ကလေးတွေမှာ ငယ်ငယ်ကတည်းက ရည်မှန်းချက်တွေ ရှိကြပါတယ်။ ကလေးတွေရဲ့ ရည်မှန်းချက်တွေ ပြည့်လာဖို့ မိဘတွေက အစွမ်းကုန်ဖြည့်ဆည်းပေးကြပါတယ်။
ကလေးတွေမှာလည်း ရည်မှန်းချက်ရှိပြီးမိဘတွေက စနစ်တကျပံ့ပိုးပေးနိုင်တဲ့အခါမှာ အနာဂတ်မှာ အောင်မြင်မှုတွေ ရလာမှာပါ။
၁။ ကလေးတွေ စိတ်ဝင်စားတဲ့အရာကို လေ့လာပါ။
အချို့သောမိဘတွေက သူတို့ဝါသနာပါတဲ့အရာတွေကို ကလေးတွေကို ပြုလုပ်ခိုင်းပြီး ကလေးတွေ စိတ်ပါဝင်စားတဲ့အရာတွေကိုတော့ သတိမမူမိကြပါဘူး။
သင့်ကလေးက ဘယ်လိုအရာတွေမှာ ပိုပြီး စိတ်အားထက်သန်လဲဆိုတာကို အချိန်ပေးပြီးတော့ လေ့လာကြည့်ပါ။ မေးခွန်းတွေ မေးပြီး ကလေးတွေပြောတာတွေ၊ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေအကြောင်းကို နားထောင်ပေးပါ။
၂။ ကလေးတွေကို လျှော့မတွက်သင့်ပါဘူး။
ကလေးတွေမှာ တစ်ခုခု အမှားအယွင်းအလွဲအချော်တွေ ရှိလာတဲ့အခါမှာ "မလုပ်နိုင်ဘူး။ မဖြစ်နိုင်ဘူး" ဆိုပြီးတော့ လျှော့မတွက်သင့်ပါဘူး။ ကလေးတွေကို အထင်သေးပြီးပြောမိတဲ့စကားတွေက သူတို့အတွက်တော့ အရမ်းစိတ်မကောင်းဖြစ်သွားမှာပါ။
ကလေးတွေက သူတို့စိတ်ဝင်စားတဲ့အရာတွေကို ပြုလုပ်ရင်းနဲ့ အရှုံးတွေ ကြုံရရင်တောင် အမြဲအားပေးနေသင့်ပါတယ်။ အောင်မြင်မှုကို ရဖို့ဆိုရင် အရှုံးရဲ့အရသာကိုလည်း ခံစားနိုင်ဖို့ လိုအပ်ပါသေးတယ်။
၃။ သီးသန့်နေရာပေးပါ။
ကလေးတွေမှာ စိတ်ပါဝင်စားတဲ့အရာတွေ ရှိလာပြီဆိုရင် သူတို့အတွက် ကိုယ်ပိုင်နေရာနဲ့အချိန် လိုအပ်လာပါပြီ။ သီးသန့်အခန်းပြုလုပ်ပေးတာ၊ တိတ်ဆိတ်တဲ့နေရာဖန်တီးပေးတာက သူတို့စိတ်ဝင်စားတဲ့အရာကို အေးအေးဆေးဆေးလုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။
ဒါမှမဟုတ် သူတို့စိတ်ဝင်စားတဲ့အရာနဲ့ပတ်သက်တဲ့နေရာတွေကို ခေါ်သွားပေးလို့လည်း ရပါတယ်။
၄။ သင်တန်းတွေနဲ့ ချိတ်ဆက်ပေးပါ။
နွေရာသီကျောင်းပိတ်ရက်တွေမှာ ကလေးတွေ စိတ်ဝင်စားတဲ့အရာတွေပေါ်မူတည်ပြီး ဘာသာစကားအသစ်သင်တန်း၊ coding သင်တန်း၊ အားကစားသင်တန်း စတဲ့သင်တန်းတွေမှာ အပ်ပေးတာက သူတို့ရဲ့အိပ်မက်ကို ပိုထင်ရှားလာစေမှာပါ။
စိတ်ဝင်စားတဲ့နယ်ပယ်နဲ့ပတ်သက်ပြီး ရွယ်တူတွေနဲ့လည်း ထိတွေ့ခွင့်ရသွားစေမှာပါ။ ဒါ့အပြင် သူတို့ရဲ့လမ်းကြောင်းကို ဘယ်လိုဆက်သွားရမလဲဆိုတာတွေလည်း အသိအမြင်တိုးလာဖို့ အခွင့်အရေးတွေ ရလာစေပါတယ်။
၅။ အတုယူဖို့ ပြောပါ။
ကလေးတွေက စိတ်ကူးထဲမှာ ပုံဖော်ရတာကို အားသန်ပါတယ်။ အဲဒါကြောင့် သူတို့စိတ်ဝင်စားတဲ့နယ်ပယ်မှာ အောင်မြင်မှုရသွားသူတွေအကြောင်းကို ပြောပြပါ။ အောင်မြင်လာဖို့အတွက် ဘယ်လိုကြိုးစားခဲ့ကြောင်း၊ ဘယ်လိုအရည်အချင်းတွေ ရှိထားသင့်ကြောင်းကို အားကျလာအောင် ပြောပြပေးနိုင်ပါတယ်။
၆။ အကောင်းမြင်စိတ်ကို ပျိုးထောင်ပေးပါ။
ကလေးတွေက သူတို့ရည်မှန်းထားတဲ့အောင်မြင်မှုကို မရတဲ့အခါမှာ စိတ်ဖိစီးမှုတွေကို အများကြီးခံရပါတယ်။ မိဘတွေရဲ့အားပေးမှုတွေက ကလေးတွေအတွက် စိတ်ဓာတ်တွေ ပြန်လည်တက်ကြွလာစေပါတယ်။
အကောင်းမြင်စိတ်နဲ့ ပြန်လည်ကြိုးစားချင်စိတ်ရှိအောင် ပြောပြပေးတဲ့အခါ အရင်ကထက် အရည်အချင်းတွေ ပိုတိုးတက်လာမှာပါ။ မိဘတွေရဲ့ယုံကြည်မှုကို ရရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း တိုးတက်လာမှာပါ။
၇။ ကလေးအတွက် အမြဲတမ်းဂုဏ်ယူပါ။
သင့်ကလေးက အောင်မြင်တာပဲဖြစ်ဖြစ်၊ အောင်မြင်မှုနဲ့ လွဲချော်သွားတာပဲဖြစ်ဖြစ် သူရဲ့ကြိုးစားအားထုတ်မှုအတွက် အမြဲတမ်းဂုဏ်ယူလိုက်ပါ။ ကလေးရဲ့ဘေးမှာ အမြဲတမ်းရပ်တည်ပြီး အားပေးပါ။ မိဘတွေက ကလေးတွေရဲ့အကြီးမားဆုံး ထောက်ပံ့သူ၊ အားပေးသူဖြစ်နေတာက သူတို့အတွက် ကံကောင်းခြင်းပါပဲ။
Zombie (lovemedia)
0 Comments