အဝတ်အစားတွေမှာ စွဲနေတတ်တဲ့ အစွန်းအမျိုးမျိုးကို ပြောင်စင်စေမယ့်နည်းလမ်း (၁၂) ခု

သင်အကြိုက်ဆုံးအဝတ်အစားမှာ အစွန်းတွေပေသွားရင် အရမ်းကို နှမြောစရာကောင်းမှာပါ။ အဲဒါကြောင့် သင့်အဝတ်အစားမှာ ဘယ်လိုအစွန်းတွေ ပေနေပါစေ၊ ဖယ်ရှားလို့ရနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မြေဖြူ

အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် ချွတ်ဖို့အတွက် ခက်ခဲပါတယ်။ မြေဖြူမှာပါဝင်တဲ့ ကယ်လ်ဆီယမ်က ဆီတွေကို စုပ်ယူနိုင်ပါတယ်။ ဆီစွန်းနေတဲ့အဝတ်အစားပေါ်ကို မြေဖြူနဲ့ ပွတ်တိုက်လိုက်ပြီး ၁၀မိနစ်ခန့်ထားပါ။ အဲဒီနောက် ပုံမှန်လျှော်နေကျအတိုင်း လျှော်လိုက်ရုံပါပဲ။

၂။ မုန့်ဖုတ်ဆိုဒါ

အဝတ်အစားတွေမှာ ကော်ဖီတွေစွန်းသွားခဲ့ရင် ရေနွေးနဲ့ အရင်ဆေးလိုက်ပါ။ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို အင်္ကျီပေါ်မှာ ပွတ်ပေးပါ။ ခဏကြာတဲ့နောက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။

၃။ သံပုရာသီး

အင်္ကျီမှာ ချွေးအစွန်းတွေက အဝါရောင်တွေအဖြစ် ပြောင်းလဲလာပါတယ်။ ချွေးကြောင့်ဖြစ်လာတဲ့အဝါရောင်အစွန်းတွေကို သံပုရာသီးနဲ့ ပွတ်တိုက်ပေးပါ။

၄။ နွားနို့

တစ်ခါတရံမှာ မင်တွေက ယိုပြီး အဝတ်အစားမှာ ပေကျံသွားတတ်ပါတယ်။ မင်စွန်းသွားတဲ့အင်္ကျီကို နွားနို့ထဲမှာ မိနစ် ၂၀ ခန့် ထည့်ပြီး စိမ်ထားပါ။ ပြီးနောက် မင်စွန်းနေတဲ့နေရာကို သွားတိုက်တံလေးနဲ့ သန့်ရှင်းပြီး လျှော်လိုက်လို့ရပါပြီ။

၅။ ရှာလကာရည်

အပင်နဲ့ သစ်ရွက်တွေကနေတစ်ဆင့် အဝတ်အစားတွေမှာ အစိမ်းရောင်အစွန်းတွေ ဖြစ်ပေါ်လာပါတယ်။ အဲဒီအခါ ပေစွန်းနေတဲ့အဝတ်အစားကို ရှာလကာရည်ထဲမှာ မိနစ် ၃၀ ခန့် စိမ်ထားပါ။ ပြီးနောက် ရေအေးနဲ့ ဆေးချပါ။ အစွန်းနေရာကို ဆပ်ပြာရည်နဲ့ပွတ်တိုက်ဆေးကြောပြီး လျှော်လိုက်လို့ရပါပြီ။

၆။ ရေနွေး

ဘယ်ရီသီးတွေကနေ ထွက်တဲ့အရောင်တွေက အဝတ်အစားမှာ စွန်းနေရင် ဖယ်ရှားရခက်ခဲပါတယ်။ ဘယ်ရီသီးစွန်းနေတဲ့အဝတ်အစားပေါ်ကို ရေနွေးပူလောင်းချပါ။ အဝတ်အစားမှာ ဘယ်ရီသီးစွန်းပြီး ၂၄နာရီအတွင်း ပြုလုပ်ရင်ပိုကောင်းပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အစွန်းချွတ်ဖို့ ပိုခက်ခဲလာလေပါပဲ။

၇။ မီးပူ

အဝတ်အစားမှာ ဖယောင်းတွေ ပေစွန်းသွားတဲ့အခါ အရင်ဆုံး ဓားနဲ့ ခြစ်ချလိုက်ပါ။ အဝတ်အစားပေါ်ကို စက္ကူပါးတစ်ထပ်ခင်းပြီး စက္ကူပါးပေါ်ကနေ မီးပူတိုက်လိုက်ပါ။ အဲဒီအခါ ဖယောင်းတွေက အရည်ပျော်လာပြီး စက္ကူမှာ သွားကပ်ပါတယ်။

၈။ ရှာလကာရည်

ချွေးနံ့ပျောက်ဆေးတွေကလည်း အချိန်ကြာလာရင် အဝတ်အစားတွေမှာ အစွန်းတွေ ဖြစ်လာစေပါတယ်။ အဲဒီအခါ ရှာလကာရည်ထဲမှာ တစ်နာရီခန့်စိမ်ထားပြီး လျှော်ပေးပါ။

၉။ ရှာလကာရည်

ခရမ်းချဉ်သီးတွေ ပေသွားတဲ့အဝတ်အစားအတွက်လည်း ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်ထဲမှာ စွန်းနေတဲ့အဝတ်အစားကို တစ်နာရီခန့်စိမ်ထားပြီး လျှော်လိုက်ရုံပါပါပဲ။

၁၀။ ပန်းကန်ဆေးဆပ်ပြာ

ရောင်စုံခဲတံတွေက အရောင်တွေ အဝတ်အစားမှာ စွန်းသွားပြီဆိုရင် ခပ်မြန်မြန်ဖယ်ရှားလိုက်ပါ။ ပန်းကန်ဆေးဆပ်ပြာရည်နဲ့ အင်္ကျီမှာ စွန်းနေတာတွေကို ပွတ်တိုက်ပြီး မိနစ်အနည်းငယ်စောင့်ပေးပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချပါ။

၁၁။ သံပုရာသီးနဲ့ ဆား

အဝတ်အစားမှာ မီးကျွမ်းရာတွေ ရှိနေရင်လည်း စိတ်ပူစရာမလိုတော့ပါဘူး။ မီးကျွမ်းရာတွေပေါ်မှာ ဆားဖြူးပြီး သံပုရာရည်ညှစ်လိုက်ပါ။ အဲဒီနောက် နေရောင်ခဏပြထားပြီး လျှော်လိုက်လို့ရပါပြီ။

၁၂။ အရက်ပြန်

မိတ်ကပ်နဲ့ နှုတ်ခမ်းနီတွေ အဝတ်အစားမှာ ပေစွန်းသွားခဲ့ရင် အရက်ပြန်နဲ့ ပွတ်တိုက်လိုက်ပါ။ အဲဒီနောက်  ပုံမှန်အတိုင်းလျှော်လိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments