မျက်နှာကို ရေနွေးငွေ့ခံပေးခြင်းဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးများ

အသားအရေကို လှပနုပျိုအောင် ထိန်းသိမ်းတဲ့နည်းလမ်းတွေက အများကြီးထဲပါပဲ။ အဲဒီထဲကမှ ငွေမကုန်ဘဲ မျက်နှာမှာလိုအပ်တဲ့အာဟာရဓာတ်တွေ ဖြည့်ပေးမယ့်နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်နှာကို ရေနွေးငွေ့ခံခြင်းရဲ့အကျိုးကျေးဇူးများ

၁။ အသားအရေကို သန့်စင်ပေးခြင်း

မျက်နှာကို ရေနွေးငွေ့ခံတဲ့အခါ ချွေးပေါက်တွေ ပွင့်သွားပြီး ချွေးပေါက်ထဲမှာ ပိတ်နေတဲ့အညစ်အကြေးတွေ၊ ဆဲလ်သေတွေ ထွက်လာပါတယ်။ အဲဒါကြောင့် မျက်နှာအတွင်းပိုင်းအထိ သန့်စင်ပေးသလိုပါပဲ။

မျက်နှာမှာ ချွေးပေါက်မပိတ်တော့ရင် အမည်းစက်နဲ့ အဆီဖုတွေလည်း မဖြစ်လာတော့ပါဘူး။ အဲဒါကြောင့် မျက်နှာကို ရေနွေးငွေ့ခံပေးတာက အသားအရေကို အများကြီးပိုကောင်းလာစေပါတယ်။

၂။ အသားအရေမှာ ကော်လဂျင်ထုတ်လုပ်မှုကို အကျိုးးပြုခြင်း

မျက်နှာကို ရေနွေးငွေ့ခံတဲ့အခါမှာတော့ သွေးလည်ပတ်မှုအားကောင်းလာပြီး ကော်လဂျင်ထုတ်လုပ်မှုလည်း တိုးလာပါတယ်။ အဲဒါကြောင့် အသားအရေလည်း တင်းရင်းလာပါတယ်။ ပုံမှန်ရေနွေးငွေ့ခံပေးတဲ့အခါမှာတော့ အသားအရေက  အမြဲတမ်းနုပျိုနေမှာပါ။

၃။ နှာခေါင်းပိတ်တာကို သက်သာစေခြင်း

နှာခေါင်းပိတ်တဲ့အခါမှာ အရမ်းကို နေရခက်နေမှာပါ။ နှာခေါင်းပိတ်တဲ့အခါမှာလည်း မျက်နှာကို ရေနွေးငွေ့ခံပေးလို့ရပါတယ်။ မျက်နှာကိုရေနွေးငွေ့ခံပေးတာ၊ ရေနွေးနဲ့ရေချိုးတာတွေက နှာခေါင်းပိတ်တာကို အချိန်တိုအတွင်း သက်သာသွားစေပါတယ်။

၄။ စိတ်ကို တည်ငြိမ်စေခြင်း

စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အခါမှာ မျက်နှာကို ရေနွေးငွေ့ခံဖို့ မမေ့ပါနဲ့နော်။ ရေနွေးထဲမှာ ကြိုက်နှစ်သက်ရာရနံ့ဆီတစ်မျိုးမျိုးကို ထည့်ပြီးတော့ ရေနွေးငွေ့ခံလို့ရပါတယ်။

မျက်နှာကို ဘယ်လိုရေနွေးငွေ့ခံမလဲ။

၁။ ပန်းကန်လုံးထဲမှာ ရေနွေးထည့်ပြီး ရေနွေးငွေ့ခံခြင်း

- ရေနွေးငွေ့ခံတဲ့အခါမှာ အသုံးပြုဖို့ ပုဝါတစ်ထည်ကို ယူပါ။

- ဆံပင်ကို စည်းထားပြီး မျက်နှာနဲ့ လည်ပင်းကို သန့်ရှင်းရေးလုပ်ပါ။

- ရေ ၆ ခွက်ခန့်ကို ကျိုပြီး ရေနွေးအိုးပွက်လာရင် သဘာဝသစ်ဥသစ်ဖုတွေ ထည့်လို့ရပါတယ်။

- အပူချိန်ကို လျှော့ပြီး ၃ မိနစ်ခန့် ဆူရုံတည်ပါ။ အဲဒီနောက် ပန်းကန်လုံးတစ်လုံးထဲကို ပြောင်းလဲထည့်ပြီး ကြိုက်နှစ်သက်ရာ ရနံ့ဆီတစ်မျိုးမျိုးကို ထည့်ပါ။

- ပုဝါကို ခေါင်းပေါ်မှာ ဖြန့်အုပ်ထားပြီး ပန်းကန်လုံးနဲ့ မျက်နှာ ၆ လက်မခန့်အကွာကနေ ၁၀ မိနစ်ခန့် ရေနွေးငွေ့ခံပေးလို့ရပါပြီ။

၂။ ပုဝါ

- ရေနွေးငွေ့မခံခင်မှာ ဆံပင်စည်းထားပြီး မျက်နှာနဲ့ လည်ပင်းကို သန့်ရှင်းရေးလုပ်ပါ။

- ရေနွေးထဲကို ပုဝါထည့်စိမ်ပြီးနောက် အဲဒီပုဝါကို မျက်နှာတစ်ခုလုံးမှာ ပတ်လိုက်ပါ။

- ၅ မိနစ်ကြာပြီးရင်တော့ ပုဝါကို ဖယ်ရှားလိုက်လို့ရပါပြီ။

၃။ မျက်နှာအတွက် ရေနွေးငွေ့ထုတ်လွှတ်ပေးတဲ့စက်

- ရေနွေးငွေ့မခံခင်မှာ မျက်နှာနဲ့ လည်ပင်းကို သန့်စင်ထားပါ။

- အဲဒီနောက် သက်တောင့်သက်သာအနေအထားနဲ့ စက်ကို ဖွင့်ပြီး ၃ မိနစ်ကြာ ရေနွေးငွေ့ခံလို့ရပါပြီ။ ၁ မိနစ်ခန့်နားပြီး နောက်ထပ်တစ်ကြိမ် ရေနွေးငွေ့ခံလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments