ဒီအုတ်ပုံ ကို ဆွမ်းစာဆောင် အရှေ့ အရင် ရွေ့ပေးပါဦး လို့ ပြောတယ်။
ဒါပေမဲ့ ခြေလက်အကောင်းနဲ့ အဲ့ဒီသူတောင်းစားဟာ ဘုန်းကြီး ခိုင်းတာကို စိတ်မဝင်စားပါဘူး။ "ဆွမ်းကျန်လေး တောင်းစားတာတောင် မကျွေးချင်ဘူး။ လူကိုများ ဟိုခိုင်းလိုက် ဒီခိုင်းလိုက်နဲ့" လို့ မကျေမနပ်နဲ့ ပြောပြီး ထွက်ခွာသွား တော့တယ်။
ကျောင်းထဲက သံဃာတွေ အဲဒါကို မြင်တော့ ဘုန်းကြီးကို ဝိုင်းမေးကြတယ်။ "အရင် တခေါက်တုန်းက အရှင်ဘုရားက ဟိုသူတောင်းစားကို ဒီအုတ်ပုံကြီး ဆွမ်းစားဆောင်နောက် ရွေ့ခိုင်းတယ်။
ခုတခါကျ ဒီသူတောင်းစားကို ကျောင်းရှေ့ ပြန်ရွေ့ခိုင်းတယ်။ တကယ်တမ်းတော့ အရှင်ဘုရားက အုတ်ပုံကို ဘယ်နား ထားစေချင်တာလဲ ဘုရား"
ဘုန်းကြီးက သံဃာတော်တွေကို ပြန်ပြောပြတာ "အုတ်ပုံက ဆွမ်းစားဆောင် ရှေ့ မှာပဲနေနေ နောက်မှာပဲနေနေ မထူးခြားပါဘူး အတူတူ ပါပဲ။ ထူးခြားတာက အဲ့ဒီ သူတောင်းစားတွေ အတွက် ရွှေ့မယ်၊ မရွှေ့ဘူး ဆိုတာလေး ပါပဲ" တဲ့။
အချိန်ကာလတွေ နှစ်ချီပြီး ကြာသွားခဲ့တယ်။ တနေ့မှာ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့ လူတယောက် ကျောင်းမှာ အလှုလာလုပ်တယ်။ အဲ့ဒီလူ ဟာ လက်တဖက်ပဲ ရှိတယ်။ တကယ်တမ်းတော့ အဲ့ဒီလူဟာ အရင်တုန်းက ဘုန်းကြီး အုတ်ပုံရွေ့ဖို့ ခိုင်းလိုက်တဲ့ လက်တဖက်ပြတ်နဲ့ သူတောင်းစားပါပဲ။
သူဟာ ဘုန်းကြီးနဲ့ ဆုံတွေ့ခွင့် ရခဲ့ပြီးတဲ့နောက် သူ့ကိုယ်တွင်းမှာ ရှိတဲ့ သူရဲ့ တန်ဖိုးကို သိရှိ နားလည်သွားခဲ့ပြီး သူနဲ့ သင့်တော် လျောက်ပတ်တဲ့ အလုပ်အကိုင်တွေကို ကြိုးစား လုပ်ကိုင်ရင်း ကိုယ့်ကိုယ်ကို အခြေအနေ ကောင်းမွန်မြင့်တက် လာစေနိုင်ခဲ့တော့တာ ပါပဲ။
မိမိကိုယ်ကိုယ် ယုံကြည်၊ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်သိတတ် ပြီး ကိုယ့်အားကိုယ် ကိုးတတ်ခြင်းဟာ လူဖြစ်ခြင်းရဲ့ အရေးအကြီးဆုံး အခြေခံ အကြောင်းအရင်းပဲ ဖြစ်ပါတော့တယ်။ လွပ်လပ်မှု ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာ ရွေးချယ်မလား ဆိုတာ မူတည်သွားတာပါ။ Crd
0 Comments