ကလေးတွေကို ပြုစုပျိုးထောင်တဲ့နည်းလမ်းတွေကို မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ဒါပေမယ့် အချို့သော ကလေးပျိုးထောင်ပုံနည်းလမ်းတွေက ရလဒ်ပြောင်းပြန်ပေါ်ထွက်စေပြီး ကလေးအတွက်လည်း အကျိုးမရှိဖြစ်စေပါတယ်။
၁။ စကားနားထောင်အောင်လို့ ကြောက်အောင်ပြုလုပ်ခြင်း
မိဘတွေကို ကြောက်နေမှ ဆုံးမရတာလွယ်ကူမယ်လို့ အချို့မိဘတွေက ယူဆကြပါတယ်။ တကယ်တော့ ကြောက်ရွံ့နေအောင်ပြုလုပ်တာက ကလေးတွေကို စိတ်ပိုင်းဆိုင်ရာနာကျင်အောင် လုပ်သလိုပါပဲ။
အကြောက်တရားနဲ့ ကြီးပြင်းလာတဲ့ကလေးတွေက အသက်ကြီးတဲ့အထိ ကြောက်စိတ်က စွဲသွားပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပါ ပျောက်ဆုံးနေမှာပါ။
၂။ အခြားသူတွေရဲ့ရှေ့မှာ အပြစ်ဖော်ဆုံးမခြင်း
ကလေးတွေကို အပြစ်ဖော်ဆုံးမမယ်ဆိုရင် သီးသန့်ပြောဆိုဆုံးမတာက ပိုပြီးကောင်းမွန်ပါတယ်။ အခြားသူတွေရှေ့မှာ အပြစ်တွေတင်တာ၊ အပြစ်တင်တာ၊ ဆုံးမတာက ကလေးအတွက် အများကြီး အရှက်ရသွားစေပါတယ်။
မကြာခဏ အခြားသူတွေရှေ့မှာ အပြစ်ပေးဆုံးမတာ ခံရတဲ့ကလေးတွေက လူအများနဲ့ ပြောဆိုဆက်ဆံရမှာကို ကြောက်ရွံသွားလေ့ရှိပါတယ်။
၃။ အလိုလိုက်ပြီး ပိုးမွေးသလိုမွေးခြင်း
မိဘတွေက ကလေးတွေကို အဆုံးမရှိတဲ့မေတ္တာနဲ့ချစ်တာကြောင့် လိုအပ်သမျှကို ဖြည့်ဆည်းပေးလိုကြပါတယ်။ ဒါပေမယ့် နေရာတကာအလိုလိုက်တဲ့အခါမှာတော့ သူတို့ရဲ့အနာဂတ်ကို ထိခိုက်သွားနိုင်ပါတယ်။ ကိုယ့်အားကိုယ်ကိုးချင်စိတ်က ကလေးတွေမှာ ပျောက်ဆုံးလာပြီး မိဘကိုပဲ အမြဲမှီခိုလာတတ်ပါတယ်။
၄။ အမြဲလိုလို အော်ဟစ်ပြောဆိုခြင်း
အချို့မိဘတွေက ဒေါသကြီးတာကြောင့် သာမန်ပြောဆိုလို့ရတဲ့စကားတွေကိုလည်း အော်ကြီးဟစ်ကျယ်ပြောဆိုတတ်ပါတယ်။ အထူးသဖြင့် အခြားသူတွေရှေ့မှာ ကလေးတွေကို ချိုချိုသာသာမပြောဆိုဘဲ အော်ဟစ်ပြောဆိုတာက အခြေအနေကို ပိုဆိုးသွားစေပါတယ်။ စိတ်ရှည်ရှည်ထားပြီး ဆုံးမတာက ကလေးကိုလည်း စိတ်ရှည်တတ်သူဖြစ်အောင် ပျိုးထောင်သလိုပါပဲ။
၅။ အဆင့်ကောင်းကောင်းကို လိုချင်ခြင်း
မိဘတွေက ကလေးတွေကို တော်ပြီး ထက်မြက်စေချင်တာကြောင့် အဆင့်ကောင်းကောင်းလည်း လိုချင်ကြပါတယ်။ ကလေးရဲ့အနာဂတ်အောင်မြင်မှုကို အတန်းထဲက အဆင့်တစ်ခုတည်းနဲ့ တိုင်းတာလို့မရနိုင်ပါဘူး။
အနာဂတ်မှာ ပျော်ရွှင်အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ ပညာရေးကလည်း အရေးကြီးတဲ့အပြင် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့၊ အများနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့၊ ခေါင်းဆောင်မှုစွမ်းရည်ရှိဖို့၊ စိတ်ဓာတ်ကောင်းသူဖြစ်ဖို့ စတဲ့အရည်အချင်းပေါင်းများစွာ ရှိဖို့လည်း အရေးကြီးပါသေးတယ်။
၆။ အတင်းအကြပ်စေခိုင်းခြင်း
ကလေးတွေက သူတို့ကို ထိတာ၊ နမ်းတာ၊ ပွေ့ဖက်တာကို အမြဲတမ်းသဘောကျချင်မှကျပါလိမ့်မယ်။ သူစိမ်းတွေချီတာကိုမကြိုက်ဘဲ မိသားစုဝင်တွေ ချီတာကိုပဲ သဘောကျတဲ့ကလေးတွေလည်း ရှိပါတယ်။
ကလေးတွေကို အတင်းအကြပ် ကခိုင်းတာ၊ သီချင်းဆိုပြခိုင်းတာ၊ အမူအရာလုပ်ပြခိုင်းတာ၊ နမ်းခိုင်းတာတွေက တစ်ခါတရံမှာ သူတို့အတွက် အနေရကြပ်စေပါတယ်။
၇။ သားတွေကို ကြင်နာမှုမပေးခြင်း
ကလေးတွေက ဘယ်အသက်အရွယ်မှာမဆို အချစ်ခံချင်ကြပါတယ်။ ဂရုစိုက်ပေးတာကို လိုချင်ကြပါတယ်။ ကြင်နာပေး၊ ဂရုစိုက်ပေးတာက သူတို့အတွက် ပျော်ရွှင်စေပြီး ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုတွေကို တိုးစေပါတယ်။
ဒါပေမယ့် ယောကျ်ားလေးဆိုပြီး ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆက်ဆံတာ၊ ချိုချိုသာသာမပြောတာ၊ ဂရုစိုက်မှုမပေးတာက သူတို့အတွက် စိတ်မလုံခြုံမှုကို ခံစားသွားရစေပါတယ်။
၈။ ငွေကိုပဲ ဦးစားပေးခြင်း
ငွေကြေးကို ဦးစားပေးဖို့ လိုအပ်သလို ကလေးတွေကို အချိန်ပေးဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက် အိပ်ရာမဝင်ခင် စာဖတ်ပြတာ၊ ပိတ်ရက်တွေမှာ လျှောက်လည်တာ၊ အတူတူကစားပေးတာတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။
အလုပ်နဲ့ ငွေကိုပဲ ဦးစားပေးပြီး ကလေးတွေကို အချိန်မပေးတဲ့အခါ ရင်းနှီးမှုတွေ နည်းပါးလာမှာပါ။
Zombie (lovemedia)
0 Comments