လျှာရဲ့အရောင်ကနေ ခန္ဓာကိုယ်က ကျန်းမာရေးတွေအကြောင်းကို ပြောပြနိုင်ပါတယ်။ အစားအစာအကြွင်းအကျန်တွေ၊ ဘက်တီးရီးယားတွေ၊ ဆဲလ်သေတွေက စုလာတဲ့အခါမှာ လျှာက ဖြူလာပါတယ်။ လျှာက ဖြူသွားတဲ့အခါမှာ ခံတွင်းက အနံ့အသက်ဆိုးတွေလည်း ထွက်လာမှာပါ။
အဲဒါကြောင့် လျှာပေါ်က ဖြူနေတဲ့အရာတွေကို ဘယ်လိုဖယ်ရှားနိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
လျှာပေါ်မှာ ဖြူလာရတဲ့အကြောင်းအရင်း
လျှာက ရုတ်တရက်ဖြူလာတယ်ဆိုရင်တော့ ပုံမှန်အခြေအနေမဟုတ်ပါဘူး။ တစ်ခါရံမှာ ကင်ဆာရဲ့ရှေ့ပြေးလက္ခဏာအဖြစ် လျှာက ဖြူလာတတ်ပါတယ်။ ရေများများမသောက်တာ၊ ဖျားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ပါးစပ်နဲ့အသက်ရှူတာ၊ ပဋိဇီဝဆေးတွေ သောက်သုံးတဲ့ စတဲ့အခြေအနေတွေကြောင့် လျှာက ဖြူလာတ်ပါတယ်။
ခန္ဓာကိုယ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပြီး ကိုယ်ခံအားမကောင်းတဲ့အခါမှာလည်း လျှာဖြူလာပါတယ်။ လျှာက ဖြူလာတာနဲ့ တစ်ပြိုင်နဲ့ နာကျင်တာ၊ အပူလောင်သလို ခံစားရတာဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
လျှာဖြူလာရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ခံတွင်းမှာ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် လျှာက ဖြူလာပါတယ်။
လျှာပေါ်မှာ ဖြူလာတာကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းများ
၁။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ခံတွင်းနံ့ကို ဆိုးစေပါတဘ်။ ဒါပေမယ့် ကြက်သွန်ဖြူက ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ခိုက်ပေးနိုင်ပါတယ်။ ခံတွင်းထဲမှာ Candida လို့ခေါ်တဲ့ မှိုရှိနေတဲ့အခါမှာ ကြက်သွန်ဖြူကို ပုံမှန်စားပေးနိုင်ပါတယ်။
၂။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က နာကျင်တာတွေကို သက်သာစေတဲ့အစွမ်းရှိပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေ၊ လျှာပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့ သွားတိုက်ဆေးကို အသုံးပြုလို့ရသလို ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးပေးလို့လည်း ရပါတယ်။
၃။ ဆား
ဆားက လျှာပေါ်က အစားအစာအကြွင်းအကျန်တွေ၊ ဆဲလ်သေတွေကို ဖယ်ရှားဖို့ အကောင်းဆုံးသန့်စင်ဆေးပါ။ ဆားရည်နဲ့ ပလုပ်ကျင်းပြီး လျှာကို သွားတိုက်တံနဲ့ မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပေးပါ။ အဲဒီနောက် ရေနဲ့ ပလုပ်ကျင်းပေးရုံပါပဲ။
၄။ နနွင်း
နနွင်းကို ဟင်းခပ်အမွှေးအကြိုင်အဖြစ် အသုံးပြုနိင်ရုံသာမက လျှာကို သန့်စင်ပေးဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ နနွင်းနဲ့ သံပုရာရည်အနည်းငယ်ကို ပျစ်လာတဲ့အထိ မွှေပါ။ ရလာတဲ့အနှစ်ကို လျှာပေါ်မှာ ၂ မိနစ်ကြာအောင် ပွတ်တိုက်ပေးပါ။ အဲဒီနောက် ရေနွေးနဲ့ ပလုပ်ကျင်းပေးပါ။
၅။ သွားတိုက်တံ
