ချစ်သူရည်းစားတွေကြားမှာ စကားများရန်ဖြစ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စဆိုပေမယ့် မကြာခဏရန်ဖြစ်လာတဲ့အခါမှာတော့ အချစ်တွေ လျော့ပါးလာမှာပါ။ ရန်ဖြစ်စကားများရတဲ့အကြောင်းအရင်းတွေကို ရှာဖွေကြည့်ပြီး ညှိနှိုင်းတဲ့အခါ ရန်ပွဲတွေက လျော့ပါးလာမှာပါ။
ရန်ဖြစ်တာတွေလျော့ပြီး အရင်လိုပြန်လည်နွေးထွေးလာစေဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ခံစားချက်တွေကို မျိုသိပ်မထားသင့်ပါဘူး။
တစ်ခါတရံမှာ အချို့ပြဿနာတွေက ဖြေရှင်းလိုက်မှ ပြီးဆုံးသွားတာပါ။ မဖြေရှင်းဘဲ မျိုသိပ်နေတာက တစ်ယောက်နဲ့တစ်ယောက်အကြား သံသယတွေ ပိုတိုးလာစေပါတယ်။ အဲဒါကြောင့် နှစ်ယောက်ကြားက စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေကို ဖုံးကွယ်မထားဘဲ အချိန်မကြာခင် မြန်မြန်ဖြေရှင်းသင့်ပါတယ်။
၂။ ပြဿနာတွေကို မဆွေးနွေးခင်မှာ စိတ်ကို တည်ငြိမ်အောင်ပြုလုပ်ပါ။
စိတ်မကြည်လင်နေတဲ့အချိန်မှာ အလျင်စလိုဆုံးဖြတ်ချက်တွေ မချသင့်ပါဘူး။ ဒေါသထွက်နေတဲ့အချိန်မှာ ပြောမိတဲ့စကား၊ အပြုအမူတွေက မှားနိုင်ချေအများဆုံးပါပဲ။ နှစ်ယောက်ကြားက ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းတော့မယ်ဆိုရင် အရင်ဆုံးစိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပါ။
၃။ စကားများရန်ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာဖွေပါ။
စကားများရန်ဖြစ်တဲ့အခါ အကြောင်းအရင်းကို မရှာဘဲ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်ရုံနဲ့ ပိုဆိုးလာဖို့ပဲ ရှိမှာပါ။ ရန်ဖြစ်နေတဲ့အချိန်အတွင်းမှာ အနိုင်ရလိုစိတ်နဲ့ အပြိုင်အဆိုင်ပြောဆိုတာက သင်တို့နှစ်ယောက်ကို ပိုမိုဝေးကွာသွားစေမှာပါ။ အဲဒါကြောင့် ရန်ဖြစ်ရတဲ့အကြောင်းအရင်းကို ရှာပြီး ပြဿနာကို လိုအပ်ချက်တွေကို ရှာဖွေပါ။
၄။ ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
ချစ်သူရည်းစားတွေကြားမှာ ရိုးသားမှုရှိဖို့က အလိုအပ်ဆုံးပါ။ တစ်ယောက်နဲ့တစ်ယောက် အမြဲလိမ်ညာနေရင် ယုံကြည်ဖို့ခက်လာမှာပါ။ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုတာက ရန်ဖြစ်ရတဲ့အကြိမ်အရေအတွက်တွေကို နည်းပါးသွားစေမှာပါ။
၅၊။ နားလည်မှုထားရှိပါ။
တစ်ယောက်နဲ့တစ်ယောက်အကြား နားလည်မှုမပေးနိုင်ရင် အမြဲလိုလိုရန်ဖြစ်နေမှာပါ။ ဒါ့အပြင် တစ်ဖက်ကရှင်းပြတာကို နားမထောင်ဘဲ တစ်ဖက်သတ်အပြစ်တင်နေတာကလည်း ဆက်တိုက်စကားများနေစေမှာပါ။
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှုပေးတဲ့အခါ ရန်ပွဲဆိုတာ ရှိလာမှာမဟုတ်ဘဲ အရင်လို ပြန်အဆင်ပြေလာမှာပါ။
၆။ စကားများတဲ့အခါ အနိုင်ရဖို့ကို ဦးစားမပေးသင့်ပါဘူး။
စကားများနေတဲ့အခါမှာ ချစ်တဲ့စိတ်တွေက လျော့သွားပြီး အနိုင်ရဖို့အတွက် နာကျင်စေတဲ့စကားလုံးတွေကိုပဲ သုံးမိနေမှာပါ။ အနိုင်ရဖို့အတွက် စွပ်စွဲတာ၊ နစ်နစ်နာနာပြောတာ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေက လမ်းခွဲရတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ အဓိကက ပြဿနာကို ဖြေရှင်းဖို့ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။
၇။ စိတ်ရှည်ပါ။
တစ်ခါတရံ စုံတွဲတွေအကြားမှာ ပြန်လည်အဆင်ပြေလာစေဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုအပ်ပါတယ်။ အမြဲတမ်းအသုံးပြုလာခဲ့တဲ့အကျင့်တွေက ချက်ချင်းပြင်ဆင်ဖို့ ခက်ခဲတာကြောင့် သူ့အတွက်လည်း အချိန်ပေးသင့်ပါတယ်။
စိတ်မရှည်တာတွေက မပြီးနိုင်တဲ့ရန်ပွဲတွေနဲ့ပဲ ဝမ်းနည်းနေရမှာပါ။ ကတိတွေထားတာ၊ လိုက်နာရမယ့်စည်းကမ်းတွေကို အတူတူချမှတ်တာတွေက စကားများရန်ဖြစ်တာတွေကို နည်းပါးလာစေမှာပါ။
၈။ အခြားသူတွေရဲ့အကူအညီကို ယူပါ။
သင်တို့နှစ်ယောက်ကြားက ပြဿနာတွေက ဘယ်လိုမှ ဖြေရှင်းဖို့ မလွယ်ကူတော့ဘူးဆိုရင်တော့ ကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။ အချို့သောကုထုံးတွေက ရန်ဖြစ်တာကို နည်းပါးစေပြီး အရင်ကထက်တောင် အချစ်တွေ ပိုလာဦးမှာပါ။
ဒါ့အပြင် သင်တို့နှစ်ယောက်ရဲ့အချစ်ရေးမှာ လိုအပ်နေတဲ့အချက်တွေ၊ ပြင်ဆင်သင့်တဲ့အချက်တွေနဲ့ ရှေ့ဆက်ပြီးပြုလုပ်သင့်တဲ့အချက်တွေကိုလည်း သိရှိလာနိုင်ပါတယ်။
Zombie (lovemedia)
0 Comments