ခံတွင်းထဲက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကြောင့် လျှာပေါ်မှာ အဖြူတွေ ဖြစ်လာပါတယ်။ အဲဒီအခါ သွားတိုက်တံနဲ့ လျှာကို ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ သွားတိုက်တဲ့အချိန်မှာ လျှာကို တစ်ခါတည်း တိုက်ပေးလို့လည်း ရပါတယ်။
၆။ သဘာဝသန့်စင်ဆေးရည်
ချာမိုမိုင်း၊ ပူဒီနာ၊ ကလျာဏီတို့ကလည်း ခံတွင်းအတွက် သဘာဝသန့်စင်ဆေးရည်ပါ။ ချာမိုမိုင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပူဒီနာလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ကလျာဏီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဝက်သစ်ချခေါက်အနည်းငယ်တို့ကို ရေနဲ့ ရောပြီး ပွက်ပွက်ဆူလာတဲ့အထိ တည်ပါ။
အအေးခံပြီးနောက်မှာ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ပလုပ်ကျင်းပါ။ တစ်ရက်နှစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ခံတွင်းအနံ့ဆိုးတွေ သက်သာပြီး လျှာပေါ်မှာရှိနေတဲ့ အဖြူကွက်တွေလည်း ပျောက်ကင်းသွားမှာပါ။
၇။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကို ခံတွင်းကျန်းမာရေးအတွက်လည်း အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ခံတွင်းထဲက ဘက်တီးရီးယားတွေကို လျော့နည်းအောင် ပြုလုပ်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်ကို အနှစ်ရအောင်ပြုလုပ်ပြီး လျှာပေါ်မှာ ပွတ်တိုက်ပေးပါ။
၈။ လျှာခြစ်တံ
လျှာပေါ်က အဖြူရောင်အချွဲတွေကို ဖယ်ရှားဖို့အတွက် လျှာခြစ်တံကိုလည်း အသုံးပြုနိုင်ပါတယ်။ လျှာခြစ်တံမရှိတဲ့အခါမှာ စတီးဇွန်းတစ်ချောင်းကိုလည်း အသုံးပြုနိုင်ပါတယ်။
လျှာကျန်းမာရေးကို ဘယ်လိုဂရုစိုက်မလဲ။
လျှာက အရသာခံစားဖို့၊ စကားပြောဆိုနိုင်ဖို့၊ အစားအစာတွေ မျိုချဖို့အတွက် အရမ်းကို အရေးပါတဲ့အစိတ်အပိုင်းပါ။ လျှာကို အမြဲကျန်းမာနေအောင် သန့်သန့်ရှင်းရှင်းထားဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရေများများသောက်ပါ။
ရေဓာတ်ခမ်းခြောက်တဲ့အခါ လျှာပေါ်မှာ အဖြူရောင်အချွဲတွေ ဖြစ်ပေါ်လာစေမှာပါ။ အဲဒါကြောင့် လျှာကျန်းမာရေးအတွက် ရေကိုများများသောက်သင့်ပါတယ်။
၂။ ခံတွင်းကျန်းမာရေး
ခံတွင်းကျန်းမာရေးကို ဂရုစိုက်တဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေလည်း နည်းပါးလာမှာပါ။ အစားစားပြီးတဲ့အချိန်တိုင်းမှာ လျှာနဲ့ သွားကို သန့်ရှင်းတာ၊ အိပ်ရာမဝင်ခင်နဲ့ မနက်ခင်းပိုင်းမှာ အမြဲတမ်းသွားတိုက်တာက ခံတွင်းကျန်းမာရေးနဲ့ ပတ်သက်တဲ့ပြဿနာတွေကို ရှောင်ရှားပြီးသားဖြစ်စေမှာပါ။
၃။ ကျန်းမာရေးနဲ့ ညီညွတ်သောအစားအစာ
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များတဲ့အစားအစာ၊ ကယ်ဆီယမ်၊ ပရိုတိန်း၊ အမျှင်ဓာတ်တွေပါဝင်တဲ့အစားအစာတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးသာမက ခံတွင်းကျန်းမာရေးကိုလည်း ဂရုစိုက်ပေးပါတယ်။
Zombie (lovemedia)
0 Comments